(ဖောင့်ဖ)
နစက ဆန့်ကျင်သည့်သပိတ်တိုက်ပွဲ၏ ကြွေးကြော်သံများတွင် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး" သည် ပြည်သူအများသည်းခြေကြိုက် ကြွေးကြော်သံတစ်ခုဖြစ်သွားသည်။ မည်သူတွေအတွက် နားခါးနေမည်မသိ။ အရင်က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဟုဆိုရာမှ စစ်တပ်က အာဏာသိမ်းအပြီး သပိတ်တိုက်ပွဲတွင်မှ ပြောင်းလဲလာခြင်းဖြစ်သည်။ CRPH ကလည်း တိုင်းရင်းသားတို့၏ တောင်းဆိုချက်ကို လက်ခံခဲ့၍လည်း ဤသို့ပြောင်းလဲလာခြင်းဖြစ်သည်။
ဖက်ဒရယ်နှင့် ဒီမိုကရေစီသည် ခေါင်းနှင့်ပန်းပမာပါပဲ။ ရှေ့နောက်ဘယ်နေရာပဲနေနေ အတူတူပဲဟု ယူဆမှုများရှိသည်။ ၂၀၀၈ အခြေခံဥပဒေပေါ်ပေါက်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်နှစ်ရပ်စလုံး၌ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ လွှမ်းမိုးထားသည်။ ဒီမိုကရေစီသဘောအရ အများဆန္ဒနှင့်အညီ လွှတ်တော်တွင် ပြည်ခိုင်ဖြိုး၏အဆိုကို မည်သူမျှ ကန့်ကွက်၍မရပါ။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD က သောင်ပြိုကမ်းပြိုနိုင်ပြန်တော့လည်း NLD လွှတ်တော်အမတ်များ၏ အဆိုကို မည်သူမျှကန့်ကွက်၍ မရနိုင်ခဲ့။ ဤသည်ပင် ဒီမိုကရေစီအနိုင်ကျင့်ခံရသည်ဟု တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက မြည်တွန်တောက်တီးခဲ့ဘူးသည်။
ဆိုလိုချင်သည်မှာ ဒီမိုကရေစီ၏ သဘောတရားသည် အများဆန္ဒနှင့်အညီ ဥပဒေပြုခြင်း၊ အုပ်ချုပ်ခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်ခြင်းကြောင့် သောင်ပြိုကမ်းပြိုအနိုင်ရပါတီကြီးက မဏ္ဍိုင်ကြီးသုံးရပ်လုံးကို ကြီးစိုးချယ်လှယ်ခွင့်ရသွားသလို ဖြစ်သွားသည်။ ဤဖြစ်စဥ်အကြောင်းရင်းကြောင့်ပင် လူနည်းစု တိုင်းရင်းသားပါတီတို့၏ ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်စနစ်ထူထောင်ရေးသည် လွှတ်တော်တွင် အဖယ်ကျဥ်ခံဘဝဖြင့် သေးသိမ်မှေးမှိန်ခဲ့ရသည်။
၂၀၁၅ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) ထိုးပြီးနောက်ပိုင်း ဖက်ဒရယ်ဟူသောဝေါဟာရသည် နိုင်ငံရေးလောကတွင် ခေတ်စားလာတော့သည်။ နိုင်ငံရေးပါတီများအား ဖက်ဒရယ်သင်တန်းပေးခြင်း၊ ဖက်ဒရယ်ဝပ်ရှော့များ ကျင်းပခြင်းနှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း မိမိတို့နှင့်သက်ဆိုင်ရာ လူမျိုးအလိုက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မိမိတို့လိုလားသည့် ဖက်ဒရယ်နှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံ (ပင်လုံ) တွင်လည်း ဗိုလ်ချပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတည်ဆောက်ရေး (State Building) နှင့် တိုင်းပြည်တည်ဆောက်ရေး (Nation Building) ကို ခွဲခြား၍ ပြောကြားသွားခဲ့သည်။
