တိတ်ဆိတ်တဲ့ တောတောင်သစ်ပင်ကြီးတွေအောက်မှာ တဲအိမ်ကလေးဆောက်ပြီး ခရီးသွားအပန်းဖြေဖို့ဆိုတဲ့ အတွေးက တချို့သောသူတွေရဲ့ စိတ်ကူးထဲ သွားချင်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ကရင်နီဒေသက တချို့သောသူတွေအတွက်ကတော့ တောထဲတောင်ထဲမှာ မိုးကာအစိမ်းတွေနဲ့ ကိုယ်စီတဲအိမ်လုပ်ပြီး ရက်လမသိပဲ စိတ်ပင်ပန်းမှုတွေနဲ့အတူ နေထိုင်နေကြရပါတယ်။ အဲ့ဒီအထဲမှာ အသက် ၃၃ နှစ်အရွယ် ဒေါ်မေရီလည်း ပါဝင်ပါတယ်။
သူမမှာ နှစ်နှစ်ခွဲအရွယ် သမီးတစ်ယောက်ရှိပါတယ်။ သူမဟာ လွိုင်ကော်အရှေ့ဘက်ခြမ်း လွိုင်လင်လေးအုပ်စုမှာ နေထိုင်တာဖြစ်ပြီး တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။
”အရမ်းဝေးတယ်။ ကျမတို့ လာရတာ။ တော်တော်ဒုက္ခရောက်တယ်။ မနက်လောက်လာလို့ ရှိရင် နေ့လည်မှရောက်တယ်။ နောက်ပြီးတော့ မိုးရာသီဆိုတော့ လမ်းအရမ်းကြမ်းတယ်။ ဒီအထိရောက်လို့ရှိရင် ဗွက်တွေက မျက်နှာ ခေါင်းပေါ်အထိရောက်တဲ့ အခြေအနေမျိုးပေါ့နော။ အဆင်မပြေဘူးပေါ့နော။ ဝေးတဲ့နေရာမှပဲ ပိုအဆင်ပြေတယ်။ ပိုလုံခြုံတယ်လို့ ခံစားရတယ်လေ။“
ဒေါ်မေရီကတော့ မနက်သွားရင် နေ့လည်လောက်မှရောက်တဲ့ တောထဲတစ်နေရာကို စစ်ရှောင်နေပါတယ်။ အဲ့ဒီနေရာကို စစ်ရှောင်လိုက် နေရပ်ပြန်လိုက် လုပ်နေတာ ဒီတစ်ကြိမ်ပါဆိုရင် ၃ ကြိမ် ရှိပြီလို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းမှု လုပ်ဆောင်လာတဲ့ စစ်ကောာင်စီကို ပြည်သူတွေက ရရာလက်နက်ဆွဲကိုင်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ကြတာပါ။
ကရင်နီပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတို့ မေလ ၂၁ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ လေးလနီးပါးမှာ ကရင်နီပြည်နယ်က ဒေသခံ တစ်သိန်း ၃သောင်း စစ်ဘေးရှောင်နေရပါတယ်။
တောထဲမှာ စစ်ရှောင်တဲ့အခါမှာလည်း ရွာနဲ့ ဝေးတဲ့ နေရာမှာ သွားရှောင်ကြရပါတယ်။ ဝေးတဲ့နေရာမှာ ရှောင်မှပဲ သူတို့ ပိုလုံခြုံမယ်လို့သူ တို့ ခံစားရတာကြောင့်ပါ။
စစ်ရှောင်နေတဲ့ဒေသခံတချို့ကတော့ နေရပ်ကို မပြန်ရဲဘဲ တောထဲမှာနေပြီး ရိက္ခာပြန်ယူတာတွေပဲ လုပ်နေတဲ့သူတွေလည်းရှိပါတယ်။ စစ်ရှောင်နေရာမှာ ရိက္ခာထောက်ပံ့နေတာတွေရှိပေမယ့် ဝါးမျှစ်ဟာမရှိမဖြစ် ဟင်းဖြစ်နေပါတယ်။
”စားဖို့သောက်ဖို့ခါကျတော့ ရှိတဲ့ဟာနဲ့ပဲပေါ့။ သူတို့ထုတ်ထားပေးတဲ့ ကုလားပဲတွေ နည်းနည်းချက်စား အဲ့လိုပဲ ရှိတဲ့ဟာနဲ့ အဓိက ငပိအဲ့ဒီဟာနဲ့ပဲ ချက်စားနေရတယ်။ ပြီးတော့ ကျမနေတဲ့နေရာမှာလဲ ဝါးမျှစ် ဝါးတောထဲမှာဆိုရင်တော့ အဲ့ဒီဝါးမြစ်တွေပဲ မြင်တွေ့နေရတယ်ပေါ့နော။ မနက်ဆိုရင် အဲ့ဒီ ဝါးမျှစ်ကိုချက်စား နေ့လည်ဆိုရင် သုတ်စား ညနေဆိုရင် တို့စရာနဲ့ပဲလုပ်တယ်။ အဲ့လိုမျိုးပဲ နေနေရတယ်။” လို့ ဒေါ်မေရီက ပြောပါတယ်။
