အဆိုပါက သုတေသနေပြုခဲ့မှုအပေါ် ကရင်ပြည်နယ် အခြေစိုက် ငြိမ်းဖောင်ဒေးရှင်း၏ ညှိနှိုင်းရေးမှူး စောထက်ဝေယံကျော်အား ကေအိုင်စီက ဇွန် ၂၂ ရက်နေ့တွင် တွေ့ဆုံမေးမြန်းထားသည်။
ငြိမ်းဖောင်ဒေးရှင်းသည် အစိုးရမဟုတ်သော လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရုံးချုပ်ကို ရန်ကုန်တွင် ထားရှိကာ ကချင်၊ ကယား၊ ချင်း၊ မွန်၊ သျှမ်း(ရှမ်း)နှင့် ရခိုင် စသည့် ပြည်နယ်များတွင်လည်း ရုံးခွဲများ ထားရှိလျှက်ရှိကြောင်း သိရသည်။
မေး။ ကရင်ပြည်နယ် အခြေစိုက် ငြိမ်းဖောင်ဒေးရှင်းကနေပြီး ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအပေါ် သုတေသနအတွက် အချက်အလက် ကောက်ခံရတဲ့ ရည်ရွယ်ချက် ရှင်းပြပေးပါလား။
ဖြေ။ အဓိက ကျနော်တို့ရဲ့ ရည်ရွယ်ချက်က သုတေသနဆိုင်ရာ မူးယစ်ဆေးဝါး သုတေသနကို ကောက်ဖို့ထက် စာလို့ရှိရင် ပထမဆုံးအဆင့်အနေနဲ့ စီမံကိန်း ရည်မှန်းချက်ကို ပြောပြချင်ပါတယ်။ အဓိက ကျနော်တို့ ရည်မှန်းချက်ရဲ့ ရည်ရွယ်ချက်လေးက အကြောင်းအရာပေါ်မှာ အခြေခံတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဆိုင်ရာ သုတေသနပြုခြင်းနဲ့ လှုံ့ဆော်သွားပေးခြင်းအားဖြင့် နောင်လာမယ့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဌာနေတိုင်းရင်းသား လူမျိုးစုတွေရဲ့ သဘောထားဆန္ဒအမှန်တွေကို ထည့်သွင်းစဉ်းစား နိုင်ဖို့ပေါ့။ တနည်းပြောချင်တာက နောက်ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မူဘောင်နဲ့ မူဝါဒတွေ ချမှတ်တဲ့အခါမှာ ဒေသခံပြည်သူရဲ့ အသံကို ထည့်သွင်းစဉ်းစားပေးပြီးတော့မှ ရေးဆွဲဖို့ဆိုပြီး ကျနော်တို့ သုတေသန လုပ်ခြင်းနဲ့ လှုံ့ဆော်သွားပေးခြင်းကို လုပ်ဆောင်တာပေါ့။
မေး။ သုတေသန အချက်အလက်တွေကို ဘယ်လို ကောက်ခံခဲ့လဲ။
ဖြေ။ ကျနော်တို့က ဘယ်လိုမျိုး ပုံစံနဲ့ လုပ်ဆောင်လည်းဆိုတော့ ပထမဆုံးအနေနဲ့ ကရင်ပြည်နယ်မှာ ဒေသခံတွေရဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းအရာတွေ၊ အခက်အခဲတွေ ဘာရှိလဲဆိုတာ ကွင်းဆင်းလေ့လာတာပေါ့။ ကွင်းဆင်းလေ့လာတဲ့အခါ အများအားဖြင့် ပြောဖြစ်တာက မူးယစ်ဆေးဝါးက သူတို့ ကြံုတွေ့နေရတဲ့ အခက်အခဲတစ်ခုထဲက အကြီးဆုံးလို ဖြစ်နေတာပေါ့။ အဲဒါကြောင့်မို့ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လူထုရဲ့ အသံတွေ၊ သူတို့ ခံစားနေရတဲ့ အခက်အခဲတွေကို ကျနော်တို့က သုတေသနပြုသင့်တယ်ဆိုပြီးမှ ဒီမူးယစ်ဆေးဝါးဆိုင်ရာ သုတေသနကို လုပ်ဖြစ်သွားတာ ဖြစ်ပါတယ်။
