မောင်ကျော်စွာ -- ဒီနေ့တစ်ပတ်ဆောင်းပါးကတော့ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ပထမနှစ် ပတ်နဲ့ တိုက်ဆိုင်နေတာမို့ “ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒနဲ့ အကြမ်းဖက်မှု”တို့အကြောင်းကို သုံးသပ်ရေးသားတင်ပြလိုပါ တယ်။
ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒနဲ့ အကြမ်းဖက်မှု ဆိုတဲ့ အကြောင်းအရာတွေဟာ တစ်ခုနှင့်တစ်ခု ဆက်နွယ်နေ တာမို့ တစ်ခုချင်း သီးခြားစီဖြစ်စေ၊ တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီးတော့ဖြစ်စေ သုံးသပ်တင်ပြသွားပါ့မယ်။
ရွေးကောက်ပွဲ
ပြည်သူအများစုက လိုလားတဲ့ အပြောင်းအလဲတစ်ရပ်ကို ရွေးကောက်ပွဲနည်းလမ်း (ဝါ) မဲပေးတဲ့နည်းနဲ့ အပြောင်းအလဲ လုပ်ရတယ်ဆိုတာ အင်မတန်မှ ငြိမ်းချမ်းလွယ်ကူတဲ့နည်းလမ်းတစ်ခုပါပဲ။ အဲဒီရွေးကောက်ပွဲနည်းလမ်း (ဝါ) မဲပေးတဲ့နည်းကတော့ ဖြစ်စဉ်အစအဆုံး (မဲဆွယ်ကာလ – မဲပေးတဲ့နေ့ရက် – မဲရလဒ်ကြေညာခြင်း – ရလဒ်နဲ့အညီ အပြောင်းအလဲ ပြုလုပ်ခြင်း) ဟာ ဖြောင့်မတ်တည်ကြည်ဖို့တော့ အခြေခံအားဖြင့် လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဖော်ပြပါဖြစ်စဉ်ထဲမှာ ပုံစံမျိုးနဲ့ ညစ်ပတ်မှု၊ ခြိမ်းခြောက်မှု စတဲ့လုပ်ရပ်တွေ တစ်နည်းနည်းနဲ့ ပါရှိနေမယ်ဆိုရင်တော့ ပြည်သူတွေလိုလားတဲ့ အပြောင်းအလဲဟာ လွယ်ကူချောမွေ့ပီပြင်စွာ ပေါ်ထွက်လာနိုင်မှာ မဟုတ်ပါဘူး။
ပြီးတော့ ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုဆိုတာ အကြွင်းမဲ့သန့်ရှင်းမှု၊ အကြွင်းမဲ့တရားမျှတမှုရယ်လို့ ဘယ် မှာမှ မရှိနိုင်ပါဘူး။ နှိုင်းယှဉ်ခြင်းအရသန့်ရှင်းမှုနဲ့ နှိုင်းယှဉ်ခြင်းအရတရားမျှတမှုသာ ရှိနိုင်ပါတယ်။ ညစ်ပတ်ခြိမ်းခြောက် မှုတွေ အလွန်များတဲ့ ရွေးကောက်ပွဲနဲ့ ညစ်ပတ်ခြိမ်းခြောက်မှုတွေ အင်မတန်နည်းပါးတဲ့ ရွေးကောက်ပွဲလို့ပဲ ယေဘုယျ အားဖြင့် ခွဲခြားနိုင်ပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ပြည်သူတွေအတွက် အမှတ်ထင်ထင်အဖြစ်ရဆုံး အထွေထွေရွေးကောက်ပွဲတွေရှိပါတယ်။ အဲဒါ တွေကတော့ ၁၉၆၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့် အမှတ်ထင်ထင် ဖြစ်ရသလဲဆိုတော့ ပထမအချက်က ပြည်သူတွေဟာ ဖိနှိပ်ခြိမ်းခြောက်မှုတွေအကြားကနေ သူတို့အသဲကြားက မဲတစ်ပြားကို သူတို့နှစ်သက်တဲ့ နိုင်ငံရေးပါတီကို ရဲရဲဝံ့ဝံ့ပေးခဲ့ကြလို့ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုတာ တစ်နည်းအားဖြင့် ပြည်သူ့ ဆန္ဒပြပွဲတစ်မျိုးပါပဲ။ ဒုတိယအချက်ကတော့ (၂၀၁၅ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှအပ) ကျန်ရွေးကောက်ပွဲ ၁၉၆၀ – ၁၉၉၀ – ၂၀၂၀ ပြည့် ရွေးကောက်ပွဲရလဒ် (ဝါ) တခဲနက် ပြည်သူ့ဆန္ဒတွေဟာ ဖျက်သိမ်းခြင်းခံရလို့ပါပဲ။
ပြည်သူတွေဟာ အင်မတန် ငြိမ်းချမ်းလွယ်ကူတဲ့နည်းနဲ့ သူတို့ရင်ထဲက ဆန္ဒကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသပေးအပ် ခဲ့ပေမယ့် ဖျက်ဆီးခြင်းခံခဲ့ကြရတယ်။ တစ်ကြိမ်တစ်ခါတည်း မဟုတ်။ သမိုင်းဖြတ်သန်းမှုထဲမှာ သုံးကြိမ်၊ သုံးခါတိတိ ကြုံခဲ့ကြရတယ်။ ပြည်သူတွေလက်နဲ့ ရေးသားဖော်ပြခဲ့တဲ့ တခဲနက်ဆန္ဒဟာ ခြေထောက်နဲ့ဖျက်ဆီးပစ်တာ ခံခဲ့ကြရ တယ်။ ဒီနေရာကနေ စပြီး “ပြည်သူ့ဆန္ဒ” အကြောင်းကို စတင် သုံးသပ်ပါ့မယ်။
ပြည်သူ့ဆန္ဒ
ပြည်သူတွေဟာ သူတို့ နှစ်သက်လိုလားတာကိုဖြစ်စေ၊ မနှစ်သက် မလိုလားတာကိုဖြစ်စေ လမ်းမပေါ်ထွက်တဲ့ နည်း သို့မဟုတ် မဲပေးတဲ့နည်းနဲ့ ဖော်ထုတ်ပြသလေ့ရှိပါတယ်။ ဒါကို ဆန္ဒပြတယ်လို့ခေါ်ပါတယ်။ ပြည်သူတွေက သူတို့ ဆန္ဒကို စတင် ဖော်ထုတ်တဲ့နည်းလမ်းက အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်းနည်းလမ်းပဲ ဖြစ်တယ်။ ရုန်းရင်းဆန်ခတ်ဖြစ်တာ တွေ၊ အကြမ်းဖက် ဖျက်ဆီးမှုတွေဆိုတာက အုပ်စိုးသူလူတန်းစားရဲ့ ထောက်လှမ်းရေးနဲ့ အဆွယ်အပွားက အကွက်ချ လုပ်ကြံဖန်တီးတာတွေပဲ ဖြစ်တယ်။ ဒီလိုလုပ်ရပ်၊ ဒီလိုနည်းလမ်းတွေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြပွဲတွေနဲ့ အရေးတော်ပုံ ကြီးတွေကို သရုပ်ဖျက်ဖို့နဲ့ အကြမ်းဖက်ချေမှုန်းဖို့ အာဘော်ဖန်တီးတာပဲဖြစ်တယ်။
