သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်း စစ်ဆေးရေးဂိတ်စောင့်စစ်သားတချို့သည် လမ်းသွားလမ်းလာသည့် အမျိုးသမီးများကို ကာအိန္ဒြေပျက်အောင် စော်ကားပြောဆိုနေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်တွင် တာချီလိတ်–မိုင်းဖုန်းလမ်းမှ ဝေလေလှန် စစ်ဆေးရေးဂိတ်မှ အစောင့်စစ်သားများသည် ဆေးရုံမှ ဆိုင်ကယ်ဖြင့်ပြန်လာသည့် အမျိုးသမီးတစ်ဦးကို ကာအိန္ဒြေပျက်အောင် စော်ကားပြောဆိုကြောင်း သတင်းရရှိသည်။
“ကျမတူလေးက နေမကောင်းလို့ ဆေးရုံကိုသွားပြပြီး ပြန်လာတော့ ဂိတ်စောင့်စစ်သားက အော်… တူလေးလည်းပါလာတာလား၊ မိန်းကလေးချည်းပဲဆို ကျနော်တို့စခန်းမှာ ခေါ်ထားမလို့ပါ” ဆိုပြီး နန်းခမ်း (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အတူပင် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် ညနေပိုင်းတွင်လည်း တာချီလိတ်မြို့ ပုံလို့သွားလမ်း၊ ရွှေမြေသာယာဈေးနှင့် ကြီးမြတ်သောရွှေမြင်း (Club) အနီးရှိ လမ်းဆုံတွင် စစ်ဆေးမှုများပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ဆေးသွားဝယ်ပြီးပြန်လာသည့် အမျိုးသမီးကို တားပြီး သာမာန်မေးမြန်းမှုများထက် အမျိုးသမီးဂုဏ်သိက္ခာကို ထိပါးစော်ကားသည့် စကားများဖြင့် ပြောဆိုခဲ့ကြောင်း သတင်းသိရသည်၊၊
“အစကတော့ ဘယ်ကလာလဲ၊ ဘယ်ကိုသွားမလဲဆိုပြီးတော့မေးတာ ကျမလည်းဖြေပြီး ဆိုင်ကယ်မောင်းထွက်ဖို့ပြင်လာတော့ စစ်သားတစ်ယောက်က ကျမဆိုင်ကယ်ကိုလာပြီးတော့ ညီမဘယ်သွားမလဲ အစ်ကိုတို့ လိုက်ပို့ပေးရမလားတဲ့၊ နောက်ထပ်စစ်သားတစ်ယောက်ကလည်း မေးမနေနဲ့ ဆိုင်ကယ်ပေါ်တခါတည်း တက်ခွလိုက်လို့ပြောတယ်” ဟု အမည်မဖော်လိုသည့် ကာယကံရှင်အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် တာချီလိတ်မြို့တွင်းတွင် စစ်သားများအပြင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတစ်ဆင့် ပေးအပ်ထားသော သေနတ်များကိုကိုင်ဆောင်ထားသည့် ယာဉ်ထိန်းရဲ (မော်တော်ပီကယ်) တို့သည် မြို့တွင်း လမ်းဆုံလမ်းခွများနှင့် မီးပွင့်နေရာများတွင် လက်နက်များကိုင်ဆောင်ပြီး လမ်းသွားလမ်းလာပြည်သူများကို လုံခြုံရေးယူပေးသည်ထက် အနှောင့်အယှက်ပေးနေခြင်းသာ ဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။
ထို့အပြင် နိုင်ငံအာဏာသိမ်းခံရပြီးနောက် တာချီလိတ်မြို့တွင် တစ်နေ့တည်း အနည်းဆုံး ဆိုင်ကယ် (၂) စီးမှ (၃) စီးအထိ ခိုးခံရမှုများရှိနေပြီး မြို့ပေါ် (၁၁) ရပ်ကွက်အနက် ဝမ်ကောင်းရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ ဆန်ဆိုင်း (က)၊ ဆန်ဆိုင်း (ခ) နှင့် မယ်ခေါင်ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်တို့တွင် အများဆုံး ခိုးခံနေရရာမှ မိုင်းကိုးကျေးရွာ အုပ်စုအတွင်း၌လည်း ဆိုင်ကယ်များ ခိုးခံရမှုမှာ နေ့စဉ်aနီးပါးဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။