အော်ဂဲနစ် လယ်သမားတဦး၏ တွက်ကိန်း

အော်ဂဲနစ် လယ်သမားတဦး၏ တွက်ကိန်း

စောကပေါ်စိုး  — ရွှံ့စက်များပေကျန်နေသည့် လိ‌မ္မော်ရောင် စပို့ရှပ်ကို ဝတ်ဆင်ထားသည့် လယ်သမားကြီး စောနေထူးက လယ်တဲအဝင် လမ်းကလေးမှ သာကြောင်းမာကြောင်း စကောကရင်လို သတင်းမေး လှမ်းနုတ်ဆက်သည်။ စိမ်းဝါရောင် စပါးခင်းများအလယ် ခပ်အုပ်အုပ် သစ်ပင်ကြားတွင် သူ၏လယ်တဲလေးသည် အေးချမ်းဆိတ်ငြိမ်လျက်။

သူ၏လယ်တဲသည် ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်၊ ဒေသအခေါ် သဲကွင်းရပ်၌တည်ရှိပြီး ကွန်ကရစ်လမ်းမှ သုံးမိုင်ခန့် လမ်းလျှောက်သွားရသည်။ မိုးနှောင်းပိုင်းဖြစ်သည့်အတွက် လယ်တဲသို့သွားရာ ကန်သင်းရိုးလမ်းလေးသည် ချောချော မွေ့မွေ့တော့ မဟုတ်လှ။ အချို့နေရာ၌ ရွှံ့နှုန်းများကို ဖိနပ်ချွတ်ပြီး ဖြတ်သွားရသည်။ သို့သော် လတ်ဆတ်သည့် သဘာဝလေကို ရှုရှိက်ရခြင်းနှင့် စိမ်းဝါရောင်သန်းနေသည့် မျက်စိတစ်ဆုံး စပါးခင်းများ၏ သဘာဝအလှက စိတ်ကိုလန်းဆန်းစေကာ ပူပင်သောကတို့ အဝေးသို့ လွှင့်မျောသွားစေခဲ့သည်။

သူသည် ဖခင်ဖြစ်သူ၏ လယ် ၁၆ ဧကကို ငယ်စဉ်ကတည်းက ယခုထိ ဆက်လက်လုပ်ကိုင်နေသူဖြစ်သည်။ ထိုသို့ သူ့လယ်မြေများပေါ်တွင် စပါးစိုက်ပျိုးရင်း လွန်ခဲ့သည့် လေးနှစ်ခန့်မှစတင်ကာ အော်ဂဲနစ်စပါးစိုက်ပျိုးရေးကို စတင် စမ်းသပ်လုပ်ကိုင်ခဲ့သည်။

“တချို့လယ်သမားတွေက အတီးကိုပြောတယ်။ ၁၀ နှစ်လောက် ခေတ်နောက်ကျကျန်ခဲ့ပြီးတဲ့။ ဘာဖြစ်လို့လည်းဆိုတော့ အော်ဂဲနစ်နည်းနဲ့စိုက်တာ စပါး အထွက်နည်းတယ်။” ဟု စောနေထူးက ပြောပြသည်။

လယ်သမား အများစုအနေဖြင့် စပါးအထွက်တိုးရန် ဓာတုဗေဒပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ဓါတ်မြေဩဇာကို သုံးစွဲလေ့ရှိသည်။ ထိုသို့ ဓါတ်မြေဩဇာသုံးစိုက်ပျိုးလျင် လယ်တစ်ဧကလျှင် စပါးတင်း ၁၀၀ ဝန်းကျင်ထွက်ရှိသည်။ သို့သော် အော်ဂဲနစ် သဘာဝမြေဩဇာသုံး စိုက်ပျိုးမည်ဆိုလျင် လယ်တစ်ဧကလျှင် စပါးတင်း ၄၀ ဝန်းကျင်သာ ထွက်ရှိသည့်အတွက် အထွက်နှုန်းထက်ဝက်ခန့် ကွာခြားသည်။ ထို့အတွက် စပါးရောင်းရငွေ ရရှိမှုသည်လည်း လျော့နည်းသွားသည်။

ထိုသို့ ဓာတုပစ္စည်းသုံး ဓါတ်မြေဩဇာများအသုံးပြု စပါးစိုက်ပျိုးခြင်းသည် အထွက်နှုန်းများသော်လည်း ဓါတ်မြေဩဇာဈေးတက်သည့်အချိန်တွင် လယ်သမားများ အခက်ကြုံရသည်။ ယခုနှစ်တွင် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ဓါတ်မြေဩဇာ‌ဈေးနှုန်း နှစ်ဆနီးပါးခန့် တက်လာသည်ဟု လယ်သမားများက ဆိုသည်။