“ထိန်းမနိုင်သိမ်းမရ ဆူပူအကြမ်းဖက်မှုတွေဖြစ်လာလို့ မလွှဲမရှောင်သာ ပစ်ခတ်ရပါတယ်” ဆိုတာ အုပ်စိုးသူ လူတန်းစားရဲ့ လုပ်ကြံလှည့်ဖြားပြောဆိုချက်ဖြစ်တယ်။ ဗိုလ်နေဝင်းရဲ့ “မိုးပေါ်ထောင်ပစ်တာ မပါဘူး – ပစ်ရင် တည့် တည့်ပစ်တယ်”၊ အကြမ်းဖက်သမား မင်းအောင်လှိုင် – စိုးဝင်း (စကစ) စစ်အုပ်စုက “ခေါင်းကို မှန်အောင်ပစ်” ဆိုတဲ့ စကားတွေဟာ လက်တွေ့သာဓကတွေပဲ ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် ဩဂုတ်လ၊ ဒီမိုကရေစီအရေးတော်ပုံကြီး (ရှစ်လေး လုံး)နဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဒီမိုကရေစီရေးတော်ပုံ(နွေဦး)တွေကို စစ်အုပ်စုက လူမဆန်တဲ့နည်းတွေ အကြမ်း ဖက် ဖြိုခွဲချေမှုန်းခဲ့ကြသလို ရစရာမရှိအောင် နည်းမျိုးစုံနဲ့ သရုပ်ဖျက်ခဲ့/ သရုပ်ဖျက်နေကြဆဲ မဟုတ်ပါလား။ ဒီနေရာ က စပြီး “အကြမ်းဖက်မှု”အကြောင်းကို စတင်သုံးသပ်ပါ့မယ်။
အကြမ်းဖက်မှု
“ပြည်သူ့ဆန္ဒ”အကြောင်း သုံးသပ်တင်ပြထားတဲ့အထဲမှာ “ပြည်သူတွေက သူတို့ဆန္ဒကို စတင်ဖော်ထုတ်တဲ့ နည်းလမ်းက အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်း နည်းလမ်းပဲဖြစ်တယ်”လို့ ကျနော် တင်ပြခဲ့ပါတယ်။ ဒါဟာ စကားနိုင်လုပြီး တစ်ဖက်သတ်အမြင်နဲ့ ငါ့စကားနွားရ တင်ပြတာ မဟုတ်ပါဘူး။ လူထုအစိတ်အပိုင်း ဆန္ဒပြပွဲတွေဖြစ်တဲ့ ကျောင်းသား သပိတ်၊ အလုပ်သမားသပိတ်၊ လယ်သမားသပိတ်၊ ဝန်ထမ်းပေါင်းစုံသပိတ်၊ ရဟန်းသံဃာတော်တွေပါဝင်တဲ့ သံဃာ သပိတ် (ဝါ) ပတ္ထနိက္ကုဇ္ဇန ဆိုတာတွေမှာကြည့်ပါ။ အမြဲတမ်း အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းပဲ၊ စည်းကမ်းရှိရှိတဲ့ ဦးတည်ရာစုရပ်ကို ချီတက်ကြတာပဲ ဖြစ်တယ်။ သူတို့လက်ထဲမှာ ဘာလက်နက်မှ မပါဘူး။ သက်ဆိုင်ရာအလံနဲ့ ကြွေး ကြော်သံပိုစတာတွေကိုပဲ ကိုင်ဆောင်ထားကြတယ်။ သတ်မှတ်ထားတဲ့ ကြွေးကြော်သံတွေကိုပဲ စည်းကမ်းရှိရှိ အတိုင် အဖောက်ညီညာစွာနဲ့ တခဲနက် ကြွေးကြော်ကြတယ်။
တုတ်တွေ၊ ဒိုင်းတွေ၊ မျက်ရည်ယိုဗုံးတွေ၊ ၁၂ ဗို့ ပြောင်းချောသေနတ်တွေ၊ မောင်းပြန်သေနတ်တွေ၊ မီးသတ် ကားတွေ၊ အချုပ်ကားတွေနဲ့ ပိတ်ဆိုရိုက်နှက်ပစ်ခတ်ပြီးစတင် အကြမ်းဖက်တာ ဘယ်သူတွေလဲ။ ရဲတပ်၊ စစ်တပ်တွေပဲ ဖြစ်တယ်။ ဆန္ဒပြတဲ့ လူတန်းကြီးတွေထဲ ရောနှောလိုက်ပါလာတဲ့ သူတို့သွင်းထားတဲ့ ဒလျှိုဒလန်ကောင်တွေက ရန်စ မယ်၊ မဖွယ်မရာ လုပ်ပြမယ်၊ ဆဲမယ်၊ ခဲနဲ့ပေါက်ခိုင်းမယ်။ ဒါတွေကို ရုပ်သံသတင်းတွေ၊ သတင်းစာတွေမှာ အကျယ်ချဲ့ ပြီး အကြိမ်ကြိမ် ဖော်ပြမယ်။ ပြီးတော့မှ ဆန္ဒပြနေတဲ့ လူထုကြီးကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာပါပဲ။
