ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ရေကြောင်း ရဲစခန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ကျည်ဆံထိမှန်ပြီး စစ်ကောင်စီ တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံထားရသူ ဆိုင်ကယ်သမား သေဆုံးသွားသည်ဟု မိသားစုနှင့် နီးစပ်သူ ဒေသခံများက ပြောသည်။
ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက် တဂေါင်းဘုရားလမ်းတွင် နေထိုင်သူ အသက် ၂၀ ကျော်ဝန်းကျင်ရှိ ဆိုင်ကယ် မောင်းသူ မောင်ဉာဏ် သည် နိုဝင်ဘာလ ၁၈ ရက်နေ့ (ယနေ့) နံနက်အစောပိုင်း ၁ နာရီကျော် အချိန်ခန့် က သေ ဆုံးသွားခြင်း ဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။
တဂေါင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက "သေသွားပြီလို့ မိသားစုကို ရဲကအကြောင်းကြားပြီး အလောင်း ကြည့်ဖို့ သူ့မိန်းမကို ရဲတွေလာခေါ်သွားတယ်" ဟု ပြောသည်။
ယနေ့ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသည့် မောင်ဉာဏ်သည် နိုဝင်ဘာလ ၁၆ ရက်နေ့က ပုသိမ်ရေကြောင်း ရဲတပ်ဖွဲ့စခန်းကို ဒေသခံ ပြောက်ကျား တပ်ဖွဲ့ခွဲတစ်ခုက ဝင်ရောက်တိုက်ခိုက်စဉ် နှစ်ဖက် အပြန်အလှန် ပစ်ခတ် ကြစဉ် ကျည်ဆန်ထိမှန်ခဲ့ခြင်း ဖြစ်သည်။
မောင်ဉာဏ်၏ ပေါင်တွင် သေနတ်ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိထား၍ ဆေးကုသပေးထားရသည်ဟု နိုဝင်ဘာ လ ၁၇ ရက်နေ့၊ နံနက်ပိုင်းက စစ်ကောင်စီ၏ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးရုံး လူမှုကွန်ရက် စာမျက်နှာတွင် ရေး သား ထားသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့ခံတစ်ဦးက "ပေါင်မှာဒဏ်ရာရထားလို့ ဆေးကုပေးထားတယ် ကြေညာပြီးမှ အခု သေသွားတယ်ဆိုတော့ စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ သေသွားတာ ဖြစ်နိုင်တယ်" ဟု ပြောသည်။
ပုသိမ်ခရိုင်မြို့ ပြပြောက်ကျားအဖွဲ့က မောင်ဉာဏ် သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့ (ယနေ့) မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ်၄ ရပ်ကွက်ကမ်းနားလမ်းရှိ ရေကြောင်းရဲစခန်းကို ပုသိမ်ခရိုင်မြို့ပြ ပြောက်ကျား အဖွဲ့က နိုဝင်ဘာလ ၁၆ ရက်နေ့က တိုက်ခိုက်ခဲ့ရာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်ကြစဉ် ဆိုင်ကယ်မောင်းသူ မောင်ဉာဏ် ကျည်ဆန်ထိမှန်ခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၁၆ ရက်နေ့က ပေါင်တွင်သေနတ် ဒဏ်ရာရရှိခဲ့ထားသည့် အသက် ၂၀ ကျော် ဝန်းကျင်ရှိ အမှတ် ၈ ရပ်ကွက်၊ တဂေါင်းဘုရားလမ်းနေ မောင်ဉာဏ် ဆိုသူသည် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် နှစ်ရက်အကြာတွင် သေဆုံးကြောင်း မိသားစုဝင်များကို အာဏာပိုင်များက ဆက်သွယ်လာခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် မိသားစုနှင့်နီးစပ်သူများက ဆိုသည်။
ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားသည့် နိုဝင်ဘာ ၁၆ ရက်နေ့ညကလည်း ပုသိမ်မြို့ပေါ်ရှိ အမှတ် ၆၊ ၇၊ ၈ နှင့် အမှတ် ၂ ရပ်ကွက်တို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးပြီးနောက် အမှတ် ၈ ရပ်ကွက်မှ လင်မယား ၂ ဦး နှင့် အမှတ် ၂ ရပ်ကွက်မှ လူငယ် ၁၀ တို့ကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။