ဖမ်းဆီးခံထားရသည့် သျှမ်းပြည်မှ သတင်းသမား ၁ ဦးသာ ပြန်လွတ်လာ

ဖမ်းဆီးခံထားရသည့် သျှမ်းပြည်မှ သတင်းသမား ၁ ဦးသာ ပြန်လွတ်လာ

သျှမ်းပြည်အတွင်းမှ စစ်ကောင်စီတို့၏ ဖမ်းဆီးထိန်းသိမ်းထားခြင်းကိုခံထားရသည့် သတင်းသမားများ၊ ဓါတ်ပုံသတင်းထောက်များအနက်မှ ၁ ဦးတည်းသာ ပြန်လည်လွတ်လာကြောင်း သတင်းသိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် တနိုင်ငံလုံးရှိ အကျဥ်းထောင်များမှ အကျဥ်းသားများ ၅၀၀၀ ကျော်ကို လွတ်ပေးမည်ဟု အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က ကြေညာပြီးနောက်တွင် ဖမ်းဆီးခံထားရသည့် သျှမ်းပြည်အတွင်းမှ သတင်းသမားများအနက် Tachileik News Agency မှ ဓါတ်ပုံသတင်းထောက်ဟောင်း ကိုကျော်ဇင်ဟိန်း တစ်ဦးတည်းသာ ပြန်လည်လွတ်လာသေးကြောင်း သိရသည်။

ကိုကျော်ဇင်ဟိန်းကို ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတို့က ဖမ်းဆီးခေါ်ဆောင်သွားပြီး မေလ ၁၅ ရက်နေ့မှာတော့ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲကာ ကျိုင်းတုံအချုပ်ထောင်သို့ ပို့ဆောင်ခဲ့ပြီး ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် ကျိုင်းတုံထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတို့သည် ၎င်းတို့ ဖမ်းဆီးအမှုဖွင့်ဖမ်းဆီးထားသူများအနက် တရားရုံးများတွင် အမှုရင်ဆိုင်ဆဲ (၄၃၂၀) ဦးကို အမှုပိတ်သိမ်းပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၁၃၁၆) ဦးကို အောက်တိုဘာလ (၁၈) ရက်နေ့မှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဖြစ်ကြောင်း ကြေညာပြီး ယမန်နေ့ အောက်တိုဘာလ (၁၉) ရက်နေ့၌ သျှမ်းပြည် အတွင်းဖမ်းဆီးခံရသူများမှ တချို့ကိုလွတ်ပေးရာ သတင်းသမားတစ်ဦးဖြစ်သူ ကိုကျော်ဇင်ဟိန်း လွတ်မြောက်စာရင်းတွင် ပါလာခြင်းဖြစ်သည်။

သျှမ်းပြည်အခြေစိုက်သတင်းဌာနများမှ အာဏာသိမ်းစစ်ကောင်စီတို့ဖမ်းဆီးထားသည့် သတင်းသမားများအနေဖြင့် ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်၊ သံလွင်သွေးချင်းသတင်းဌာနမှ ဒေါ်မြဝန်းရံနှင့် ရွှေဖီမြေ သတင်းထောက်ဟောင်း လွေးအမ်ဖောင်တို့နှင့် သတင်းသမားဟုစွပ်စွဲခံရသည့် စိုင်းစည်သူတို့သည် ယနေ့အထိ ပြန်လည် လွတ်မြောက်စာရင်းတွင် မပါဝင်သေးပေ။

အောက်တိုဘာလ (၁၈) ရက်နှင့် (၁၉) ရက်နေ့ နှစ်ရက်တာအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့ ဖမ်းဆီးထားသည့် သတင်းသမားများအနက် DVB သတင်းဌာနမှ ကိုမင်းညိုနှင့် ကိုအောင်ကျော်၊ Mizzima သတင်းဌာနမှ Freelance ကိုဇော်ဇော်၊ CJ ကိုသက်နိုင်ဝင်း၊ Mizzima သတင်းဌာနမှ မသင်းသင်းအောင်တို့ လွတ်မြောက်လာခဲ့သည်။

ထို့ပြင် မြစ်ကြီးနားဂျာနယ်မှ မမျိုးမြတ်မြတ်ပန်၊ အဂျဲနှင့် ခရစ္စတိုဖာ၊ 74 Media မှ မချန်ဘူ၊ Kachin Wave မှ ကိုလရော်၊ The Voice of Tanbuzayat မှ ထက်မြက်သူ၊ Thanlyin Post သတင်းဌာနမှ မတူးတူးသာ၊ Dakhina Insight Media ကိုနိုင်လင်းထွန်း၊ Tomorrow သတင်းဌာနမှ ကိုအောင်ကျော်ဦးနှင့် Tachileik News Agency မှ ကိုကျော်ဇင်ဟိန်း စုစုပေါင်း (၁၅) ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

 
 

 

 

Most read this week

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...