မြေမြုပ်မိုင်းကြောင့် သျှမ်းပြည်လူထု အသက်ပေါင်းများစွာ စတေးနေရဆဲ

မြေမြုပ်မိုင်းကြောင့် သျှမ်းပြည်လူထု အသက်ပေါင်းများစွာ စတေးနေရဆဲ

သျှမ်းတောင်တန်းပေါ်မှာ လက်နက်ကိုင်ပဋိပက္ခ မကြာခဏဖြစ်ပွားပြီး၊ မြေမြုပ်မိုင်းတွေ အလွန်အကျွံအသုံးပြုကြောင့် ပြည်သူတွေ အသက်ပေါင်းများစွာ စတေးခဲ့ရသလို အသက်ရှင်လျက်နဲ့ သေဆုံးနေသူတွေ များစွာရှိနေပါတယ်။

၂၀၁၁ နောက်ပိုင်းမှာ သျှမ်းမြောက် ကျောက်မဲ၊ နမ္မတူ၊ သီပေါ၊ ကွတ်ခိုင်နဲ့ နမ့်ဆန်ကြောတလျောက်မှာ မြေမြုပ်မိုင်းဒဏ်ကြောင့် ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ စိုးထိတ်မှုတွေနဲ့ အသက်ရှင်နေထိုင်ကြရပါတယ်။

မြေမြုပ်မိုင်းကြောင့် တချို့ မိသားစုစားဝတ်နေရေး ပျက်စီးမှုတွေကြုံရ၊ တချို့မိသားစု သေကွဲတွေကြုံရပြီး၊ တချို့ကတော့ အသက်ရှင်လျက် သေဆုံးနေတဲ့ဘဝ ရောက်ရှိသွားရတဲ့ဘဝတွေဟာ မနည်းလှပါဘူး။

သျှမ်းတောင်တန်းပေါ်မှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်တဲ့တိုက်ပွဲကလည်း ရှိနေပါတယ်။

ထိုဒေသမှာတော့ စစ်ကောင်စီလက်အောက်ခံတပ်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ သွားလာလှုပ်ရှားတဲ့နယ်မြေတွေဖြစ်ပါတယ်။

နယ်မြေစိုးမိုးရေးအားပြိုင်မှုကြောင့် ဖြစ်ပွားလာတဲ့ စစ်ရေးပဋိပက္ခတွေမှာ မြေမြုပ်မိုင်းကို အလွန်အကျွံသုံးစွဲတဲ့အတွက် မဖြစ်သင့်တဲ့ပြဿနာ နောက်ဆက်တွဲတွေဖြစ်လာပြီး၊ အခံရဆုံးက ပြည်သူတွေဖြစ်တယ်လို့ သျှမ်းမြောက်ဒေသမှ တအာင်းအမျိုးသမီးအဖွဲ့ (TWO) မှ တာဝန်ခံတစ်ဦးက ပြောပြပါတယ်။

“ဘယ်သူက ထောင်တဲ့မိုင်းလည်းမသိ ပဋိပက္ခဖြစ်ပြီဆိုရင် သေချာတယ် မိုင်းတွေကရှိနေတယ်။ ခုထိလည်း အဲ့မျိုးပဲ ပဋိပက္ခကြောင့် တိုက်ပွဲဖြစ်ပြီဆိုရင် စစ်လက်နက်ကျန်ကတော့ မိုင်းတွေကျန်တယ်” ဟု တအောင်းအမျိုးသမီး တာဝန်ခံတစ်ဦးက မြေပြင်ဖြစ်ပွားနေတာကို ပြောပြပါတယ်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတိုင်း မြေမြုပ်မိုင်းအသုံးပြုကြသလို ပဋိပက္ခတွေ ရပ်ဆိုင်းသွားချိန်မှာတော့ မြေမြုပ်မိုင်းကို ပြန်လည်ရှင်းလင်းပေးမှုမရှိကြပေ။

ယခုနောက်ပိုင်းမှာတော့ အများပြည်သူပိုင်ဆိုင်တဲ့မြေ၊ သွားလာတဲ့လမ်းပေါ်မှာ မိုင်းကိုထောင်ထားတဲ့အတွက် တောင်သူတွေ လုပ်ငန်းခွင်သွားချိန် မိုင်းနင်းမိတဲ့ပြဿနာဟာ အများဆုံးဖြစ်ကြောင်းလည်း တအာင်းအမျိုးသမီးက ရှင်းပြပါတယ်။

“တိုက်ပွဲဖြစ်ရင် မြေမြုပ်မိုင်းတွေကို အသုံးပြုကြတယ်။ တိုက်ပွဲတွေပြီးသွားရင်တော့ ပြန်သိမ်းဆည်းတာ ရှင်းလင်းတာမရှိဘူး။ ဒါ့ကြောင့် တောင်ယာသွားလို့ မိုင်းနင်းမိသေတာ၊ ခြေထောက်ဖြတ်ခံရတာ နည်းတာမဟုတ်ဘူး” လို့ ၎င်းအမျိုးသမီးက ဆိုပါတယ်။

မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ တွေဟာ တလမှာ (၄) ဦးမှ (၅) ဦးထိရှိပြီး တစ်ခါတစ်လေ တစ်လတည်း (၁၀) ဦးထိရှိပါတယ်။

မြေမြုပ်မိုင်းကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်စတေးခဲ့၊ ဘဝဆုံးခဲ့ရပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ မြေမြုပ်မိုင်းကိစ္စကို အပြန်အလှန် ငြင်းပယ်နေကြဆဲပါ။

“မြေမြုပ်မိုင်း ကြောင့် ဒေသခံတွေက သေဆုံးတယ်။ ကိုယ့်ထောင်တဲ့မိုင်းကိုယ်အသိဆုံးပဲလေ။ ဒါပေမယ့် သူတို့တွေ က အပြန်အလှန်ငြင်းကြတယ်။ မိုင်းထိပြည်သူတွေကိုလည်း ကူညီပေးတာမရှိသလောက်ပဲ” လို့ မြေမြုပ်မိုင်းနင်းမိတဲ့ သူတွေကိုကူညီပေးနေတဲ့ တအာင်းအမျိုးသမီး ကဆိုပါတယ်။

ပဋိပက္ခဒေသအတွင်းမှာနေထိုင်တဲ့ ပြည်သူတွေကို မြေမြုပ်မိုင်း အန္တရာယ် အသိပညာပေးမှုတွေ မကြာခဏ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

“မြေမြှပ်မှိုင်းနဲ့ ပတ်သက်ပြီး ကျမတို့ရွာကို အသိပညာလာပေးတာရှိတယ်။ တောင်ယာတွေ သွားပြီး ထူးခြားတဲ့အထုပ်တွေ တွေ့ရင် သွားမယူဖို့၊ သွားမလုဖို့ နဲ့ လမ်းပေါ်မှာ ကျထားတဲ့ အထုပ်တွေ တွေ့ရင် ရွာသားတွေကို အသိပေးဖို့ နောက် လယ်ယာသွားရင် မြေမြုပ်မိုင်း အန္တရာယ်ကို သတိရှိဖို့ တွေပြောပါတယ်” – လို မြေမြုပ်မိုင်းပညာပေးမှုမှာ ပါဝင်ကူညီပေးတဲ့ နမ္မတူမြို့နယ်က ရွာခံ ပါ့နန်းက ပြောပြပါတယ်။

မြေမြုပ်မိုင်းအန္တရာယ်တွေနဲ့ပတ်သက်ပြီး ပညာပေးမှုတွေပြုလုပ်ခဲ့ပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့လည်း ကိုယ်နယ်မြေတပ်စခန်းကို ကာကွယ်ဖို့အတွက် မြေမြုပ်မိုင်းကို ယနေ့ထိတိုင်း အသုံးပြုနေကြဆဲပါ။

မြေမြုပ်မိုင်းအသုံးပြုမှုကို နိုင်ငံတကာ ပိတ်ပင်တားဆီးထားပေမယ့် မြန်မာနိုင်ငံဟာ မြေမြုပ်မိုင်း အများဆုံးအသုံးပြုတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာတော့ ၂၀၀၇ မှ ၂၀၁၉ ထိ သျှမ်းပြည်ဟာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၆.၆ ရာခိုင်နှုန်းရှိပြီး၊ ကချင်က ၂၆.၅ ရာခိုင်နှုန်းနှင့် ကရင်က ၂၀ ရာခိုင်နှုန်း သျှမ်းပြည်က အမြင့်ဆုံးဖြစ်ကြာင်း မြန်မာနိုင်ငံ မြေမြုပ်မိုင်း သတင်းသုတေသနပြုလုပ်တဲ့ (MIMU) ၏စာရင်းတွင် ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းရှင်းလင်းရေးကို မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ရှင်းလင်းမှုပြုလုပ်မယ်လို့ ပြောဆိုခဲ့ပေမယ့် ယနေ့ထိတိုင်း မအောင်မြင်သေးတဲ့ကိစ္စရပ်တခုပါ။

မိုင်းနင်းမိသောသူအများဆုံးဟာ မိသားစု စားဝတ်နေရေးအတွက် အဓိက ဝင်ငွေ ရှာဖွေနေတဲ့ သူဖြစ်ပြီး၊ မိုင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားကာ မိသားစု စားဝတ်နေရေး၊ ကလေးပညာရေး ထိခိုက်သွားတဲ့ ပြည်သူတွေ များစွာရှိနေပါတယ်။

“မိုင်းနင်းမိတဲ့သူတွေ အများစုက မိသားစုဝင်ငွေရှာသူတွေ၊ သူတို့ မိုင်းကြောင့် ဘဝတွေပျက် မိသားစုစားဝတ်နေရေး ကလေးပညာရေးပါထိခိုက်သွားတာ အများကြီးပါ။ လူကြီးတွေက အလုပ်မလုပ်နိုင်တော့ ကလေးတွေ ကျောင်းထွက် အလုပ်လုပ်နေရတာတွေရှိတယ်” လို့ ကျောက်မဲမြို့ ပရဟိတ လူမှုကူညီရေး အသင်းမှ စိုင်းမောင် က ပြောပါတယ်။

