စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခံထားရသော ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်တွင် စစ် ကောင်စီက ဆန်ရောင်း ဝယ်ခွင့်ကန့်သတ်ထားပြီး ဆန်သယ်ယူမည်ဆိုပါက မင်းတပ်မြို့ထွေအုပ်ရုံးမှတဆင့် တပ်ရင်းမှုးထံတင်ပြကာ ၎င်း၏ ခွင့်ပြုချက်ဖြင့်သာ ဆန်၊ ရိက္ခာများကို မြို့ပေါ်တွင် သယ်ယူခွင့်ပြုသည်ဟု သိရသည်။
“အရင်လို ဆန်တွေ ရောင်းလို့မရသေးဘူး။ မင်းတပ်ကတော့ မာရှာယ်လောထုတ်ထားတော့ သူတို့ အမိန့်အတိုင်း လုပ်ရ တာလေ၊ ဆန်က ဘယ်သူမှ မရောင်းရဲဘူး ရောင်းရင်စစ်တပ်ကဖမ်းမှာ။ စစ်တပ်က တောထဲရောက်မှာစိုးရိမ်တဲ့ အနေအထား အဲ့လိုမျိုးပုံစံဖြစ်တယ်။ အကယ်၍ ဆန်ဝယ်ချင်ရင် ထွေအုပ်ရုံးကိုစာတင်ပြီး ထွေအုပ်က တပ်ရင်းမှုးစီပြန်တင် သူကခွင့်ပြုမှ ဆန်သယ်လို့ရတယ်။” ဟု လက်ရှိ မင်းတပ်မြို့တွင်နေထိုင်သူ တစ်ဦးကပြောသည်။
စစ်ကောင်စီသည် မင်းတပ်မြို့ကို မေလ ၁၃ ရက်နေ့ကတည်းက စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီးသည့် နောက်ပိုင်းတွင် မင်းတပ်ဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုပြင်းထန်လာကာ စစ်ကောင်စီမှ ဆန်အပါအဝင်၊ အခြားသောရိက္ခာများသယ်ယူခွင့် ကန့်သတ်ထားခြင်းကြောင့် မင်းတပ်မြို့ပေါ်တွင်လည်း ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေခြင်းဖြစ်သည်။
မင်းတပ်မြို့ပေါ်ရှိပြည်သူများသည် ခရလ (၂၇၄) တပ်ရင်းမှုး၏ ခွင့်ပြုချက်ဖြင့်သာ မကွေးတိုင်း ယောနယ်၊ ပခုက္ကူနှင့် ပေါက်တို့တွင် ရိက္ခာများသယ်ယူခွင့်ရှိကြသော်လည်း ဆန်များကို အကန့်အသတ်ဖြင့်ဝယ်ယူရသည့်အပြင် ဓာတ်ဆီများကိုလည်း သယ်ယူခွင့်မပြုကြောင်းနှင့် ကုန်ပစ္စည်းများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများလည်းရှိနေကြောင်းသိရသည်။
မြို့ပေါ်တွင် ဆန်ရောင်းသည့် ကုန်သည်မရှိသောကြောင့် ပြည်သူများသည် မိမိတို့နည်းလမ်းဖြင့် ယောနယ်တို့တွင် သွားရောက်ဝယ်ယူစားသုံးနေရကြောင်းကိုလည်း မင်းတပ်မြို့ မိ/မြို့ဖ တစ်ဦးက ခိုနူမ်းသုန်ကို ပြောသည်။
“အစားအသောက်ကလည်း ဘာမှလောလောဆယ်ကတော့ တရားဝင်ရောင်းတဲ့ကုန်သည်လည်းမရှိ ခွင့်လည်းမပြုကြဘူး။ မြို့ထဲမှာနေတဲ့သူတွေကတော့ ကို်ယ့်နည်းကိုယ်ဟန်နဲ့ပဲ ခြေလျှင်လမ်းနဲ့ ယောနယ်ဖက်ကို သွားကြပြီးတော့ ဆန်ကိုနိုင်သလောက်ပေါ့ ၅ပြည်၊ ၆ပြည်၊ ၁၀ ပြည် အဲ့လိုထမ်းပြီးမှ စားကြရတာပေါ့လောလောဆယ်။” ဟု မင်းတ ပ်မြို့မိ/မြိုဖက ပြောသည်။
ချင်းပြည်နယ်တောင်ပိုုင်း၊ မင်းတပ်မြို့ပေါ်တွင် ရပ်ကွက် ၄ ရပ်ကွက်ရှိပြီး လူဦးရေ နှစ်သောင်းဝန်းကျင် နေထိုင်ကြေသာ်လည်း စစ်ရေးပဋိပက္ခကြောင့် မြို့ပေါ်နေပြည်သူအများစုမှာ ကျေးလက်ဒေသများသို့ စစ်ဘေးတိမ်းရှောင်နေကြရပြီး လက်ရှိတွင်မူ အိမ်ထောင်စုတစ်ထောင်၊ လူဦးရေ ရှစ်ထောင်ခန့်သာ မြို့ထဲတွင် နေထိုင်ကြသည်ဟု သိရသည်။