မေး။ ကရင်ပြည်နယ်အတွင်းက ဘယ်နယ်ထဲကို ကွင်းဆင်းလေ့လာခဲ့သလဲ။
ဖြေ။ ကရင်ပြည်နယ်မှာ ကျနော်တို့ (၄)မြို့နယ် လုပ်ဆောင်ခဲ့တယ်။ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ လှိုင်းဘွဲမြို့နယ်နဲ့ ဖားအံမြို့နယ်တို့ပဲ ဖြစ်ပါတယ်။ လုပ်ဆောင်တဲ့ ကာလအနေနဲ့ ပြောမယ်ဆိုရင် ၂၀၁၆၊ နိုဝင်ဘာ၊ ဒီဇင်ဘာကနေ ၂၀၁၇၊ ဇန်နဝါရီလအထိ စစ်တမ်းကောက်ယူခဲ့တာပေါ့။ အဲလို ကျနော်လုပ်ဆောင်တဲ့ နေရာမှာ ဦးတည်အုပ်စုအနေနဲ့ ကျနော်တို့ထားပြီးတော့ လုပ်ဆောင်တာ ရှိတာပေါ့။
ဦးတည်အုပ်စုကို ပြောရမယ်ဆိုရင် ကျောင်းသားလူငယ်ထုပေါ့။ ကျောင်းသားလူငယ်ထုလို့ ပြောတဲ့ နေရာမှာလည်း အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ပညာသင်ကြားနေတဲ့ ကျောင်းသားတွေထဲမှာ စစ်တမ်းကောက်တာ ရှိတယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်းကြားထဲမှာလည်း ကောက်ခံတယ်။ နောက်တစ်ခုက အစိုးရဝန်ထမ်းပေါ့။ အစိုးရဝန်ထမ်းလို့ ပြောမယ်ဆိုရင် ဌာနတွေကို ပြောတာ မဟုတ်ဘဲနဲ့ ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်း၊ ကျန်းမာရေးပညာရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း၊ အဲဒီဝန်ထမ်းတွေအပေါ်မှာ ကျနော်တို့တွေ့ဆုံပြီးတော့ ကျနော်တို့ တွေ့ဆုံမေးမြန်းခဲ့တာတွေ ရှိတယ်။ နောက်တစ်ခုက နိုင်ငံရေးပါတီတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေပေါ့။ သူတို့ကို ကျနော်တို့ တွေ့ဆုံမေးမြန်းခဲ့တယ်။ ထို့နည်းတူပဲ ဒေသခံပြည်သူ ရွာသူရွာသားတွေပေါ့။ နောက်တစ်ခု ကောက်ခံသင့်တဲ့ အုပ်စုတွေထဲမှာ ပါဝင်တာကတော့ အနုပညာရှင်တွေပေါ့။ အနုပညာထဲမှာ လှုပ်ရှားနေတဲ့ အုပ်စုတွေထဲမှာလည်း ကောက်ခံခဲ့တာ ရှိပါတယ်။
မေး။ အဲသလို အချက်အလက် ကောက်ခံတဲ့အခါ တွေ့ဆုံခဲ့တဲ့သူတွေနဲ့ အတွေ့အကြံုလေးတွေ ပြောပြပေးပါလား။
