မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၂၀ ရက်နေ့ထိ တစ်လအတွင်း အရပ်သားပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဖမ်ဆီးခံလိုက်ရတဲ့သူတွေဟာ အရင်က ဆန္ဒဖော်ထုတ်မှုမှာ ပါဝင်တာ၊ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်တာ၊ PDF တွေနဲ့ ဆက်သွယ်တာ၊ CDM ဝန်ထမ်းတွေကို ထောက်ပံ့တာ၊ ဒလန်သတ်တာနဲ့ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဖမ်ဆီးခံရလိုက်ရတဲ့ ပြည်သူတွေကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) အပြင် ပေါက်ကွဲမှု ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ပါ အရေးယူမှုတွေ ရှိလာခဲ့တယ်လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။
“ဒီ ကျွန်တော်တို့ အောက်တိုဘာလ (၁၉)ရက်နေ့ နောက်ပိုင်းမှာ ထပ်ဖမ်းနေတုန်းပဲ၊ အမှုသစ်လည်း ထပ်တက်နေတုန်းပဲ၊ ကျွန်တော်တို့ ပုံမှန် တရားရုံး အဆောက်အဦးမှာ မစစ်ဘူး ၅၀၅-က အပါအဝင် တခြား အမှုတွေကို ကျိုက်မရော ဗဟိုအကျဉ်းထောင်က သီးသန့် တရားရုံးမှာ စစ်တယ်၊ ၅၀၅-ကနဲ့ မဟုတ်ဘဲနဲ့ တခြား ဒီပေါက်ကွဲ ၅ တို့ အကြမ်းဖက် တို့နဲ့ စွဲတဲ့ အမှုတွေလည်း ထပ်ရှိတယ်”လို့ ရှေ့နေ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ပြည်သူတွေကို ပုဒ်မ အမျိုးမျိုးတပ်ပြီး အမှုဖွင့်လှစ်ထားကာ ရုံးထုတ် စစ်ဆေးချင်တဲ့ အမှုတွေကိုသာ ရုံးထုတ်စစ်ဆေးနေတဲ့အတွက်ကြောင့် ရုံးထုတ်စစ်ဆေးတာ မခံရတဲ့ ပြည်သူတွေအတွက် နစ်နာမှုတွေ ရှိနေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့သူတွေထဲမှာ NLD ပါတီက မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင် ပါ ပါဝင်လာခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ ဖမ်ဆီးထားတဲ့ အရပ်သားပြည်သူ ၄၀၀ ကျော်မှာ ၂၀၀ ကျော်ကို အောက်တိုဘာ ၁၉ ရက်နေ့က ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ၁၀၀ ကျော်ကို ထပ်မံ ဖမ်ဆီးခဲ့တာ ဖြစ်ပါတယ်။