ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကျင်းစန်းကျော့-ဝမ်တိန်သွားလမ်း ကောင်းခန့်ရွာအထက် ဆီဆိုင်နားရှိနေတဲ့ စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ကို အောက်တိုဘာလ ၃ ရက်ညက အရပ်ဝတ်လူတစ်ချို့က ပစ်ခတ်တဲ့အတွက် ရဲအရာရှိ ၁ ဦး သေဆုံးသွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ယမန်နေ့ ည ၈ နာရီခန့်တုန်းက လမ်းမပေါ် ကားတွေကို စစ်ဆေးနေတဲ့ ရဲနဲ့စစ်တပ်ကို အရပ်ဝတ်လူတစ်ချို့က ပစ်ခတ်သွားခြင်းဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
"ကျနော်တို့ အဒေါ်ဆိုင်ရှေ့မှာဖြစ်တာ။ အဒေါ်က အထက်ကအိမ်မှာ လာပြေးပုန်းနေရတယ်။ ပစ်တာ ဆိုင်တွေလည်းမှန်တယ်။ ရဲ ၁ ယောက် သေတယ်ကြားတယ်။ တွဲကားဆရာလည်း ကျည်ထိသွားတယ်။ အဲမှာရှိတဲ့ ကားဘီးတွေလည်း အကုန်ပစ်ဖောက်။” လို့ ဒေသခံ မျက်မြင်တစ်ဦးက ပြောပါတယ်။
သေဆုံးသွာသူမှာ မူဆယ်မြို့နယ်ရုံးက ရဲအုပ်စိုးလင်းဆိုသူဖြစ်ပြီး ယနေ့မနက်မှပဲ နာရေးကားနဲ့ အလောင်းလာသယ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိုသို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အနီးနားမှာရှိတဲ့ ဆိုင်တွေလည်း ကျည်ထိမှန်ပြီး ပျက်ပြီးမှုတချို့ရှိခဲ့ကြောင်း သိရပါတယ်။
"ဗုံးက ၃ လုံးဖောက်တယ်။ အသံ အကျယ်ကြီးပဲ။ ဗုံးသုံးလုံးက တော်တော်ပြင်းတယ်။ သေနတ်တွေ တဒိုင်းဒိုင်းနဲ့ ပစ်နေတာ။ ကျွန်တော်တို့က အဲဒီအထက်နားလေးက ဆိုင်မှာလေ။ သူတို့ကို တားတာကို တစ်ခါထဲ ပစ်ပြေးတာ။” လို့ နောက်ထပ် မျက်မြင် ရွာခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်နေချိန်မှာ မူဆယ်ဘက်က စစ်ကူအနေနဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကားနဲ့ အိမ်စီးကား ၅ စီးခန့် ထပ်တိုးဆင်းလာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကလည်း ကျင်စန်းကျော့သွားတဲ့လမ်းကြား မန်မိုင်ရွာမှာ လှည့်ပတ်စျေးရောင်းနေသူတစ်ဦးကို အရပ်ဝတ်နဲ့ လူတစ်ချို့က ပစ်သတ်သွားတဲ့ အဖြစ်အပျက်ရှိခဲ့တယ်လို့ သိရပါတယ်။