ဖြေ။ တွေ့ဆုံတဲ့နေရာမှာ နည်းစနစ်အတိုင်း တစ်ယောက်စီ တွေ့တာ ရှိသလို၊ အုပ်စုဖွဲ့ပြီးတော့မှ တူရာတူရာကို ဖွဲ့ပြီး စကားဝိုင်းလေးဖွဲ့ပြီး တွေ့ဆုံမေးမြန်းခဲ့တာလည်း ရှိတာပေါ့။ တစ်ယောက်စီ မေးတဲ့အခါမှာတော့ အများအားဖြင့် ရင်းနှီးတဲ့သူတွေ ဆိုလို့ရှိရင် နည်းနည်းပွင့်ပွင့်လင်းလင်း ပြောတာပေါ့။ တချို့ဆရာ၊ ဆရာမတွေ ဆိုလို့ရှိရင်လည်း သူတို့ရဲ့ ဖြစ်တည်ရတဲ့ ခံစားချက်တွေက တအားများတယ်။ တချို့မိဘတွေ ကလည်း တကယ်ပဲ ခံစားနေရတဲ့ အခါကျတော့ အပွင့်လင်းဆုံး ပြောတယ်။ တခါတခါဆိုရင် သူတို့ ခံစားရတဲ့ဟာတွေ ပြောတဲ့အခါ Emotion (စိတ်ခံစားမှု)လည်း ပါတာပေါ့။ အဲလို ကြံုတွေ့ခဲ့ရသလို တချို့ကျတော့လည်း ထိန်းထိန်းသိမ်းသိမ်းပြောတာပေါ့။ ထိန်းသိမ်းတယ်ဆိုတဲ့နေရာမှာ သူတို့ကလည်း ကြိုက်တာတော့ မဟုတ်ဘူး။ အန္တရာယ်လို့ ပြောမလား။ သူတို့ရဲ့ အခက်အခဲပဲ ဆိုရမှာပေါ့။
တချို့မေးလို့ မရတဲ့ အပိုင်းမှာလည်း ရှိတာပေါ့။ ဥပမာ- ကျနော်တို့မေးတာ ဒီဒေသမှာ မူးယစ်ဆေးဝါး သုံးတဲ့သူ ရှိသလား။ သင့်အိမ်နားမှာ ရှိသလား။ သင့်ဆွေမျိုးထဲမှာ ရှိသလား။ အဲလိုမေးတဲ့အခါ ယေဘုယျ ဆန်ဆန်ပဲ ဖြေကြတာပေါ့။ တချို့လူငယ်တွေကို သင်ကိုယ်တိုင် မူးယစ်ဆေးဝါး သုံးဖူးသလား မေးတော့ မသုံးဖူးဘူး။ ဒါပေမယ့် သူတို့ သူငယ်ချင်းကြားထဲမှာ သုံးတဲ့သူ ရှိသလား မေးတော့ ရှိတယ်လို့ ဖြေတယ်။ အဲလို အခြေအနေမျိုးမှာ သုတေသန ကောက်ရတာ ကတ်သီးကတ်သတ် ဖြစ်တာပေါ့။ သူငယ်ချင်းကသုံး သူက မသုံးဘူးဆိုတော့ စဉ်းစားရတာပေါ့။ ဒါပေမယ့် အဓိက အဲဒီအချက်ကို လိုချင်တာ မဟုတ်ဘူး။ သို့သော်လည်း ပြန်သုံးသပ်လို့ ရတာပေါ့။ မူးယစ်ဆေးဝါး ပေါများတဲ့ အခြေအနေရယ်၊ တချို့ သူတို့ေပြောရမှာ ဝန်လေးတာရယ်ပေါ့။ တချို့မိဘတွေက သားသမီး သုံးနေတာတောင်မှ ဖမ်းဆီးရေးတွေ ဖြစ်မလား။ ကျနော်တို့အပေါ်မှာ ယုံကြည်မှုက လိုတာပေါ့။ တော်တော်လေးကို ရှင်းပြရတာလည်း ရှိတယ်။
မေး။ လေးမြို့နယ်ထဲမှာ အချက်အလက် ကောက်ခံတဲ့အခါ လူတွေ စိတ်ကြွဆေး ဘယ်လောက်ထိ ဆိုးဆိုးဝါးဝါး သုံးစွဲတာ တွေ့ရလဲ။
ဖြေ။ ကျနော်တွေ့ရှိရတာက လေးမြို့နယ်စလုံး သူမသာ၊ ကိုယ်မသာပါပဲ။ အကုန်လုံးက အဆိုးဘက်မှာပဲ များတယ်။ မူးယစ်ဆေးဝါး မြင်ဖူးသလားလို့ မေးရင်၊ မြင်ဖူးမှု အခြေအနေမှာတောင်မှ (၇၀)ရာခိုင်နှုန်း ကျော်က တွေ့ဖူးကြတယ်။ ဆိုလိုတာက သူတို့ကိုယ်တိုင် မသုံးဖူးရင်တောင် မူးယစ်ဆေးဝါးနဲ့ ရင်းနှီး နေတာပေါ့။ စစ်တမ်းကောက်တဲ့အခါ လူအယောက် (၂၀၀)ကို အခြေခံပြီးတော့ ကောက်ခံခဲ့တာပေါ့နော်။ ၂၀၀ မှာ ရ၀ ရာခိုင်နှုန်းဆိုတော့ ဒါလည်း နည်းတဲ့ အခြေအနေလည်း မဟုတ်ဘူးပေါ့နော်။