ထို့အပြင် ဓါတ်မြေဩဇာသုံး စိုက်ပျိုးထားသည့် စပါးများသည် ဆန်ထွက်လာချိန်တွင်လည်း ဓါတ်ကြွင်းများကျန်နိုင်ပြီး ရေရှည်စားသုံးပါက ကျန်းမာရေးနှင့်ညီညွတ်မှုမရှိကာ ဆိုးကျိုးများ သက်ရောက်နိုင်သေးသည်။ အော်ဂဲနစ် သဘာဝမြေဩဇာသုံးစိုက်ပျိုးပြီး ထွက်ရှိလာသည့် ဆန်သည် သဘာဝအတိုင်းသာဖြစ်သည့်အတွက် ရေရှည်စားသုံးရန် သင့်တော်သည်ဟု အများစုက လက်ခံလာသည့်နည်းတူ စပါးအပြင် အောဂဲနစ် ဟင်းသီးဟင်းရွက်၊ သစ်သီးတို့ ဈေးကွက် တစ်ခု ပေါ်ထွက်လာခဲ့သည်။

“အတီးရဲ့ လယ်က နှစ်ရှည်ကြာ ဓါတ်မြေဩဇာသုံး စိုက်ခဲ့တော့ မြေဆီတွေက ဓါတ်ကြွင်းတွေ ရှိနေတယ်။ စစိုက်တဲ့နှစ်မှာ အော်ဂဲနစ်စပါး လုံးလုံး မဖြစ်သေးဘူး။ အထွက်လည်း အရမ်းနည်းတယ်။ တစ်ဧကကို တင်း ၃၀ ကျော်ကျော်လေးပဲထွက်တယ်။ တစ်ဖက်က ဓါတ်မြေဩဇာဖိုး မကုန်ဘူး။ စိုက်စရိတ် သက်သာသွားတယ်။” ဟု စောနေထူးက သူ့အတွေ့အကြုံကို ပြောပြသည်။

သူသည် အော်ဂဲနစ် စပါးစိုက်ပျိုးခြင်း နည်းပညာကို လွန်ခဲ့သည့် ငါးနှစ်ခန့်က ရွာရှိ ဘုရားကျောင်း၌ အဖွဲ့အစည်းတစ်ခုက လာရောက်ရှင်းပြပို့ချသည့်အချိန်တွင် စတင် ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့နောက် ကုမ္ပဏီတစ်ခုက အော်ဂဲနစ် စပါးမျိုးစေ့များပေးပြီး စိုက်ပျိုးခိုင်းကာ ထွက်ရှိလာသည့် စပါးကိုလည်း ပြန်လည်ဝယ်ယူသည်ဟု ဆိုသည်။

“ကုမ္ပဏီက အော်ဂဲနစ်မျိုးစပါး ပေးတယ်။ ကိုယ့်လယ်မှာ စိုက်ပေးရတယ်။ ထွက်လာတော့ သူတို့က ပြန်ဝယ်တယ်။ ဒီအတိုင်းတော့ မဟုတ်ဘူး။ အော်ဂဲနစ်စပါး ဘယ်အဆင့်ထိရှိလဲဆိုတာ ဓါတ်ခွဲကြည့်သေးတယ်။ အတီးလယ်ကတော့ အဆင့်မှီတယ်လို့ ပြောတယ်။” ဟု သူက အော်ဂဲနစ် စပါးစိုက်ခင်းကို လိုက်ပြရင်း ရှင်းပြသည်။

မကြာမှီ စပါးပေါ်ချိန်ရောက်ရှိလာတော့မည်ဖြစ်ပြီး လက်ရှိ ဈေးကွက်တွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၅၂၀,၀၀၀ နှုန်း ပေါက်ဈေးရှိသည်။ ဓါတ်မြေဩဇာသုံး စိုက်ပျိုးမည်ဆိုပါက စပါးစိုက်လယ်တစ်ဧကလျှင် ဓါတ်မြေဩဇာနှစ်အိတ် အနည်းဆုံး အစာကျွေးရသည့်အတွက် တစ်အိတ်လျင် ကျပ်ငါးသောင်းနှုန်းဖြင့် ဓါတ်မြေဩဇာဖိုး ကျပ်တစ်သိန်းခန့် ကုန်ကျမည်ဖြစ်သည်။