ဒီညစ်ပတ်ကောက်ကျစ်တဲ့နည်းလမ်းတွေကို ၁၉၈၈ခုနှစ်၊ (ရှစ်လေးလုံး အရေးတော်ပုံ)မှာလည်း လုပ်ခဲ့သလို၊ ၂၀၂၁ခုနှစ်၊ (နွေဦးအရေးတော်ပုံ)မှာလည်း လုပ်ခဲ့တယ်။ လက်ပံတန်းမှာ ကျောင်းသားသပိတ်ဖြိုခွဲစဉ်ကလည်း ကျောင်းသားတွေက “ရေသန့်ဘူးနဲ့ပေါက်လို့” တုတ်နဲ့ဒိုင်းကိုင်ထားတဲ့ ရဲတပ်က အကြမ်းဖက်ဖြိုခွဲရတာတဲ့။ ဘယ် လောက်မျက်နှာပြောင်တိုက်တဲ့ လိမ်ညာမှုဖြစ်ပါသလဲ။ မခံမရပ်နိုင်လို့ ကျောင်းသားအချို့က တကယ်ပဲ ရေသန့်ဘူးနဲ့ ပေါက်တယ်ထားပါအုံး။ ဘယ်လိုမှ ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက် ဖြစ်စရာအကြောင်း လုံးဝ မရှိပါဘူး။ အကြမ်းဖက်ဖို့ သက်သက် ‘ရမယ်ရှာ’ တာပါ။
ဆိုလိုချင်တာကတော့ အကြမ်းဖက်မှုကို ပြည်သူတွေ၊ ဆန္ဒပြသူတွေဘက်က စတင်တာ လုံးဝ မဟုတ်ဘူးဆိုတဲ့ အချက်နဲ့ အကြမ်းဖက်ချေမှုန်းနိုင်အောင် ရန်စမှုမျိုးစုံကို အုပ်စိုးသူတွေဘက်ကပဲ တမင်အကွက်ချပြီး စတင်လုပ်ဆောင် တာ ဖြစ်တယ်။ ဒါတွေကို အကျယ်ချဲ့ပြီး အရေးတော်ပုံကို သရုပ်ဖျက်တယ်။ ပြီးတော့ အရေးတော်ပုံကို စိတ်ကြိုက် အင်အားသုံးပြီး အကြမ်း ဖက်ဖြိုခွဲတယ်၊ သတ်ဖြတ်ဖမ်းဆီးတယ်ဆိုတာပါပဲ။
ဒါတွေက လမ်းမပေါ်က ဆန္ဒပြပွဲကို အုပ်စိုးသူစစ်အုပ်စုက အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွဲတာတာ၊ ပစ်ခတ် သတ်ဖြတ်တာ၊ ဖမ်းဆီးတာတွေပဲ ဖြစ်ပါတယ်။
အကြမ်းဖက်မှု နောက်ထပ်တစ်မျိုး ဖော်ပြဖို့ ကျန်ပါသေးတယ်။ ဒီအကြမ်းဖက်မှုကို မဖော်ဘဲ ပျက်ကွက်လို့ ဘယ်လိုမဖြစ်သင့်ပါဘူး။ အဲဒါကတော့ ရွေးကောက်ပွဲရလဒ် (ဝါ) ပြည်သူ့ဆန္ဒကို ဖျက်သိမ်းပစ်မှုဆိုတဲ့ အကြမ်းဖက်မှု ကြီးပါပဲ။ ဒီအကြမ်းဖက်မှုဟာ လမ်းမပေါ်က ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲသလို သွေးထွက်သံယိုမှုတွေ မရှိဘူးဆို ပေမယ့်။ ဒီအကြမ်းဖက်မှုကြောင့် နောက်ဆက်တွဲ ဆက်တိုက်ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုတွေကတော့ အင်မတန် ကြီး မားကျယ်ပြန့်ပါတယ်။