ကျောင်းသားထုကြားထဲမှာဆို ပိုပြီးတော့ ဆိုးတာပေါ့။ မေးရင် တွေ့ဖူး၊ မြင်ဖူးတာ များတာပေါ့။ ၆၀ ရာခိုင်နှုန်းက လွယ်လွယ်ကူကူ မူးယစ်ဆေးဝါးကို ဝယ်လို့ရယ်တယ်လို့ ဖြေတယ်။ သုံးစွဲနေတဲ့ အခြေအနေမှာ ရှိတယ်လို့ ဖြေကြတာပေါ့။ ဆိုတော့ လူ ၁၀ ယောက်မှာ ၆ ယောက်က သုံးစွဲတယ်ပေါ့။ ဒါကို ကြည့်ရင် ကျနော်တို့ရဲ့ ပတ်ဝန်းကျင်က တော်တော် အခြေအနေဆိုးတယ်လို့ ပြောလို့ ရတယ်။
မေး။ သုတေသန ကောက်ခံတဲ့အခါမှာ ဘာအခက်အခဲတွေ ကြံုတွေ့ခဲ့ရတာ ရှိလဲ။
ဖြေ။ လုပ်ငန်းသဘောအရ သွားလာရတာကတော့ အခက်အခဲ မရှိပါဘူး။ ဒါပေမယ့် အခက်အခဲအနေနဲ့ ပြောမယ်ဆိုရင် ကျနော်တို့က တွေ့ဆုံတဲ့ အခါမှာကျတော့ တချို့ဒေသမှာ စကားဝိုင်းဖွဲ့ပြီး လုပ်ချင်တယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြောမယ်လို့ ပြောရင် လာကြဖို့ တော်တော်တွန့်တယ်။ ကြာအင်းဆိပ်ကြီး ဘက်ကို ကျနော်ပြောကြည့်မယ်။ ကျနော်တို့ ဆွေးနွေးပွဲလုပ်ပြီး ပြန်သွားရင်တောင် ဒီဆွေးနွေးပွဲမှာ ငါတို့ ပါတယ်လို့ အပြင်ကို မပြောပါနဲ့တဲ့။ ဒါပေမယ့် စကားဝိုင်းမှာတော့ သူတို့ ပွင့်ပွင့်လင်းလင်း ပြောကြပါတယ်။ နောက်ပြီး သူတို့က ကျနော်တို့ကို သတိပေးတာ ရှိတယ်။ နင်တို့ သွားတာ ဒီထက် ကျော်ပြီး ဆက်မသွားဖို့၊ အန္တရာယ်ရှိတယ်ပေါ့။ လုံခြံုရေးကလည်း ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူးပေါ့။
မေး။ အချက်အလက် ကောက်ခံတဲ့ သူတွေအထဲမှာ အထူးသဖြင့် အစိုးရ ဝန်ထမ်းတွေက ဘာပြောလဲ။
ဖြေ။ အစိုးရဝန်ထမ်းလို့ ပြောလို့ရှိရင် ပညာရေးကော၊ ကျန်းမာရေးကော ခြံုပြီးတော့ ပြောလို့ ရှိရင် သူတို့လည်း မကြိုက်ဘူး။ သူတို့ ရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်က သာမန်ထက်စာရင် ပိုပြီးတော့ ဆိုးတာပေါ့။ ပညာရေး ဝန်ထမ်းလို့ ပြောရင် ကျောင်းဆရာ၊ ဆရာမတွေဆိုရင် ကျောင်းသားထုထဲမှာ သုံးစွဲတာ ရှိတဲ့အခါကျတော့ သူတို့လည်း စိတ်ညစ်တယ်။ ဘာလို့လဲဆိုတော့ သူတို့တိုင်လိုက်ရင်လည်း မိဘနဲ့ ပြဿနာဖြစ်မှာ တပိုင်း၊ ပညာရေးနဲ့ ပတ်သက်ပြီးလည်း