ထို့အပြင် ပေါင်းသတ်ဆေးနှင့် အထွေထွေကုန်ကျစရိတ်များ ထည့်ပေါင်းပါက တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲခန့် အနည်းဆုံး ကုန်ကျမည်။ စပါးထွက်ချိန်တွင် ရိတ်သိမ်းစက် ငှားရိတ်မည်ဆိုပါက ယခင်နှစ်က တစ်ဧကလျှင် ကျပ် ၄၅,၀၀၀ နှုန်းရှိသော်လည်း လက်ရှိ စက်သုံးဆီဈေးတက်နေသည့်အတွက် တစ်ဧက ၆၀,၀၀၀ နှုန်းထိ ဈေးမြင့်တက်နေပြီးဖြစ်သည်။ စပါးမှာ လေးလကျော်ကြာ စိုက်ပျိုးရသည့်အတွက် ယခုနှစ်တွင် လယ်သမားများ တွက်ခြေကိုက်ရန် ခက်ခဲသည်ဟု လယ်သမားများက ပြောဆိုသည်။

လယ် ၁၆ ဧက စိုက်ပျိုးထားသည့် စောနေထူးကမူ ကုမ္ပဏီက ချပေးထားသော အော်ဂဲနစ်မျိုးဖြင့် စိုက်ပျိုးထားသည့် လယ် ၄ဧက ရှိပြီး ယခုနှစ်တွင် တစ်ဧကလျင် တင်း ၄၀ ခန့်ထိ ထွက်ရှိနိုင်သည့်အတွက် တင်း ၁၆၀ ထွက်မည်ဖြစ်ကာ တင်း ၁၀၀ လျှင် ကုမ္ပဏီက ယခင်က ကျပ် ၁၀ သိန်းနှုန်းဖြင့်ဝယ်ယူသော်လည်း ယခုနှစ်တွင် ၁၁ သိန်းထိ ဈေးတိုးပေးထားသည့်အတွက် ကျပ် ၁၇ သိန်းရရှိမည်ဟု စောနေထူးက ခန့်မှန်းသည်။

ထို့အပြင် ကျန်လယ် ၁၂ဧကတွင်မူ ကောက်ကြီးစပါးနှင့် စင်းသွယ်လှစပါးတို့ကို အော်ဂဲနစ်နည်းအတိုင်း စိုက်ပျိုးထားပြီး တစ်ဧကလျင် တင်း ၄၀ ထွက်ရှိပါက တင်း ၄၈၀ ရရှိမည်ဖြစ်ပြီး တင်း ၁၀၀ လျှင် ကျပ် ၅ သိန်းနှုန်းဖြင့် အကြမ်းဖျင်းတွက်ကြည့်ပါက ကျပ် ၂၅ သိန်းခန့် ရရှိမည်ဖြစ်သည်။

စောနေထူးက “အတီးတို့က မိသားစုသုံးယောက် ဝိုင်းလုပ်ကြတာ၊ လုပ်ခလည်းမများဘူးပေါ့။ အခု စပါးပေါ်ခါနီးပြီးဆိုတော့ ဒီလိုပဲ တွက်ကြည့်တဲ့အခါ ၁၆ ဧက စိုက်ထားတာ သဘာဝမြေဩဇာဖိုး၊ နောက် စိုက်စရိတ်၊ သယ်ယူစရိတ် စသဖြင့် စုစုပေါင်းအရင်းက ၁၇ သိန်းလောက် ရှိမယ်။ ဒီတော့ ၂၅ သိန်းကျန်မယ်” ဟု လယ်တဲတွင် ရေနွေးကြမ်းပူပူသောက်ရင်း ရှင်းပြသည်။

ယခုဆို သူ့လယ်မှ ထွက်ရှိသည့် အော်ဂဲနစ်စပါးများကို ဆန်ကြိတ်ခွဲရောင်းချရာရွာရှိ ဘဝတူလယ်သမားများကပင် ပြန်ဝယ်စားနေသည်ဟု စောနေထူးက ဆိုသည်။ နှစ်ချီ ဓါတ်မြေဩဇာသုံး စိုက်ပျိုးခဲ့သည့်အတွက် အော်ဂဲနစ်နည်းသုံး စိုက်ပျိုးသည့်အခါ အထွက်နည်းသွားမည်ဖြစ်သလို လာမည့်နှစ်များတွင်မူ တဖြည်းဖြည်း အထွက်တိုးလာမည်ဟု သူက စိမ်းဝါရောင်သမ်းနေသည့် စပါးခင်းများကို လှမ်းကြည့်ရင်း ယုံကြည်ချက်အပြည့်ဖြင့် တွက်ချက်ပြောပြလေသည်။

November 19, 2024
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...