ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာအလုပ်သမားများကို အထောက်အထားရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ လူဦးရေ အကန့်အသတ်မရှိ အခမဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးကို မဲဆောက်မြို့နယ်အုပ်ရေးမှူးရုံး (မြို့ပိုင်ရုံး) နှင့် လူနေရပ်ကွက်များတွင် စုရပ်ပြုလုပ်၍ အပတ်စဉ် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ တစ်ပတ်တွင် ၄ ရက် လူဦးရေ အကန့်အသတ်မရှိ ထိုးနှံပေးလျက်ရှိကြောင်း ကာကွယ်ဆေးထိုးရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
"ဆေးထိုးမယ်သူတွေအနေနဲ့ မနက် ၈ နာရီမှာ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး (မြို့ပိုင်ရုံး) မှာ ဖောင်ပုံစံဖြည့်၊ စာရင်းပေးသွားပြီး မွန်းတည့် ၁ နာရီမှာ စတင်ထိုးနှံရမှာပါ။ လူနေရပ်ကွက် အသီးသီးမှာလည်း စုရပ်ပြု လုပ်၍ ကာကွယ်ဆေး ထိုးပေးလျက်ရှိပါတယ်။ မဲဆောက်ဒေသမှာရှိတဲ့ မည်သည့် နိုင်ငံသားမဆို နေထိုင်ခွင့် အထေက်အထားရှိသူရော၊ မရှိသူရော အကုန်လုံးကို ထိုးပေးပါတယ်။" ဟု အဆိုပါ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူက ပြောသည်။
ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင်လည်း မဲဆောက်မြို့နယ်တွင်း မြို့ပိုင်ရုံးအပါအဝင် နေရာ ၃ ခု၌ လူဦးရေ ၂,၀၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ထိုင်းကျန်းမာရေးဌာနအနေဖြင့် နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မဲဆောက်ဒေသတွင်းနေထိုင်ကြသည့် မည်သည့်နိုင်ငံသားကိုမဆို Covid-19 ကူးစက်ရောဂါကာကွယ်ဆေး ထိုးပေးနေသည့် အစီအစဉ်များ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ နိုင်ငံအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်ရန်နှင့် နိုင်ငံတကာ ဝင်/ထွက်ပေါက်တစ်ခုဖြစ်သော မဲဆောက်-မြဝတီ ထိုင်း-မြန်မာနယ်စပ် အမှတ် -၂ ချစ်ကြည်ရေးတံတားကို လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ထိုင်းအစိုးရမှ ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု နယ်စပ်စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။
လက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သိန်း (၂၀၀,၀၀၀) ဝန်းကျင် နေထိုင်လုပ်ကိုင်လျက်ရှိသော မဲဆောက်မြို့နယ်အတွင်း ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ခြောက်သောင်း (၆၀,၀၀၀) နီးပါးခန့်ရှိပြီးဟု ထိုင်းကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားမှုအရ သိရသည်။