ကျိုက်ထိုမြို့နယ်မှာ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

ကျိုက်ထိုမြို့နယ်မှာ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

ကျိုက်ထိုမြို့နယ်၊ မိုးဘောကျေးရွာအနီးဝန်းကျင်မှာ နိုငဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့KNLA တပ်မဟာ(၁)၊ တပ်ရင်း(၃)တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNLA တပ်မဟာ(၁)ထံက သိရပါတယ်။

ယနေ့မနက် ၈ နာရီကျော်ခန့်မှာ မိုးဘောကျေးရွာ နတ်စင်အနီးမှာ တစ်ကြိမ်၊ မနက် ၉ နာရီကျော်ခန့်မှာ မိုးဘောကျေးရွာ ဘုန်းကြီးကျောင်းအနီး ကွင်းပြင်မှာတစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က နယ်မြေကျော်ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေနေ မသိရဘူးလို့လည်း သိရပါတယ်။

"ဒီမနက် ၂ ကြိမ်ဖြစ်တယ်။ စကစဘက် တပ်မ ၂၂နဲ့တပ်မ ၄၄ တို့က လက်အောက်ခံ တပ်ရင်းတွေလို့ သိရတယ်။ တပ်ရင်းအမှတ်တွေတော့ သေချာမသိရသေးဘူး။ တိုက်ပွဲကြောင့် နှစ်ဖက်အထိခိုက်အခြေနေကိုတော့ မသိရသေးဘူး။စကစ ဘက်က ဒေသခံတွေကို မိုးဘော ဘုန်းကြီးကျောင်းမှာ သွားနေခိုင်းတယ်လို့တော့ သိရတယ်။

ထိခိုက်မှုအခြေနေကိုတော့ စုံစမ်းနေတုန်းဘဲ''လို့ KNLA တပ်မဟာ(၁)က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လတ်တလောအခြေနေမှာ စစ်ကောင်စီတပ်ဘက်က အင်အား ၂၀၀ ခန့်ဟာ မိုးဘောကျေးရွာမှာ တပ်စွဲနေထိုင်တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့KNLA တပ်မဟာ(၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားတယ်လို့ KNLA တပ်မ(၁)ထံက သိရပါတယ်။

Most read this week