အမှန်မှာတော့ တိုင်းပြည်တည်ဆောက်ရေး (Nation Building) သည် ဖက်ဒရယ်ပြည်ထောင်စုကို ညွှန်းဆိုသွားခြင်းဖြစ်သည်။
NCA သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ရည်ရွယ်သော တစ်ခုတည်းသော စာချုပ်ဖြစ်သည်ဟုလည်း နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် မြွက်ကြားသွားခဲ့ပြန်သည်။
အရပ်ဖက်ခေါင်းဆောင်နှင့် စစ်ဖက်ခေါင်းဆောင်နှစ်ဦး၏ ပြောကြားချက်များသည် ဖားလေးငါးလေးပျော်အောင် မိုးသံပေးတာလားဟုပင် ထင်မှတ်ခဲ့ရသည်။ အမှန်ပင် ခေါင်းဆောင်များ၏ ပြောဆိုချက်များအတိုင်း မည်မျှအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ကို စောင့်ကြည့်သွားရမည်ဟုလည်း စိတ်တွင် တေးမှတ်ထားခဲ့သည်။
စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံ (ပင်လုံ) ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့သည်။ အဲဒီတုန်းက ခေါင်းဆောင်များ၏ ပြောစကားများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် လေထဲလွင့်ပါသွားခဲ့လေပြီ။ ယခုလက်ရှိ အခြေအနေအထိ တိုင်းပြည်ကြီး ဇောက်ထိုးမိုးမျှော်ဖြစ်နေသည်ကို အားလုံးတွေ့မြင်ကြားသိကြရပေပြီ။
ဖက်ဒရယ်အိပ်မက်လည်း ကွဲနေသောမှန်တစ်ချပ်ကဲ့သို့ မည်သို့မျှ ဆက်စပ်လို့ရတော့မည်မဟုတ်ပါ။ NCA ချော့လုံးဖြင့်လည်း နစက က မြူဆွယ်သကဲ့သို့ NCA ကို အမျှင်မပြတ်နိုင်သေးသည့် ပုဂ္ဂိုလ်များကိုလည်း တွေ့နေရသည်။
တိုင်းပြည်တည်ဆောက်ရေးသည် အသက်လုပွဲပမာ အရေးကြီးသည့်အထဲ အာဏာလုပွဲက ပေါ်ပေါက်လာသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းတွင် ဖြေရှင်းမည်ဟူသော ဒီမိုကရေစီကျင့်စဥ်သည်လည်း တစ်စခန်းရပ်တော့သည်။
ကဲ … ခုတော့ တိုင်းပြည်ကို ခုလိုပုံမျိုးဖြင့် မည်ကဲ့သို့ တည်ဆောက်ကြပါတော့မည်လဲ။
ဒီမိုကရေစီရောင်နီသန်းချိန်တွင် ဖက်ဒရယ်အိပ်မက်ကလေး မက်ခွင့်ရှိသေးသည်ဟုထင်ထားရာမှ ဖက်ဒရယ် လငပုပ် ဖမ်းသွားချေပြီတကား။
အမေရိကန်ပြည်ထောင်စုသည် ၁၇၇၆ ခုနှစ် ဇူလိုင် (၄) ရက်နေ့တွင် လွတ်လပ်ရေးရရှိပြီး ပြည်နယ် (၁၃) ခုဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို စတင်တည်ဆောက်ခဲ့သည်။ နောက်ပိုင်း အခြားပြည်နယ်လေးများက လာရောက်ပေါင်းစည်းလာမှုကြောင့် ပြည်နယ် (၅၀) ဖြစ်လာခဲ့သည်။