စစ်ရှောင်တဲ့နေရာတွေမှာ ရေရှားပါးမှုရှိနေပြီး မိုးရာသီဖြစ်တဲ့အတွက် သောက်သုံးဖို့ မိုးရေကိုပဲ မှီခိုနေရတယ်လို့ သူက ဆက်ပြောပါတယ်။
“မိုးခါကျတော့ ညဘက်ရွာတော့ နည်းနည်းအဆင်ပြေတယ်ပေါ့နော။ ကျမတို့ သောက်သုံးတဲ့ရေလည်း ဒီမိုးရေကို ပြန်ကျိုပြီး သောက်သုံးနေရတယ်။ ရေကတော့ရှိတယ်။ ဒါပေမယ့် အရမ်းညစ်ပတ်တယ်လေး။ မြောင်းထဲမှာရှိတယ်။ နီရဲနေတာပဲ။”
စစ်ရှောင်အတွက် ရိက္ခာပို့တဲ့အခါမှာလည်း စစ်ကောင်စီနဲ့ တိုးပြီး ပစ်ခတ်တာအထိ ကြုံနိုင်တယ်လို့ စစ်ရှောင်တွေအတွက် ကူညီပေးနေတဲ့ အရေးပေါ်ကယ်ဆယ်ရေးခေတ္တဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) ရဲ့ ရုံးတာဝန်ခံ နဲနယ်ပလိုးက ပြောပါတယ်။
နေရာစွန့်ခွာပြေးရှောင်နေရတဲ့ သူတွေအတွက် အဓိက ကြုံနေရတဲ့အခက်အခဲဟာ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ လုံခြုံရေးတွေဖြစ်တယ်လို့ နဲနယ်ပလိုးကပြောတယ်။
"စိန်ခေါ်မှုတွေကတော့ အဓိကကတော့ လုံခြုံရေးပေါ့နော။ ဘာကြောင့်လည်း ဆိုလို့ရှိရင်တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားလုပ်နေရင်းနဲ့ အခန့်မသင့် စစ်ကောင်စီ စစ်တပ်တွေနဲ့ တိုးတယ်ဆိုလို့ရှိရင် မေးမြန်းခံရတာမျိုးတွေ ဖမ်းဆီးခံရတာမျိုးတွေ ပစ်ခတ်ခံရတာမျိုးတွေက ကြုံနိုင်တယ်။ အဲ့တာက အကြီးမားဆုံး စိုးရိမ်မှု၊ စိန်ခေါ်မှုတစ်ခုပေါ့နော။ ပြီးတော့ ကျန်းမာရေးအနေအထားဆိုလို့ရှိရင်လည်း အခုက ကိုဗစ်နိုင်တစ် ကလည်း ဒေသတွင်းမှာ ပျံ့နှံ့နေတဲ့ အခြေအနေ ဖြစ်တဲ့အတွက်ကြောင့် အများကြီး စိုးရိမ်စရာတော့ရှိတာပေါ့။ အိမ်ပြန်မလာနိုင်ရသေးတဲ့ အပေါ်မှာ နောက်ဆက်တွဲ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေတော့ အများကြီးရှိသေးတာပေါ့။"
စစ်ရှောင်တွေကလည်း ဝေးလံတဲ့ တောတောင်ထဲ စစ်ရှောင်နေတဲ့အတွက်လည်း မိုးရာသီမှာ လမ်းအခြေအနေကြောင့် ရိက္ခာတွေကို အလွယ်တကူ သယ်ယူဖို့ ခက်ခဲတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၉) ရက်နေ့က ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက နေ့လည် (၁၂) နာရီခွဲမှာ လက်နက်ကြီးတွေ ရမ်းသန်း ပစ်ခတ်ခဲ့တဲ့အတွက် အနီးအနား တောင်ယာထဲမှာ နှမ်းခုတ်နေတဲ့ ဒေသခံ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။ အဲ့ဒီအမျိုးသမီးကတော့ နန်းဖဲကျေးရွာကဖြစ်ပြီး အသက် (၂၀) ဝန်းကျင် အမျိုးသမီးငယ်တစ်ဦးပါ။
အမျိုးသမီးတစ်ဦးသေဆုံး သွားတာ အပြင် တောင်ယာထဲက တခြားသူသုံးဦးလည်း လက်နက်ကြီးကျည်စတွေ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြပါတယ်။ အခုလို ဝမ်းစာအတွက် ရိုးရိုးသားသား ရှာဖွေ စားသောက်ဖို့တောင်မှ မလုံခြုံမှုတွေကြားမှာ ကြောက်လန့်မှုတွေနဲ့ အတူ ပြည်သူတွေ အသက်ပေးပြီး ရှာဖွေစားသောက်နေရပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေအတွက် အခုလို အချိန်အခါကာလမျိုးဟာ ဘဝလုံခြုံမှုကင်းမဲ့နေရတာပါ။
စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် လက်နက်ကြီးထိမှာကြောက်ပြီး မူလနေရာထက် ပိုဝေးတဲ့တောတောင်ထဲ စစ်ရှောင်ကြတဲ့ သူတွေလည်း ရှိပါတယ်။
”သူတို့နေတဲ့နေရာ တောထဲမှာလည်း စစ်ကောင်စီက လိုက်ပြီးတော့မှ သိတဲ့အနေအထားမျိုးဆိုလို့ရှိရင် သူတို့အတွက် အန္တာရယ်ရှိတယ်။ အဓိကက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရမလား။ မဟုတ်လို့ရှိရင် အမျိုးသားတွေ မတွေ့ရင် အမျိုးသမီးတွေကိုပဲ သူတို့ စစ်ကြောင်းရေး သွားတဲ့ နေရာမှာ လူသားဒိုင်းကာ အဖြစ်သုံးမလားဆိုတဲ့ ဟာမျိုးတွေခါကျတော့ ဒါကတော့ အမျိုးသမီးဘက်ကနေပြီးတော့မှ အမြဲတမ်း စိတ်ဖိစီးမှုရှိနေတဲ့ဟာတွေပေါ့နော။“
ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ အမျိုးသမီးနဲ့ လုံခြုံရေးဆိုင်တဲ့ 1325 ကို လူထုတွေသိအောင် နိုင်ငံတကာသိအောင် ပြည်ပရောက် ကိုယ့်လူမျိုးတွေ သိအောင် လုပ်ဆောင်နိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အကောင်အထည်မဖော်နိုင်တော့ဘူးလို့ သူက ဆက်ပြောပါတယ်။ ဒီလိုဆက်ပြီးအကောင်အထည်မဖော်နိုင်ရင် အမျိုးသမီးတွေအတွက် လုံခြုံရေးမရှိနိုင်တော့ဘူးလို့ ဆိုပါတယ်။
ကရင်နီပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းတာကို လူထုတွေက အလိုမရှိတာကြောင့် ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်နေတာ ၄ လနီးပါး ရှိသွားပါပြီ။
တိုက်ပွဲပေါင်း လည်း ၆၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ စက်တင်ဘာလ ၁၀ရက်နေ့အထိ ၈၇ ဦး ရှိပြီဖြစ်ပါတယ်။ ကရင်နီပြည်နယ်မှာဆိုရင် စစ်ကောင်စီက ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုနေတာလည်း ရှိပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဩဂုတ်လ ၃၁ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၁၇၀ ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်က ထုတ်ပြန်ထားပါတယ်။ ကရင်နီပြည်နယ်မှာ အခုအချိန်အထိ စစ်ဘေးရှောင်ဦးရေ တစ်သိန်း၃သောင်း ဝန်းကျင်ရှိနေပါသေးတယ်။
တိုက်ပွဲအတွင်းမှာ စစ်ရှောင်တွေအတွက်ကတော့ အသက်လုံခြုံမှုက ပထမဦးစားပေးဖြစ်ပြီး စိတ်လုံခြုံမှုတွေကတော့ အလှမ်းဝေးသွားခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲအခြေအနေ၊ အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှုတွေကြောင့် မလုံခြုံတဲ့အခြေအနေမှာ ဒေါ်မေရီကတော့ သူ့အိမ်သူပြန်ချင်နေပါတယ်။
”ကျမလဲ စိတ်ဆင်းရဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ပြန်လာချင်တယ်။ အိမ်ပြန်လာချင်ပေမယ့်လည်း သတင်းမေးကြည့်တော့ မလာသေးနဲ့အုံးပြောတယ်။ အဲ့လိုမျိုးနဲ့ တစ်နေ့တစ်နေ့ အချိန်တွေကုန်တယ်။ တခါတလေ စနေ၊ တနင်္ဂနွေ၊ ဘယ်နေ့ ၊ ဘယ်နေ့ရောက်လဲ တခါတလေ မတွေးမိတော့ဘူး ဖြစ်နေတယ်။”