ကိုဗစ်မျိုးကွဲဖြစ်သော ကူးစက်မြန် အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်ကူးစက်မှုမရှိစေရန် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ကို အဓိကထားကာ သတိထားစောင့်ကြည့်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
“သတိထားပြီး ပြည်နယ်အတွင်းကိုမရောက်လာဖို့ စောင့်ကြည့်နေတယ်"ဟု ဦးလှသိန်းကပြောသည်။
အဓိကအားဖြင့် လေကြောင်းလိုင်းနှင့် နယ်စပ်ဘက်မှ ခိုးဝင်ခိုးထွက်များ၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို မပြတ်စောင့်ကြည့်နေကြောင်း ၎င်းကဆိုသည်။
ယမန်နေ့က စစ်တွေမြို့မှ လေကြောင်းခရီးစဉ်ဖြင့်လိုက်ပါမည့် ခရီးသည်များကို ကိုဗစ်စစ်ဆေးရာတွင် ခရီးသည် ၇ ဦး၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
နိုဝင်ဘာလ ၃၀ ရက်ကလည်း စစ်တွေမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်ပြီးပြန်လာသူ ၉ ဦးနှင့် လေကြောင်းခရီးစဉ်လိုက်ပါမည့် ခရီးသည်သူနှစ်ဦးတို့ထံ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
ရခိုင်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိသူများ ရှိလာသဖြင့် ကိုဗစ်စည်းကမ်းများကို တင်းကျပ်စွာကိုယ်တွယ်ရန်လိုအပ်လာကြောင်း ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့စည်းများမှ ထောက်ပြပြောဆိုကြသည်။
လက်ရှိတွင် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းအပါအဝင် ကိုဗစ်စည်းကမ်းများကို ဂရုစိုက်မှု အားနည်းလာနေကြောင်း ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူကပြောသည်။
“ပေ့ါလျော့မှုတွေမရှိဖို့အတွက် အစိုးရကလည်း ကိုင်တွယ်မှုကို ဒီထက်တင်းတင်းကျပ်ကျပ်လုပ်ဆောင်ဖို့လိုတယ်။ ပြည်သူလူထု တစ်ယောက်ချင်းစီအနေနဲ့လည်း အလေးထားပြီး ကျန်းမာရေးဌာနက ကိုဗစ်စည်းကမ်းနဲ့အညီနေထိုင်ဖို့ ထုတ်ပြန်ထားချက်တွေကို ဂရုစိုက်ဖို့လိုတယ်။ လက်ရှိအနေအထားက နှစ်ဦးနှစ်ဖက်ကြားမှာ တာဝန်ယူမှုက အရမ်းကိုအားနည်းနေတာကိုတွေ့ရတယ်”ဟု ဒေါ်စောစံငြိမ်းသူကပြောသည်။
ကိုဗစ်ရောဂါကို ကာကွယ်ရန်အတွက် လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့ကို ယခုထက်ပို၍ တင်းတင်းကျပ်ကျပ်လုပ်ဆောင်သင့်ကြောင်း ရခိုင်ပြည်နယ် ကိုဗစ်ရောဂါစောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုဇော်ထွန်းလှိုင်ကပြောသည်။
“အခုတောင်အာဖရိကနေစတဲ့ အိုမီခရွန်(Omicron)က မြန်မာနိုင်ငံကို လောလောဆယ်တော့ရောက်မလာသေးဘူး။ အနီးအနားနိုင်ငံတွေမှာတော့ရှိနေပြီ။ အဲဒီပိုးကလည်း ရောက်လာမယ်၊ မရောက်လာဘူးဆိုတာကို အတတ်ပြောလို့မရဘူး။ ပြည်သူတွေ ကိုဗစ်တတိယလှိုင်းလျော့ကျသွားပြီဆိုပြီး ပေါ့ဆစွာနေလို့မရဘူး။ အရင်လို နှာခေါင်းစည်း(Mask)တပ်တာ၊ လူစုလူဝေးရှောင်ရှားတာနဲ့ ပွဲလမ်းသဘင်တွေကျင်းပတာကို ကိုဗစ်စည်းကမ်းတွေနဲ့အညီ လုပ်သင့်တယ်လို့မြင်တယ်”ဟု ၎င်းကပြောသည်။
အိုမီခရွန်(Omicron) ကိုဗစ်မျိုးကွဲသစ်ကို တောင်အာဖရိကတွင်စတင်တွေ့ရှိခဲ့ပြီး လက်ရှိ နိုင်ငံပေါင်း(၂၁)နိုင်ငံ၌ ကူးစက်ခံရသူပေါင်း ၁၉၉ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ အိုမီခရွန်မျိုးဗီဇပြောင်းဗိုင်းရပ်စ် ဝင်ရောက်ကူးစက်မှုမရှိစေရေးအတွက် ရောဂါကူးစက်မှုရှိသည့်နိုင်ငံများမှ ဝင်လာသူများကို Quarantine ၁၄ ရက်ထားရှိရန်၊ RT–PCR ဖြင့်စစ်ဆေးရန်၊ Quarantine Center နှင့် ကုသရေးစင်တာများကို ကြိုတင်ပြင်ဆင်ရန်တို့ကို ဒီဇင်ဘာလ ၁ ရက်နေ့ကပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။