ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကာလအတွင်းက မီးလောင်ပျက်စီးခဲ့သည့်နေအိမ်အများအပြား ဆောက်လုပ်ရန်ကျန်ရှိနေသေးကြောင်း သိရသည်။
၂ နှစ်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း ရခိုင်ကျေးရွာပေါင်း ၄၀ ခန့်နှင့် နေအိမ်စုစုပေါင်း ၁၀၀၀ ခန့် မီးရှို့ပျက်စီးခဲ့ရကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ကောက်ယူထားသည့် စာရင်းအရသိရသည်။
မီးလောင်ပျက်စီးရာတွင် ဘူးသီးတောင်မြို့နယ်မှ နေအိမ် ၁၆၃ လုံး၊ ကျောက်တော်မြို့နယ်မှ ၃၉၉ လုံး၊ ရသေ့တောင်မြို့နယ်မှ ၁၆၄ လုံး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၃ လုံးနှင့် မြောက်ဦးမြို့နယ်က ၂၀၉ လုံးနှင့် မင်းပြားမြို့နယ်က ၂၈ လုံးတို့ပါဝင်သည်။
လက်ရှိတွင် ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာ၊ မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာ၊ မင်းပြားမြို့နယ်မှ ဖားပြိုကျေးရွာတို့တွင် စစ်ကောင်စီမှ သိန်း ၅၀ တန်နေအိမ်များ ဆောက်လုပ်ပေးထားကြောင်း သိရသည်။
ယင်းသို့ ပြန်လည်ထူထောင်ရေးကို မျှတစွာလုပ်ဆောင်ပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဘော်စိန်ကပြောသည်။
“ပြန်လည်ထူထောင်ရေးကိစ္စမှာ မြောက်ဦးမြို့နယ်က လက္ကာကျေးရွာတို့မှာ သိန်းငါးဆယ်တန် နှစ်ထပ်တိုက်လေးတွေကိုဆောက်ပေးထားရင် အခြား IDPs စခန်းတွေမှာနေထိုင်နေကြတဲ့ ဒုက္ခသည်တွေအတွက်လည်း သူတို့ရဲ့နေရာထိုင်ခင်းတွေကို မျှမျှတတနဲ့ လုပ်ဆောင်ပေးဖို့လိုအပ်တယ်”ဟု ဦးရွှေဘော်စိန်ကပြောသည်။
ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခကြောင့် နှစ်နှစ်တာကာလမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင် ၂ သိန်းကျော်အထိရှိခဲ့ပြီး ပြည်သူအများအပြားမှာလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။
ဒေသခံပြည်သူများမှာ တစ်သက်သာစုဆောင်းထားသည့် ပစ္စည်းဥစ္စာများမှာလည်းပျက်စီးဆုံးရှုံးပြီး စစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည်အဖြစ်နေထိုင်ကြသည်မှာ ၂ နှစ်ကျော်ကြာမြင့်လာခဲ့ပြီသည်။
စစ်ဘေးရှောင်များမှာ နေရပ်သို့ပြန်လိုကြသော်လည်း မိုင်းအန္တရာယ်၊ နေထိုင်မည့်အိမ်မရှိခြင်း၊ လုပ်ကိုင်စားသောက်ရန်ခက်ခဲခြင်းနှင့် စစ်ပွဲကာလအတွင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရမှုများကြာင့် နေရပ်ပြန်ရေး အလှမ်းဝေးနေကြသည်။
မိမိနေရပ်တွင်နေထိုင်ကာ လုပ်ကိုင်စားသောက်လိုသော်လည်း နေအိမ်မရှိသဖြင့် နေရပ်ပြန်ရန်မဖြစ်နိုင်သေးကြောင်း ကျောက်တော်မြို့ နေပူခံစစ်ဘေးရှာင်စခန်းတွင်ခိုလှုံနေသည့် ပြိုင်းတိုင်းကျေးရွာမှ ဦးသိန်းထွန်းဦးကပြောသည်။
“ကျွန်တော်တို့ ဘယ်အချိန်ပြန်ရမယ်ဆိုတာကို မသေချာသေးဘူး။ ရွာမှာအိမ်တွေက အားလုံးမီးရှို့ခံရပြီးပျက်စီးသွားပြီ။ အသက်တစ်ချောင်းချမ်းသာရေး အဝတ်တစ်ထည်ကိုယ်တစ်လုံးနဲ့ပြေးရတယ်။ အခုစစ်ဘေးရှောင်စခန်းမှာ အခက်အခဲအမျိုးမျိုးနဲ့ နေထိုင်ရတယ်။ ရွာကိုပြန်ချင်ပေမယ့်ပြန်ဖို့မဖြစ်နိုင်သေးဘူး”ဟု ၎င်းကပြောသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လအတွင်းက ပြိုင်းတိုင်းကျေးရွာမီးရှို့ခံမှုကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ကျေးရွာသားထံမှ သိရသည်။
အလားတူ ကျောက်တော်မြို့နယ် တင်းမကျေးရွာတွင်လည်း အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးသွားကာ နေအိမ်များပြန်လည်ဆောက်လုပ်ပေးရန် ပြည်နယ်စစ်ကောင်စီထံတင်ပြထားသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာလုပ်ဆောင်ပေးခြင်းမရှိသေးကြောင်း တင်းမကျေးရွာမှ ဦးမောင်ထွန်းညွှန့်ကပြောသည်။
“ကျွန်တော်တို့ ပျက်စီးသွားတဲ့အိမ်ခြေစာရင်းကို တင်ပြထားတာကြာပြီ။ တင်ပြတုန်းကတော့ လုပ်ပေးမယ်၊ ပြင်ပေးမယ်ပြောဆိုခဲ့ပြီးတော့ ဒီနေ့ထိဘာမှလည်းထူးမလာဘူး။ အကုန်လုံးတိတ်ဆိပ်နေတယ်”ဟု ဦးမောင်ထွန်းညွှန့်ကပြောသည်။
ဒေသခံပြည်သူများ အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားသည့်ကိစ္စအပေါ် ယခင် NLD အစိုးနှင့် မြန်မာစစ်တပ်တို့တွင်တာဝန်ရှိကြောင်း ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များက ထောက်ပြပြောဆိုကြသည်။
ပျက်စီးသွားသည့်ကျေးရွာများနှင့် နေအိမ်များအတွက် ပြန်လည်ထူထောင်မှုလုပ်ငန်းသည် ၂၅ ရာခိုင်နှုန်းခန့်သာရှိသေးကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောသည်။
“ပြန်လည်ဆောက်လုပ်ပေးမှုမှာဆိုရင် သုံးလေးရွာလောက်ပဲရှိတယ်။ နောက်ထပ်တင်းမတို့၊ ပြိုင်းတို့၊ မုန့်သန်းပြင်တို့ စတဲ့ရွာတွေကို ပြန်လည်ဆောက်ပေးတာမရှိပါဘူး။ ရသေ့တောင်မြို့နယ်ဘက်ဆိုရင်လည်း မီးရှို့ခံရတာရှိတယ်။ ဒီဟာတွေနဲ့ပတ်သက်လို့ ကူညီပေးတာလည်းမရှိဘူး။ ထောက်ပံ့ပေးတာလည်းမရှိဘူး”ဟု ၎င်းကပြောသည်။
မီးလောင်ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်ထူထောင်ပေးမည့်အစီအစဉ်နှင့်ပတ်သက်လို့ ပြည်နယ်စစ်ကောင်စီကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ရပ်တန့်ခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစ၍ ယနေ့အချိန်ထိ နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင် တစ်သိန်းကျော်အထိရှိလာပြီဖြစ်သည်။ နေအိမ်မီးရှို့ခံရသည့်ကျေးရွာများမှ စစ်ဘေးရှောင်များမှာ ယနေ့အထိနေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရဆဲဖြစ်သည်။