ထိခိုက်သွားမလားပေါ့။ အဲဒီအထိကို ကျနော်တို့ ကြံုတွေ့ခဲ့ရတယ်။ နောက် ကြံုရတဲ့ အခြေအနေတစ်ခုက ဆရာမ တစ်ယောက်ဆိုရင် သူတို့ကျောင်းမှာဖြစ်တဲ့ အဖြစ်တွေ ပြည်နယ်အဆင့်မှာ တင်ပြတယ်။ ဒါပေမယ့် ပြည်နယ်က ကိုယ်တွယ်မရဲဘူး။ အဲလို အခြေအနေတွေ ရင်ဆိုင်ရတယ်။ ကျန်းမာရေးဝန်ထမ်းဆိုလည်း ထိုနည်းလည်းကောင်းပဲ၊ သူတို့ ရင်ဆိုင်ရတာက ဒီကိစ္စနဲ့ပတ်သက်ပြီး လာတဲ့ လူနာတွေ အများအားဖြင့် သူတို့ တွေ့ဖူးတော့ စိတ်ပျက်တာပေါ့နော်။
မေး။ သုတေသနလုပ်တဲ့ အချက်အလက်တွေကို စုစည်းပြီး ဘယ်လိုပြန်ပြီး ဆောင်ရွက်ခဲ့လဲ။
ဖြေ။ ကျနော်တို့ ရရှိလာတဲ့ အချက်အလက်တွေကို ပြည်နယ်လွှတ်တော်ရုံးကို သွားပြီး ကိုယ်စားလှယ်တွေကို တင်ပြတာပေါ့။ တင်ပြတဲ့ အပေါ်မှာလည်း အားလုံးခြံုပြီးတော့မှ အဓိက တွေ့ရှိချက်တွေရယ်၊ ပြီးတော့မှ ကျနော်တို့ အကြံပြုချက်တွေ၊ ပေါ်လစီတွေကို Recommendation (အကြံပြု ထောက်ခံချက်)ပုံစံနဲ့ တင်ပြတယ်။ ကျနော်တို့ တင်ပြတဲ့ တွေ့ရှိချက်၊ အကြံပြုချက်တွေအပေါ်မှာ အကုန်လုံးတော့ သူတို့ လက်ခံတယ်။ သို့သော် သူတို့မှာလည်း အခက်အခဲ ရှိတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်ကလည်း အားကောင်းမယ်လားတော့ မပြောတတ်ဘူး။ တစ်ခုရှိတာက ဥပဒေပြန်ပြုဖို့ဆိုရင်လည်း သူတို့အတွက် အခက်အခဲ ရှိမယ်။ ပညာရှင် လိုအပ်တဲ့ အပိုင်းလည်း ရှိလိမ့်မယ်။ ဒါပေမယ့် ဒီလိုမျိုး လုပ်ဆောင်မှုအပေါ် သူတို့ အားပေးတယ်။ အရပ်ဖက်အဖွဲ့တွေအနေနဲ့ ဒါတွေကို လုပ်ဆောင်ပေးပါ။ သူတို့ တင်ပြပေးမယ်ပေါ့။
ကျနော်တို့ သွားတင်ပြတဲ့အခါမှာ ရုံးမှာ ရှိတာက ပြည်နယ်လွှတ်တော် အမတ်တွေရယ်၊ ဝန်ကြီးတချို့လည်း ပါတယ်။ အားလုံး ၁၆ ဦးလောက် ရှိမယ်။ ပြောမယ်ဆို သူတို့လည်း ဒီဟာကို ရင်ဆိုင်နေရတယ်။ သူတို့ ပြန်ပြောတဲ့ဟာက ကျနော်တို့ တင်ပြတာထက် ဆိုးတယ်။ သူတို့လည်း လုပ်ဆောင်ဖို့က နည်းနည်းလေး အခက်အခဲ ရှိမလားတော့ မပြောတတ်ဘူး။ တစ်ခုရှိတာက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဥပဒေဟာ ၁၉၉၃ ခုနှစ်ကတည်းက ထုတ်ပြန်ပြီးတဲ့နောက် ၁၉၉၅ မှာတော့ နည်းဥပဒေတွေ ရေးဆွဲဖို့ လုပ်ဆောင်ခဲ့တယ်။ သို့သော်လည်း ဒီရေးဆွဲခဲ့တဲ့ အချိန်ကာလနဲ့ အခုအချိန်နဲ့ဆို သိပ်ပြီးတော့ update (ခေတ်နှင့်အညီ) တော့ မဖြစ်တော့ဘူးပေါ့နော်။ အဲဒါကို ပြန်လည်အသက်သွင်းပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ အဓိက ပြောချင်တာက နည်းဥပဒေပိုင်းဆိုင်ရာ အားကောင်းဖို့ လိုအပ်တာပေါ့။