မိုင်းနင်းမိသူအများစုဟာ တောင်ယာသွားသူ၊ လုပ်ငန်းခွင်သွားတဲ့အချိန်ဖြစ်သလို တောင်ပေါ် ဟင်းရွက် ရှာထွက်ချိန် လက်ဖက်ခူးချိန် မှာ ထိခိုက်မှု အများဆုံးဖြစ်တယ်လို့ မြေမြုပ်မိုင်းနင်းမိသူများကို ကူညီနေတဲ့အဖွဲ့တွေက ဆိုကြပါတယ်။

“မိုင်းနင်းမိတာတော့ တူတော့ မတူကြဘူး။ အများအားဖြင့်တော့ လုပ်ငန်းခွင်သွားတဲ့အချိန်မှာ အထူးသဖြင့် တောင်ပေါ်ဒေသဆိုရင်တော့ လုပ်ငန်းတွေက တောတောင်ထဲပဲ ရှိတယ်ဆိုတော့ အလုပ်ခွင်သွားတဲ့ချိန်မှာ နင်းမိတဲ့ဟာ အများအားဖြင့်တော့ အလုပ်သွားနေတဲ့ချိန်မှာ မိုင်းထိတာများတယ်” ဟု ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။

၂၀၁၉ ခုနှစ်က မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၁၀) ဦးကို ဝါးလက်မှု သင်တန်းများ ဖွင့်ပေးခဲ့တာမျိုးများရှိခဲ့ပေမယ့် ထိရောက်မှု မရှိကြောင်း ကျောက်မဲမြို့ မိုင်းထိသူများကို သင်တန်းပေးတဲ့ အမည်မဖော်လိုသည့် လူငယ်တစ်ဦး က ပြောပြသည်။

“မိုင်းထိမိတဲ့ သူတွေကို ဝါးလက်မှု သင်တန်းကျောင်း ပေးခဲ့ဖူးတာရှိတယ်။ ၂၀၁၅ ကနေ မြေမြှပ်မိုင်း အသိပညာပေး အန္တရယ်တွေ နဲ့ ပတ်သက်ပြီး စလုပ်လာတာ။ ၂၀၁၉ လောက်မှ လူ (၁၀) ဦးလောက် သင်တန်းပေးနိုင်တယ်ဆိုတော့ လွမ်းခြုံမှုတော့မရှိဘူး” လို့ ကျောက်မဲ လူငယ်တစ်ဦးကပြောပါတယ်။

သျှမ်းမြောက်ဒေသဟာ ယနေ့အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေကြပြီး၊ တချို့ လက်နက်ကိုင် ဟာ အရပ်သားအသုံးပြုတဲ့ လမ်း၊ ပြည်သူပိုင် တောင်ယာပေါ် မြေမြုပ်မိုင်း ခံတပ်အဖြစ် ပြုလုပ်ခဲ့ကာ စစ်ဆင်ရေး ပြီးစီးပါက မိုင်းရှင်းလင်းရေးကို တခါတည်းပြုလုပ်ပေးရန် ဒေသခံများက တောင်းဆိုလိုက်ကြပါတယ်။

“ဘယ်လက်နက်ကိုင်မဆို မြေမြုပ်မိုင်းတွေ မသုံးစေချင်ဘူး။ မြေမြုပ်မိုင်းကြောင့် တောင်ယာမလုပ်ရဲ၊ တောထဲ အစာမရှာရဲတဲ့ဘဝတွေ ရောက်ကုန်ပြီ” လို့ ကျောက်မဲလူငယ်တစ်ဦးက ဆိုပါတယ်။

သျှမ်းတောင်တန်းပေါ်က မြေမြုပ်မိုင်း ဟာ သျှမ်းပြည်သူတွေရဲ့ အသက်ကို နေ့စဉ်နဲ့အမျှ ဝါးမြိုနေကြတာကို လက်နက်ကိုင်တော်လှန်ရေး သမားတွေနေနဲ့ ဘယ်လို ဆက်ဖြေရှင်းပေးမလဲဆိုတာ အလွန်ပင် စဉ်းစားစရာဖြစ်ပါတယ်။

မြေမြုပ်မိုင်း အသိပညာပေးမှုကို ပြည်သူကိုပဲ ပို့ချလို့မရတဲ့ကိစ္စဖြစ်ပြီး၊ မြေမြုပ်မိုင်းပြုလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးလည်း တာဝန်ရှိပြီး၊ မြေမြုပ်မိုင်း ရှင်းလင်းရေးဟာ လက်နက်ကိုင် ပဋိပက္ခ ပါဝင်နေတဲ့သူတွေ အားလုံး နဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတခုဖြစ်ကြောင်း မြေမြုပ်မိုင်းပညာပေးလုပ်ဆောင်သူတွေက ပြောဆိုလိုက်ပါတယ်။

 
 

 

 

Most read this week

စစ်ကောင်စီ သိမ်းပိုက်လိုက်သည့် ရွာငံ PDF စခန်း
November 26, 2024
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ၊ နွားဘန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး...
November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...
November 22, 2024
သျှမ်းပြည်၊ မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး...