မြောက်ဦးနန်းတော်ရာကုန်း တတိယတံတိုင်းဘေးကကွင်း ယာယီကားဂိတ်ပြုလုပ်မည်ကို သဘောထားကွဲလွဲနေ

မြောက်ဦးနန်းတော်ရာကုန်း တတိယတံတိုင်းဘေးကကွင်း ယာယီကားဂိတ်ပြုလုပ်မည်ကို သဘောထားကွဲလွဲနေ

မြောက်ဦးမြို့ နန်းတော်ရာကုန်း တတိယတံတိုင်းဘေးကကွင်းပြင်၌ ယာယီကားဂိတ်ပြုမည်ကို သက်ဆိုင်ရာဌာန၊ ဒေသခံများအချင်းချင်းကြားတွင် သဘောထားများကွဲလွဲနေကြသည်။

ယာယီကားဂိတ်ပြုလုပ်မည့်နေရာမှာ မြောက်ဦးမြို့နန်းတော်ရာကုန်း တတိယတံတိုင်းနှင့် ကုန်သွယ်တန်းလမ်းကြားရှိ မြေကွက်လပ်ဖြစ်ပြီး၊ နန်းတော်ရာကုန်းပေါ်တွင်မဟုတ်ကြောင်းနှင့် နန်းတော်ရာကုန်းဧရိယာနှင့်လွတ်ကင်းကြောင်း မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်ကပြောသည်။

“ကျနော်တို့က စေတနာနဲ့လုပ်ပေးတာပါဗျာ။ အခုလည်း ကားတွေကရပ်နေကြတော့ စနစ်တကျဖြစ်စေဖို့အတွက်လုပ်ပေးမှာပါ။ တကယ်တန်းဆိုရင် ကားတွေကို အဝေးပြေးကားဂိတ်မှာရပ်နားရမှာဖြစ်တယ်။ ဒါပေမဲ့ ကားသမားတွေအနေနဲ့ ခရီးသည် ကုန်တင်ကုန်ချစျေးနှုန်းတွေ ပိုပြီးတော့ကုန်ကျမယ်။ ခရီးသည်တွေလည်း ပိုပြီးတော့ကုန်ကျမယ်။ သွားလမ်းလာလမ်းအနေနဲ့လည်း အခက်အခဲတွေဖြစ်နေတဲ့အတွက် ကျနော်တို့က စနစ်တကျဖြစ်အောင်လုပ်ဖို့အတွက် ဆောင်ရွက်ပေးခြင်းပဲဖြစ်တယ်။ ဒါက ယာယီပဲလုပ်မှာဖြစ်ပြီး အခုလည်း ကျနော်တို့ကညှိနှိုင်းဆောင်ရွက်ဆဲအဆင့်ပဲရှိပါသေးတယ်။ လုပ်မယ်မလုပ်ဘူးဆိုတာကို ဆုံးဖြတ်ချက်မချရသေးဘူး” ဟု ဦးရွှေမောင်ကပြောသည်။

ယာယီကားဂိတ်ပြုလုပ်နိုင်ရန် ယခုလနိုဝင်ဘာလ ၂ ရက်နေ့က မြောက်ဦးမြို့တော်ခန်းမတွင် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကာ ယင်းအစည်းအဝေးတွင် မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ၊ ရှေး/သုဌာနမှတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ထွေ/အုပ်မှ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် ကား၊ သုံးဘီး၊ ဘေးတွဲ၊ ဆိုက္ကားသမားများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးရာတွင် ထောက်ခံသူများရှိသလို ကန့်ကွက်သူများရှိနေသည့်အတွက် ဆုံးဖြတ်မချနိုင်ခဲ့ကြပေ။ သို့သော် ကား၊ သုံးဘီး၊ ဘေးတွဲ၊ ဆိုက္ကားသမားများက ထောက်ခံခဲ့ကြသည်။

တတိယတံတိုင်းဘေးကကွင်း၌ ယာယီကားဂိတ်ပြုလုပ်၍ ရမရကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦး)သို့တင်ပြခဲ့ပြီး ရှေး/သုကခွင့်ပြုချက်ပေးခြင်းကြောင့် ယာယီကားဂိတ်ပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးလုပ်ကာ စီစဉ်နေခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်ကပြောသည်။

အဆိုပါယာယီကားဂိတ်နှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းဝင်းထံ DMG က ဆက်သွယ်မေးမြန်းရာ “နန်းရာကုန်းနဲ့ကားဂိတ်တွေနဲ့ လူစည်ကားနေတာဟာ မသင့်တော်ဘူးလို့ ကျနော်တို့မြင်ပါတယ်။ အဲ့ဒါကြောင့် ကားဂိတ်ကိုနေရာတစ်ခုခုကိုပြောင်းပြီးတော့ထားသင့်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်နဲ့ လွတ်ကင်းတဲ့နေရာတစ်ခုမှာ ပြောင်းပြီးတော့ထားရင်တော့ပိုပြီးတော့ အဆင်ပြေတာပေါ့နော်။ ဖြစ်စေချင်တယ်ဆန္ဒတော့ရှိတယ်။ တခြားနေရာသို့ ပြောင်းရွှေ့သင့်တာကြာပြီ။ မြောက်ဦးမြို့မှာက နေရာလည်းကျဉ်းတော့ လောလောဆယ်က ယာယီအနေနဲ့ တစ်နေရာတည်းမှာ တစ်စုတစည်းတည်း နန်းရာကုန်းနဲ့ နည်းနည်းဝေးတဲ့နေရာမှာလုပ်ရင်တော့ ပိုကောင်းပါတယ်။ နန်းရာကုန်းမှာက အိမ်ရာ၊ အဆောက်အအုံရော၊ ဆိုင်ခန်းတွေရော ဘာမှမရှိတာကအကောင်းဆုံးပေ့ါ။ အခုလည်း မြို့မိမြို့ဖတွေနဲ့ဆွေးနွေးပြီးတော့ လုပ်တာထင်ပါတယ်။ ကျနော်တို့လည်းမရှိတော့ အစည်းအဝေးမတက်လိုက်ရဘူး။ နန်းရာကုန်းမှာ ဖောင်ဒေးရှင်းတွေချပြီးတော့ လုပ်လို့တော့လုံးဝမရဘူးပေါ့။ အခုယာယီလုပ်မဲ့နေရာဟာ တခြားနေရာထက်စာရင်တော့ထားသင့်တယ်။ ဒါပေမဲ့လည်း မထားတာတော့အကောင်းဆုံးပေါ့နော်” ဟု ပြောသည်။

ယာယီကားဂိတ်ဆောက်လုပ်မည့်အပေါ် မြောက်ဦးဒေသခံ ဦးမောင်ရွှေတင်က “ဘယ်လိုအနေထားနဲ့ပဲကြည့်ကြည့် နန်းရာကုန်းမှာ ယာယီကားဂိတ်ပဲဖြစ်ဖြစ်၊ ထာဝရကားဂိတ်ပဲဖြစ်ဖြစ် စဉ်စားဖို့တောင် လုံးဝမသင့်တော်တဲ့ကိစ္စပါ။ အသိရှိတဲ့သူတိုင်းက အဲလိုပဲပြောကြမှာပဲ။ ဘယ်လိုမှလက်ခံလို့ မသင့်တော်တဲ့ကိစ္စပဲဖြစ်တယ်။ ရှေးဟောင်းယဉ်ကျေးမှုစံနှုန်းနဲ့ပဲတိုင်းတိုင်း၊ လူတွေရဲ့ ဗဟုသုတနဲ့ပဲတိုင်းတိုင်း ဘယ်လိုမှမဖြစ်သင့်ဘူး။ အခုလိုမျိုး တိုင်းသိပြည်သိ သတင်းတွေတက်လာတာကိုက လုံးဝမဖြစ်သင့်ဘူး။ ကားဂိတ်ထားလိုက်တော့ မြေတုန်ခါမှုတွေဖြစ်ပြီးတော့ ဆိုးတဲ့အကျိုးဆက်တွေဖြစ်သွားနိုင်တယ်။ တကယ်လို့ ကားဂိတ်ထားလိုက်လို့ရှိရင် အဲဒီနေရာမှာ အမှိုက်သရိုက်တွေကအစ စွန့်ပစ်ပစ္စည်းတွေကပိုပြီးများလာမယ်။ ဒီလိုမျိုးကားဂိတ်တွေထားလိုက်တော့ နောက်အကျိုးဆက်တွေ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာစဉ်းစားလို့ရတယ်”ဟု ပြောသည်။

စစ်တွေ-မြောက်ဦးပြေးဆွဲနေသည့် ကားသမား ကိုကျော်နိုင်ကလည်း ၎င်းတို့ကားသမားများအတွက် ကားဂိတ်နှင့်စျေးနီးသည်မှာ ပိုကောင်းကြောင်း၊ ခရီးသည်များအတွက်လည်း အဆင်ပြေမည်ဖြစ်ကြောင်း၊ အခြားတစ်ခုကကားများကို တစ်စုတစ်စည်းတည်း ရပ်နားစေသည်ကလည်း သပ်သပ်ရပ်ရပ်ဖြစ်စေကြောင်း၊ ခရီးသည်လမ်းသွားလမ်းလာသူများအတွက်လည်း အဆင်ပြေမည်ဖြစ်ကြောင်း၊ လူများအမြင်တွင်လည်း ရှင်းရှင်းလင်းလင်းဖြစ်သွားမည်ဖြစ်ကြောင်း၊ ကားများ၊ ဆိုင်ကယ်များ၊ ဘေးတွဲများကို လမ်းဘေးချရပ်ထားရခြင်းကြောင့် လမ်းသွားလမ်းလာများအတွက် လမ်းကြပ်တည်းနေကြောင်းနှင့် ယာဉ်မတော်တဆမှုများဖြစ်ကြကြောင်း DMG သို့ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅-၂၀၂၀ လွှတ်တော်သက်တမ်းမှာလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆိုပါနေရာတွင် ယာယီကားဂိတ်ပြုလုပ်ရန်စီစဉ်ခဲ့ကြသော်လည်း မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောနှင့် ဒေသခံများကန့်ကွက်မှုကြောင့် ကားဂိတ်ပြုလုပ်မည့်အစီအစဉ် ပျက်ပြယ်ခဲ့သည်။

ယခုပြုလုပ်မည့်ယာယီကားဂိတ်နေရာသည် ရခိုင်တို့၏ အထွက်အမြတ်ထားရှိရာ နန်းတော်ရာကုန်းနှင့် အလွန်းနီးစပ်ခြင်း၊ တတိယတံတိုင်းအပြင်ဘက်ကွင်းဆိုသော်လည်း နန်းတော်ရာကုန်းဧရိယာထဲတွင်ပါဝင်နေခြင်းကြောင့် အခြားမြို့နယ်များမှ ရခိုင်တိုင်းရင်းသားများက ပြင်းထန်စွာကန့်ကွက်နေသည်ကို ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုရေးသားဖော်ပြနေကြသည်ကို တွေ့ရသည်။

ယာယီဂိတ်ပြုလုပ်ရန် ဒေသခံများဖြင့်သဘောတူညီမှုရရှိပါက မြို့နယ်ထွေ/အုပ်မှတစ်ဆင့် ပြည်နယ်စစ်ကောင်စီသို့တင်ပြကာ အတည်ပြုချက်ရယူပြီးမှ လက်တွေ့အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ ကားဂိတ်ပြုလုပ်ခွင့်ရလျှင် ကားသမားများကို ကော်မတီဖွဲ့စည်းခိုင်းမည်ဖြစ်ပြီး ယင်းကော်မတီကပဲ ဂိတ်ကြေးကောက်ခံကာ ကားဂိတ်ကိုမြေဖို့ခြင်း၊ လမ်းများပြုလုပ်ပေးခြင်း၊ ခြံစည်းရိုးခတ်ခြင်းများကိုပြုပေးမည်ဖြစ်ပြီး စည်ပင်က ထဲထဲဝင်ဝင် ပါဝင်မည်မဟုတ်ကြောင်း မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်ကပြောသည်။

နန်းတော်ရာကုန်းတတိယတံတိုင်းဘေးရှိ ယာယီကားဂိတ်ပြုလုပ်မည့်မြေကွက်လပ်မှာ လွန်ခဲ့သည့်နှစ်များစွာက လူနေအိမ်များရှိခဲ့ပြီး ၁၉၉၅-၉၆ ခုနှစ်ခန့်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဦးပိုင်မြေဟုဆိုကာ လူနေအိမ်များကိုဖြိုဖျက်၍ မြေလွတ်အဖြစ်ထားရှိသည့်နေရာဖြစ်သည်။

ပလက်ဝတိုက်ပွဲအတွင်း ပစ်ချနိုင်ခဲ့သော ရဟတ်ယာဉ်ရှေ့တွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။  ဓာတ်ပုံ - 3 Brotherhood Alliance
November 12, 2024
အနောက်ပိုင်းတိုင်းစစ်ဌာနာချုပ် (နပခ) သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ ရဟတ်ယာဉ်များအား ပစ်ခတ်စဉ်...
November 12, 2024
ရခိုင်ဒေသအတွင်း စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ကိုယ်ဝန်ဆောင်မိခင်များမှာ...
November 11, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ဒေသတွင် သိန်းနှင့်ချီသည့် ပြည်သူများမှာ အိုးအိမ်စွန့်ခွာ...
November 11, 2024
ရခိုင်ဒေသတွင်း တိုက်ပွဲများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် အောက်တိုဘာလထိ နေရပ်စွန့်ခွာ...