စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှာ နိုဝင်ဘာလမှ စာသင်ကျောင်းဖွင့်ပြီး စာသင်ကြားမှုတွေရှိခဲ့ပေမယ့် တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ/မ (LT) တွေက ဒီလအတွက် လစာမရရှိသေးဘူးလို့ ဆရာ/မ အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ် ။
“ လစာကတော့ ရတယ်လို့ပြောတယ်။ အခုတော့မရသေးဘူး ၊ ကိုယ့်တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ/မချင်းတူတောင် သူတို့က TA ( Teacher assistant) ကိုယ်တွေ LT (Language Teacher) သူတို့တွေထုတ်ရတဲ့အချိန်မှာမထုတ်ရတော့ နည်းနည်းတော့ မျက်နှာငယ်သလိုလိုပါ့” ဟု ဗန်းမောက်မြို့နယ်က တိုင်းရင်းသားဘာသာသင်တဲ့ ဆရာမ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။
ဒီလိုလစာထုတ်လို့မရသေးတဲ့ကိစ္စကိုလည်း တိတိကျကျမသိရှိရသေးဘူးလို့ တိုင်းရင်းသားဘာသာသင် ဆရာ/မတွေက ပြောဆိုကြပါတယ်။
တိုင်းရင်းသားဘာသာတဲ့ ဆရာ/မတွေက အရင်က ဆရာမတွေကိုယ်တိုင်ထုတ်ယူလို့ရကြပြီး ဒါမှမဟုတ် လွဲစာနဲ့ လက်မှတ်ရေးထိုးပြီးထုတ်ယူလို့ ရတယ်လို့ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ကျောင်းအုပ် ဒါမှမဟုတ် တာဝန်ခံ တွေရဲ့ ထောက်ခံချက်နဲ့ ထုတ်ယူရမယ်လို့ဆိုပေမယ့်လည်း တိကျတဲ့အဖြေမဟုတ်သေးဘူးလို့ ဗန်းမောက်ရှမ်းနီစာယဉ်မှ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဗန်းမောက်မြိုန့ယ် ပညာရေးမှူးရုံးဘက်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး ။
ဒီနိုဝင်ဘာလကစပြီး တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ/မတွေကို တစ်လ (၆) သောင်းကျပ်နှုန်းတိုးမြင့်ပေးထားကြောင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနထံမှ သိရပါတယ်။