နောက်တစ်ချက်ရှိတာက ကြာအင်းဆိပ်ကြီးဘက်မှာဆိုရင် လွှတ်တော်အမတ်တစ်ယောက်က သူကိုယ်တိုင် ပြောတာက သူတို့လည်း ဘယ်လိုလုပ်ရမလဲတောင် ကျနော်တို့ကို ပြန်မေးရတဲ့ အခြေအနေမှာ ရှိတယ်။ အကြံပြုချက်အနေနဲ့ ကျနော်တို့ တင်ပြတာက ဒီလို ကိစ္စမျိုးမှာ ဥပဒေတွေ၊ နည်းဥပဒေတွေ မထုတ်နိုင်ရင် တောင်မှ ရှိပြီးသားဟာတွေကို လုပ်ဆောင်နဲ့နေရာမှာ အမိန့်ကြော်ငြာပုံစံမျိုးနဲ့ ထုတ်ပြန်ပြီး ပြည်နယ် အတိုင်းအတာနဲ့ လုပ်ဆောင်ပြီးတော့မှ လုပ်လို့ ရမယ်လို့ သူတို့ကို တင်ပြခဲ့တဲ့ အပိုင်းတွေ ရှိတယ်။ တချို့အရာတွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တားဆီးမှုအပိုင်းမှာ ဗဟိုကနေပဲ ညွှန်ကြားတယ်လို့ ကြားသိနေရတဲ့အခါကျတော့ တချို့အောက်ခြေမှာ လုပ်ရတဲ့ အနေအထားမှာလည်း အခက်အခဲအနည်းငယ် ရှိမှာပေါ့။
မေး။ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး တကယ်ထဲထဲဝင်ဝင် ကိုယ်တွယ်ဖြေရှင်းမယ့် အဖွဲ့အစည်းတွေ မရှိသလောက်ဖြစ်တာ ဘာကြောင့်လဲ။
ဖြေ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် ထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်တယ်။ ကျနော်တို့ သုတေသနအရဆိုလို့ရှိရင် ဒီဟာက ငြိမ်းချမ်းရေးနဲ့လည်း ဆက်စပ်မှုက ရှိတာပေါ့နော်။ ဒီဟာကို ကိုယ်တွယ်ဖြေရှင်းမယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ ဒီငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ကာလမှာ ထိခိုက်သွားမှာလည်း စိတ်ပူတဲ့ အနေအထားလေးမှာလည်း ရှိတယ်။ ဒါက အစိုးရဘက် တာဝန်ရှိသူတွေကို ကျနော်ပြောချင်တာပေါ့။ ကိုယ်တွယ်ဖြေရှင်းတဲ့နေရာမှာ သူတို့လည်း အဲဒါကို စိုးရိမ်ပြီးတော့မှ နည်းနည်းလေး ဖြေလျှော့တာတွေ ရှိမလားပေါ့။ ထို့အတူပဲ အရပ်ဘက် လူမှုအဖွဲ့အစည်းပဲပြောပြော၊ တခြား လူမှုရေးအဖွဲ့အစည်းအနေနဲ့က သူတို့လည်းပဲ လုပ်တော့ လုပ်ဆောင်နေပါတယ်။ ကျနော်သိသလောက်ဆို မာဏလို အဖွဲ့အစည်းပေါ့။ သူတို့ လုပ်ဆောင်တဲ့ပုံစံက တားဆီးအရေးယူမှုတော့ သူတို့ လုပ်လို့ မရဘူး။ ပညာပေးလုပ်ငန်းတွေ လိုက်လုပ်တဲ့အပေါ်မှာပဲ ထင်ပါတယ်။ ငွေကြေးအခက်အခဲတွေ၊ နောက်တစ်ခု သူတို့ ရင်ဆိုင်ရတာက ငြိမ်းခြောက်မှုတွေ အဲလိုမျိုးတွေလည်း ရှိမယ်။