ဆိုလိုတာကတော့ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်တယ်ဆိုတာ လူထုဆန္ဒကို အကြမ်းဖက်တာပါပဲ။ ပြည် သူတစ်ရပ်လုံးရဲ့ တခဲနက်ဆန္ဒကို လျစ်လျူရှုပြီး ဗြောင်အကျဆုံး အကြမ်းဖက် ဖိနှိပ်အနိုင်ကျင့်မှုပဲ ဖြစ်ပါတယ်။
အဲဒီလိုနည်းနဲ့ ပြည်သူတစ်ရပ်လုံးအပေါ် စစ်အုပ်စုက အကြမ်းဖက်ခဲ့တာဟာ သမိုင်းလက်တွေ့ဖြတ်သန်းမှုထဲ မှာ တစ်ကြိမ်တစ်ခါထဲ မဟုတ်ပါဘူး။ သုံးကြိမ်သုံးခါရှိပြီဆိုတာ “ရွေးကောက်ပွဲ”အကြောင်း သုံးသပ်တင်ပြရာမှာ ထည့် သွင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ပထမတစ်ကြိမ်မှာ ဗိုလ်နေဝင်းစစ်အုပ်စုက ပထစ အစိုးရနဲ့ ၁၉၄၇ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းပြီး တိုင်း ပြည်အာဏာကို လုယက်သိမ်းပိုက်ခဲ့တယ်။ ဒါဟာ ပထမဆုံးအကြိမ် အကြမ်းဖက်မှု ဖြစ်တယ်။
ဒုတိယတစ်ကြိမ်က ဗိုလ်စောမောင် – ဗိုလ်သန်းရွှေ – ဗိုလ်ခင်ညွှန့် (နဝတ/နအဖ)စစ်အုပ်စုက ၁၉၉၀ပြည့်၊ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါဟာ ဒုတိယအကြိမ် အကြမ်းဖက်မှုဖြစ်တယ်။
တတိယတစ်ကြိမ်က ဗိုလ်မင်းအောင်လှိုင် – ဗိုလ်စိုးဝင်း အကြမ်းဖက်(စကစ)စစ်အုပ်စုက သူတို့စိတ်ကြိုက်ရေး ထားတဲ့ ‘၂၀၀၈ အခြေခံဥပဒေ’ကို ကျော်လွန်ချိုးဖောက်ပြီး ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီး ပစ်ပြီး အာဏာသိမ်းပိုက်ခဲ့တယ်။ ဒါဟာ တတိယအကြိမ် အကြမ်းဖက်မှုဖြစ်တယ်။
သုံးကြိမ်သုံးခါဆိုတော့ အင်မတန်ကို လွန်လွန်းသွားပါပြီ။ ဒါရဲ့တိုက်ရိုက်အကျိုးဆက်က အခုအခါမှာ တစ်တိုင်း တစ်ပြည်လုံးအနှံ့ ပေါ်ပေါက်လာနေတဲ့ လက်နက်ကိုင်တော်လှန် အုံကြွမှုတွေပဲ ဖြစ်ပါတယ်။ နိုင်ငံနဲ့အဝန်း ဒေသတိုင်း မှာ အရှိန်အဟုန် မြင့်မားလာနေတဲ့ လက်နက်ကိုင်တော်လှန်မှုတွေဟာ စစ်အုပ်စုရဲ့ အကြိမ်ကြိမ် အကြမ်းဖက်မှုရဲ့ တိုက်ရိုက်အထွက်ရလဒ်ပါပဲ။
