သိန္နီမြို့နယ် စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီမှ ပစ်သတ်

သိန္နီမြို့နယ် စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီမှ ပစ်သတ်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တို့က တိုက်ပွဲဖြစ်ပွားမှု ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း စုံစမ်းသတင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် သိန္နီမြို့နယ်မှ မိုင်းကျက်၊ မိုင်းယော်တို့နှင့် ထိစပ်နေသည့် ဟူးလောင်ကျေးရွာမှ ရွာသားတစ်ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်တွင် စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဟူးလောင်ရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီနဲ့ ကိုးကန့်တို့ ဒီဟူးလောင်ရွာအနီး တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်နေတော့ ကိုးကန့်တွေက သူတို့အတွက် လမ်းပြဖို့ဆိုပြီး ဒီရွာသားကို ခေါ်သွားတာ၊ သူ့တို့ကို လမ်းပြပေးတဲ့သူကို သူတို့က အိမ်ပြန်ဖို့ လွတ်ပေးတော့ လမ်းမှာ စစ်ကောင်စီနဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတာပဲ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၃ ရက် မနက် ၆ နာရီဝန်းကျင်တွင်လည်း သိန္နီမြို့နယ်ရှိ မန်လွင်ကျေးရွာအထက်မှ ခေခမ်းတောင်တွင် ကိုးကန့်တပ်ဖွဲ့နှင် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

“မန်လွင်ရွာနားမှာ တိုက်ပွဲဖြစ်ပွားတာပါ၊ မနက်စောစောပဲ ပစ်ကြတာ၊ ရွာထဲကနေတောင် အသံတွေကြားနေရလို့ တချို့က စစ်ဘေးရှောင်ဖို့ ပြင်နေကြပြီ၊ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့လည်းပစ်နေတော့ တိုက်ပွဲပိုကြမ်းလာမှာ ကြောက်ရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တို့သည် ပြီးခဲ့သည့် ဇွန်လအတွင်းမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ယနေ့ ၄ လကျော် ကြာလာသည်အထိ တိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲ သတင်းရရှိသည်။

လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် ဖယ်ခုံ ဒေသခံများ
November 18, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့်...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
စစ်ကောင်စီ ကွတ်ခိုင်မြို့ကို ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦး
November 18, 2024
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃...
November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...