ဘာလို့လဲဆိုတော့ ကျနော်တို့ သုတေသန လိုက်လုပ်တဲ့ အချိန်မှာ သူ့ဒေသအလိုက် ဒီဟာကို တားဆီးကာကွယ်ဖို့အတွက် နေရာမှာ အချင်းချင်း ပြန်သတိပေးတာ ရှိတယ်။ အဖွဲ့အစည်းလိုက်တောင် မဟုတ်ဘူး၊ ကိုယ့်ရွာအရေးကို ကိုယ်လုပ်ဖို့တောင်မှ ခြိမ်းခြောက်ခံရမှုတွေ ရှိတဲ့ အခါကျတော့ အဖွဲ့အစည်းအနေနဲ့ ဒီဟာကို ကိုယ်မယ်ဆိုလို့ရှိရင် အဖွဲ့အစည်းအတွက် ဘယ်လောက် အာမခံချက်ရှိတဲ့ ဥပဒေတွေ ပြဌာန်းပြီးပြီလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် မရှိသလောက်ပါပဲ။ တကယ်တမ်းကျတော့ လူထုတွေအနေနဲ့ ဒီလောက် ဆိုးဝါးတဲ့ မူးယစ်ဆေးဝါးကိစ္စကို ဖြေရှင်းချင်တယ်။ ကိုယ်တိုင်ပါဝင်ပြီး ကူညီချင်တယ်။ သို့သော် လိုလောက်တဲ့ အကာအကွယ် ဥပဒေတွေ၊ နည်းဥပဒေတွေ မရှိတဲ့အခါကျတော့ ပါဝင်လာဖို့ အခက်အခဲရှိတယ်။
မေး။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရှေ့ဆက် ဘာတွေ လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ။ ကျနော်တို့ သုတေသနအရ ရရှိလာတဲ့ အချက်အလက်ပေါ် မူတည်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တင်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ ဘာလို့လဲဆိုတော့ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့ နေရာမှာ ဦးဆောင်တာက တပိုင်းပေါ့။ အဓိကတော့ ဥပဒေပိုင်းဆိုင်ရာ ပြောင်းလဲပေးဖို့ ဖြစ်ဖို့အတွက် ကျနော်တို့ တွန်းသွားမယ်။ ဆက်ပြီးတော့ lobby ပုံစံမျိုးနဲ့ပဲပြောပြောပေါ့။ ဌာနဆိုင်ရာတွေ၊ ဒီသက်ဆိုင်တဲ့ အစိုးရအဖွဲ့အစည်းတွေ၊ ပြီးတော့မှ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နောက် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါမယ့် အဖွဲ့တွေပေါ့။ ဆိုလိုတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါမယ်။ နိုင်ငံရေးပါတီအုပ်စုတွေ ပါမယ်။ သူတို့ကို ကျနော်တို့ ဝေမျှသွားမှာပေါ့။
မေး။ နောက်ထပ် ဘာများ အကြံပြုချင်လဲ။