ပြည်သူတွေဟာ ငြိမ်းချမ်းသော အေးချမ်းသောနည်းနဲ့သာ သူတို့လိုလားတဲ့ အပြောင်းအလဲကို အကြိမ်ကြိမ် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကြိုးစားမှုမှန်သမျှ သဲထဲရေသွန်သလို အကြမ်းဖက်ဖျက်သိမ်းပစ်တာပဲ ခံခဲ့ကြရ တယ်။ ပြည်သူတွေ လက်နဲ့ကြိုးစားပြီး ရေးခဲ့သမျှ စစ်အုပ်စုက ခြေနဲ့ဖျက်ဆီးပစ်တာခံကြရတယ်။ အဲဒီလိုအကြိမ်ကြိမ် ခံစားရတဲ့ လက်တွေ့ဘဝကနေ ပြည်သူတွေကို မိမိဆန္ဒလိုလားချက်ကို ငြိမ်းငြိမ်းချမ်းချမ်း လက်ဖြန့်တောင်းဆိုလို့ ဘယ်လိုမှ မရနိုင်တော့ဘူး၊ မဖြစ်နိုင်တော့ဘူးဆိုတဲ့ လက်တွေ့အသိ၊ မိမိလိုလားချက်ကို လက်နက်စွဲကိုင်ပြီး တောင်း ဆိုမှသာ ဖြစ်နိုင်မယ်ဆိုတဲ့အသိကို သဘာဝကျစွာ ပြဋ္ဌာန်းသင်ကြားပေးလိုက်တာပါပဲ။ သဘောပေါက်နားလည်စေခဲ့ တာပါပဲ။
တောင်ပေါ်မြေပြန့်ကျေးလက်တွေမှာ တူမီးဆိုတာ အမဲပစ်ဖို့ပါ။ သားကောင်ပစ်ဖို့ပါ။ လူကိုပစ်ဖို့ မဟုတ်ပါဘူး။ အခုတော့ ပြည်သူတွေဆောင်ထားတဲ့၊ အသားဟင်းစားရဖို့အလို့ငှာ ကိုင်ဆောင်ခဲ့ကြတဲ့ တူမီးက စစ်အုပ်စုချေမှုန်းရေး အတွက် တော်လှန်ရေးလက်နက်ဖြစ်လာခဲ့ပြီ။ အချို့နေရာဒေသတွေမှာ တူမီးထက် ပိုမို မီးအားကောင်းပြီး ခေတ်မီ အစွမ်းထက်တဲ့ မောင်းပြန်သေနတ်တွေ တစတစ ကိုင်ဆောင်လာနိုင်နေကြပြီ။
ဒီမိုကရေစီကို၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို၊ ဖက်ဒရယ်ပြည်ထောင်စုကို၊ ပြည်တွင်းငြိမ်းရေးကို သေနတ်နဲ့ လက်တွေ့ကျကျ တောင်းဆို၊ တည်ဆောက်၊ အကောင်အထည်ဖော်ကြရတော့မယ်။ သေနတ်နဲ့ တောင်းဆို လို့ရလာတဲ့ ဒီမိုကရေစီ၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု၊ ပြည်တွင်းငြိမ်းရေးတို့ကို အရှည်သ ဖြင့် တည်တံ့ခိုင်မြဲ သစ်လွင်နေအောင် သေနတ်နဲ့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရလိမ့်မယ်။
လူမျိုးပေါင်းစုံပြည်သူများအပေါ် နှစ်ပေါင်းများစွာ အကြမ်းဖက် ဖိနှိပ်သွေးစုပ်နေတဲ့ “စစ်အုပ်စု၊ စစ်အာဏာရှင် စနစ်၊ စစ်ဗြူရိုကရေစီယန္တရား”ကို ဖျက်သိမ်းပစ်နိုင်တာနဲ့ တစ်ပြိုင်နက်မှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တော်သစ်ဟာ ဘယ်သူမှ တားဆီးလို့မရနိုင်ဘဲ မလွဲမသွေ ပေါ်ပေါက်မှာဖြစ်တယ်။ ဒီကနေ့ စစ်အုပ်စုဆန့်ကျင် တိုက် ဖျက်ရေးတော်လှန်ရေး အင်အားစုအသီးသီးအကြားမှာ လက်တွေ့လိုအပ်နေတဲ့အချက်က အပြန်အလှန် နားလည်မှုနဲ့ သွေးစည်းညီညွတ်မှုပဲ ဖြစ်တယ်။ ဒီအချက်က တော်လှန်ရေးအောင်ပွဲအတွက် မရှိမဖြစ်တဲ့ အခြေခံလိုအပ်ချက်ပါပဲ။