အချင်းချင်း ပူးပေါင်းလာရခြင်းအကြောင်းရင်းမှာ -
၁။ ဘုန်းတန်ခိုးကြီးမားလိုမှုကြောင့် အခြားနိုင်ငံတစ်နိုင်ငံ သို့မဟုတ် ဒေသတွင်းနိုင်ငံများကို လက်နက်အားကိုးသည့်နည်းဖြင့် အသုံးပြုလိုခြင်း
၂။ စီးပွားရေးတိုးတက်လိုမှုကြောင့် တစ်နိုင်ငံက တစ်နိုင်ငံကို စစ်ရေးနည်းဖြင့်အနိုင်မကျင့်ဘဲ အချင်းချင်းသဘောတူညီချက်ဖြင့် ပေါင်းစည်းခြင်း
၃။ ပြည်ပအန္တရာယ်ကို စိုးရိမ်၍ ပေါင်းစည်းကြခြင်းတို့ဖြစ်သည်။
နိုင်ငံအချင်းချင်း ပေါင်းစည်းရာတွင် -
၁။ နှစ်ပြည့်တစ်ပြည်အဖြစ် ပေါင်းခြင်း
၂။ ပြည်ထောင်စုအဖြစ်ပေါင်းခြင်း တို့ရှိသည်။
နှစ်ပြည့်တစ်ပြည်အဖြစ် ပေါင်းစည်းကြသည့်အခါ ပါဝင်သည့်နိုင်ငံအသီသီးမှာရှိသည့် မူလပထမ သီးခြားထင်ရှားရှိသည့် ဂုဏ်အင်္ဂါလက္ခဏာ (Characteristic) များ ပျောက်ကွယ်သွားပြီး ပေါင်းစည်းရာတွင်ပါဝင်သည့် နိုင်ငံအားလုံးအတွက် သီးခြားထင်ရှားသည့် ဂုဏ်အင်္ဂါလက္ခဏာသစ်တစ်ရပ် ပေါ်ပေါက်လာပါသည်။ ထိုလက္ခဏာသစ်သည် မူလ အသီးသီးနိုင်ငံတွင်ရှိသည့် အစိုးရများပျောက်ကွယ်သွားပြီး ထိုနိုင်ငံအားလုံးအတွက် ဗဟိုအစိုးရတစ်ခုသည် ပေါ်ပေါက်လာသည်မှစ၍ အစိုးရအဖွဲ့တစ်ဖွဲ့တည်းရှိသည့် တစ်ပြည်ထောင်နိုင်ငံ (Unitary State) ဖြစ်လာခြင်းပင်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် ထိုသို့မဟုတ်ဘဲ ပြည်နယ်တိုင်းကို တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် အခြေခံကိုတည်ဆောက်၍ ဖက်ဒရယ်ပြည်ထောင်စုကို အသက်သွင်းပုံဖော်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ် (၅၀) ၌ အစိုးရအဖွဲ့ (၅၀) ရှိပြီး ဗဟိုအစိုးရနှင့်ပေါင်းလျင် အစိုးရအဖွဲ့ (၅၁) ဖွဲ့ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း သုံးရာကျော်ကတည်းက အခြေခံတိုင်းပြည်တည်ဆောက်ရေး (Nation Building) ကို တည်ဆောက်ခဲ့ပြီး နိုင်ငံကို ထူထောင်ခဲ့ကြသည်။
နိုင်ငံတည်ဆောက်ရေး (State Building) ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်တွင် စုပေါင်းဘဝမျိုး ဖန်တီးပေးနိုင်မည့် တရားဝင်အဖွဲ့အစည်းများ တည်ဆောက်ရသည်ကို နိုင်ငံတည်ဆောက်ရေး (State Building) ဟု ခေါ်ပါသည်။
နိုင်ငံတော်တစ်ခုတည်ဆောက်လျင် ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများ တရားဝင် အာဏာတည်မြဲစေရန်