ဖြေ။ လက်ရှိ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ကရင်ပြည်နယ်ကိုပဲ ပြောကြည့်မယ်။ ဒီဟာထဲမှာ ပါဝင်ဖို့က ကြောက်စရာကောင်းတဲ့ အခြေအနေမှာ ရှိတယ်။ လုပ်တဲ့သူတွေဟာ သာမန်လူတွေ မဟုတ်ဘူးလို့ လူတွေက ပြောကြတာပေါ့။ ဒီမူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုတွေ၊ ကုန်ကူးနေတဲ့ ဟာတွေက သာမာန် မဟုတ်ဘူးပေါ့။ အဲလို ရှိနေတဲ့ အခါကျတော့ ကြောက်ရွံ့ကြတယ်။ ပွင့်ပွင့်လင်းလင်း ပြောရင် ပါဝင် ပတ်သက်တဲ့ အဖွဲ့အစည်းတွေက ဒီလက်နက်ကိုင်ထားတဲ့ အဖွဲ့ပေါ့။ ဒီလက်နက်ကိုင်ထားတဲ့ အဖွဲ့လို့ ပြောတဲ့နေရာမှာ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးပေါ့။ အချင်းချင်း ချိတ်ဆက်ပြီးတော့မှ ပါဝင်ပတ်သက်မှုတွေ ရှိတော့ အန္တရာယ်ကြီးတယ်။ တကယ့်တကယ် ကျနော်တို့က လုပ်ဆောင်သင့်တဲ့ ဟာက သူတို့က ဒီမူဝါဒပိုင်းဆိုင်ရာအရ တွန်းအားပေးပြီး ဖျောက်ဖျက်ရမယ့်အစား အောက်ခြေမှာ ပါဝင်ပတ်သက်နေတဲ့ အခါကျတော့ ခက်ခဲတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အကူအညီတောင်းချင်တာက သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ ဒီကိစ္စကို ပူးပေါင်း လုပ်ဆောင်ပေးဖို့ရယ်။ အပွင့်လင်းဆုံး ပြောရရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရယ်၊ အစိုးရတာဝန်ရှိသူတွေရယ်၊ ပြည်သူရယ်ပါ ပူးပေါင်း လုပ်ဆောင်မှသာ ဖြေရှင်းလို့ရမယ်။
တဆက်တည်းမှာ ဒီမူးယစ်ဆေးဝါးဒဏ်ကို တကယ့်ခံနေရတာက လူငယ်ထုပါ။ ဒီဟာကို ပြန်ပြီး တည့်မတ်ပေးမလဲပေါ့။ ကျနော်အကြံပြုချင်တာက မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်တွေကို ရာဇဝတ်မှုအရ ထောင်ချတာ စတာတွေ အရေးယူမယ့်အစား ရပ်ရေးရွာရေးမှာ ဝိုင်းလုပ်ကိုင်တာ၊ ဒဏ်ကြေးပေးတာ၊ ဆေးတအား စွဲနေပြီဆိုရင်လည်း ဆေးပြတ်တဲ့ စင်တာလေးပဲဖြစ်ဖြစ် ကျန်းမာရေးပတ်သက်တဲ့ ဝန်ဆောင်မှုလေးတွေကို များများလုပ်ပေးဖို့ လိုတယ်။ ပြီးတော့ လူငယ်တွေ ဒီဟာကို စိတ်ဝင်စားမှု လျော့နည်းလာဖို့ လူငယ်စင်တာမျိုးဖန်တီးပေးပြီး သူတို့ စိတ်ဝင်စားတဲ့ အားကစားဘက်လား၊ အနုပညာ ဘက်လား တစ်ခုခုပေါ့။ ဒါမှမဟုတ် သူတို့ အသက်မွေးဝမ်းကျောင်းတစ်ခုခု စတာတွေ သင်ကြားနိုင်တဲ့ နေရာတစ်ခုခုပေါ့။ အစိုးရအနေနဲ့ အကောင်အထည် ဖော်ပေးသင့်ပါတယ်လို့ ပြောချင်ပါတယ်။