စစ်ကောင်စီ လက်အောက်ခံ နားရိုင်းပြည်သူ့စစ်အဖွဲ့က တအိမ်တယောက် မတက်မနေရ ခေါ်ပြီး လူသစ်စုဆောင်းကာ စစ်သင်တန်းပေးနေသည့် အတွက် နမ့်စန် ဒေသခံများ စိုးရိမ် ပူပန်နေကြသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အနီးရှိ နားရိုင်းပြည်သူစစ်အဖွဲ့သည် ဒေသခံ တိုင်းရင်းသားများဖြစ်သည့် ရှမ်း၊ လားဟူ၊ ဝ၊ တအောင်း(ပလောင်) တိုင်း ရင်းသား အိမ်ထောင်မိသားစု တစ်စုလျှင် တစ်ယောက်နှုန်းဖြင့် ယောက်ကျားလေးများသာမက မိန်းကလေး အချို့ကိုပါ စုဆောင်းခေါ်ယူမှုများရှိနေပြီး လူမပေးနိုင်လျှင် ငွေပေးနေရသည်ဟု ဒေသခံများက ပြောသည်။
“နားရိုင်းတို့ မတ်ကျန်း ပြည်သူ့စစ်တွေက ဘယ်လိုမှ ယုံလို့ရတဲ့ဟာတွေမဟုတ်ဘူး။ လူထုကို နိုင်စားနေတဲ့သူ တွေ ဆက်ကြေးကောက်ဖို့ပဲ သိတဲ့ဟာတွေ“ ဟု အသက် ၅၀ အရွယ် ဒေသခံ ပအို့ဝ်တိုင်းရင်းသားတစ်ဦး က ပြော သည်။
နားရိုင်းပြည်သူ့စစ်အဖွဲ့သည် လက်ရှိတွင် လူအင်အား ၃၀၀ ခန့်ကို စစ်သင်တန်းပေး အင်အားဖြည့်တင်းနေသည့် အတွက် ဒေသခံဌာနေ တိုင်းရင်းသားများက စိုးရိမ်ပူပန်နေကြသည် ဟု ပြောသည်။
လွိုင်လင်ခရိုင် ခိုလမ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ အရှေ့အလယ်ပိုင်းတိုင်းမှူးရုံးက ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF များကို တိုက်ခိုက်ရန်အတွက် ဒေသခံပြည်သူ့စစ်များကို အကူအညီ တောင်းခြင်းမျိုးရှိခဲ့၍ ယခုကဲ့သို့ အင်အားဖြည့်တင်းခြင်းဖြစ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြော သည်။
နားရိုင်းပြည်သူ့စစ်အဖွဲ့သည် ဒေသအတွင်းရှိ တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားပြီး အင်အား ၁၀၀၀ ကျော်ခန့် ရှိ သည်။
၁၉၉၆ ခုနစ်တွင် MTA (မုန်းတိုင်းတပ်မတော်) မှ လက်နက်ချပြီးနောက်တွင် နားရိုင်းပြည်သူ့စစ်အဖွဲ့အား ကိုဂျိုးဆန်းက ဦးဆောင်ပြီး၊ မတ်ကျိုင်း ပြန်သူ့စစ် ကို ဦးစိုင်းလူ ခေါင်းဆောင်ကာ စစ်အစိုးရမှ ပြည်သူ့စစ်အဖြစ် ပြန်လည် တာဝန်ခန့်အပ်ခဲ့သည့် အဖွဲ့များဖြစ်သည်။
နားရိုင်းအဖွဲ့ခေါင်းဆောင်များသည် မူးယစ်ဆေး အမှုဖြင့် ထွက်ပြေးခဲ့ရပြီး စစ်အစိုးရလက်ထက်တွင် ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် ဖြစ်လာကြသူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
လွိုင်လင်ခရိုင်တွင် နိုင်ငံတော် အေးချမ်းသာယာရေး အဖွဲ့ (နအဖ) စစ်အစိုးရလက်ထက်ကတည်းက ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ ၇ ဖွဲ့ ခန့်ရှိ သည်ဟု သိရသည်။
ဧပြီလ ၂၀ ရက်နေ့တုန်းကလည်း စစ်ကောင်စီ၏ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နမ့်စန်မြို့နယ်၊ ခိုလမ်အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာချုပ်တွင် ဒေသဖွံ့ဖြိုးရေးအတွက်ဟု ဆိုကာ ဒေသခံပြည်သူ့စစ်အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံပွဲကို မတ်ကျန်းပြည်သူ့စစ်၊ နားရိုင်းပြည်သူ့စစ်၊ ဟိုမိန်းပြည်သူ့စစ်၊ တိုင်းကောင်ပြည်သူ့စစ်၊ ဝမ်ပန် ပြည်သူ့စစ်၊ ကာလိပြည်သူ့စစ်နှင့် ဝမ်ဟတ်ပြည်သူ့စစ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။