၁။ တရားရုံးများ
၂။ ရဲတပ်ဖွဲ့များ
၃။ စစ်တပ်
၄။ အခြေခံဥပဒေ
၅။ ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းတို့ဖြင့် သတ်မှတ်ဘောင်ခတ်ရပါသည်။
အစိုးရအေဂျင်စီများ၊ စွမ်းဆောင်ရည်များကို ဖန်တီးပုံဖော်ခြင်းသည် နိုင်ငံတော်တည်ဆောက်ရေးဖြစ်သည်။
တိုင်းပြည်တည်ဆောက်ရေး (Nation Building) ဆိုသည်မှာ သမိုင်းတင်နိုင်သည့်ကာလတစ်ခုအတွင်း
၁။ ဘုံယဥ်ကျေးမှုစရိုက်
၂။ ဘုံတန်ဘိုး
၃။ အများသုံးဘာသာစကား
၄။ ဘုံအမှတ်အသားသရုပ် အခြေခံများဖြင့် တည်ဆောက်ရပါသည်။
ထို့ကြောင့်တိုင်းပြည်တည်ဆောက်ရေးသည် ပို၍ရည်မှန်းချက်ကြီးပြီး ပို၍ခက်ခဲနိုင်သည်။ လူမျိုးစုအားလုံး မိသားစုစိတ်ဓာတ်မွေးမြူနိုင်ရန် အမှတ်အသားသရုပ်တစ်ခုနှင့် ဆွဲစုနိုင်ရန် အချိန်ယူပြင်ဆင်ရသည်။
ပါဝါအမာဖြစ်သော စစ်အင်အား (Military Power) ဖြင့် နိုင်ငံထူထောင်၍ ရချင်ရမည်။ တိုင်းပြည်ထူထောင်ရေးတွင် စစ်အင်အားသည် အလုပ်မဖြစ်ပေ။ စစ်ဖက်လွှမ်းမိုးမှုကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများ အပြိုင်အဆိုင်ပေါ်ပေါက်လာပြီး သွေးစည်းညီညွတ်မှုအင်အား ပျက်ပြားကြရသည်။
ဥပမာပြရလျင် အကြမ်းဖက်သမား ပုန်းအောင်းခိုလှုံသည်ဟုယူဆ၍ ၂၀၀၃ ခုနှစ်တွင် အီရတ်နှင့် အာဖဂန်နစ်စတန်ကို အမေရိကန်က စစ်ရေးဖြင့် ဝင်ရောက်သိမ်းပိုက်ပြီး ထိုနိုင်ငံများသို့ ဒီမိုကရေစီကျင့်စဥ်များ ရိုက်သွင်းပုံဖော်မည်ဟု မျှော်မှန်းထားသော်လည်း ထင်သလိုဖြစ်မလာခဲ့ပါ။ ယခု အမေရိကန်တပ်များ အာဖဂန်နစ်စတန်မှ ဆုတ်ခွာနေချိန်တွင် တာလီဘန်များက တိုင်းပြည်၏တစ်ဝက်ကို သိမ်းထားလိုက်နိုင်ပြီ။ အမေရိကန်အကူအညီဖြင့် စစ်ရေးအသာဖြင့် နိုင်ငံကို အုပ်ချုပ်ခဲ့သော်လည်း တိုင်းပြည်ထူထောင်ရေး (Nation Building) ကို မတည်ဆောက်နိုင်ခဲ့ပါ။
ထို့ကြောင့် စစ်အာဏာသိမ်းမှုဖြင့် အဖန်တရာကြေနေသော မြန်မာနိုင်ငံအဖို့ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်ကြမှာလဲ။ တိုင်းပြည်ချောက်ထဲကျမှာစိုးလို့ အကြောင်းပြအာဏာသိမ်းလိုက်၊ တိုင်းပြည်က ချောက်ထဲကျလိုက်နှင့် ဂျာအေးသူ့အမေရိုက်ပုံပြင်က မဆုံးတော့ပေ။ မတူကွဲပြားမှုမျိုးစုံလှသော တိုင်းပြည်တွင် တိုင်းပြည်ထူထောင်ရေး တည်ဆောက်ရန် မလွယ်သည့်အထဲ စစ်အာဏာသိမ်းမှုကြောင့် လူငယ်များ အနာဂတ်ပျောက်ကုန်ကြပြီ။ စစ်ဘေးရှောင်များအတွက် လုံခြုံသည့် တဲလေးတစ်လုံးပင် တည်ဆောက်ရေးသည် အခက်ကြုံနေရချေပြီမဟုတ်ပါလား။