ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက်မှာ စစ်ကောင်စီထုတ်ပြန်ချက်ထက် အဆမတန်များပြားနေသည်ဟု ပရဟိတအဖွဲ့များအပြောအရ သိရသည်။
စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များတွင် ကိုဗစ်-၁၉ ကြောင် သေဆုံးသူနှင့်ပတ်သက်၍ ဇူလိုင်လ ၁၀ ရက်နေ့တွင် ၇၁ ဦး၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ၈၂ ဦး၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ၈၉ ဦး၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ၁၀၉ ဦး၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ၁၄၅ ဦး၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ၁၆၅ ဦး၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ၁၉၀ ဦး၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ၂၃၃ ဦး၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ၂၃၁ ဦး၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၂၈၁ ဦး၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ၂၈၆ ဦး၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ၂၄၇ ဦး၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ၃၁၉ ဦး၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ၃၂၆ ဦးတို့ဖြစ်သည်ဟု ကြေညာသည်။
သို့သော် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသဂြိုလ်ရန် ရုပ်အလောင်းများပို့ဆောင်ပေးနေသော ပရဟိတအဖွဲ့များက မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးနှင့် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုဿာန်တို့တွင်ပင် ဇူလိုင်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ နေ့စဉ် ရုပ်အလောင်း ၅၀၀ နှင့် ၆၀၀ ကြား၊ ရွှေပြည်သာမြို့နယ်ရှိ ကျူချောင်းတွင် ရုပ်အလောင်း ၄၀၀ ဝန်းကျင်ခန့်၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျီစုတွင် ရုပ်အလောင်း ၃၀၀ ဝန်းကျင်ခန့်တို့ သဂြိုလ်ပေးခဲ့ရသည်ဟု ဆိုသည်။
ရန်ကုန်မြို့တွင် ပရဟိတကူညီဆောင်ရွယ်ပေးနေသည့် အဖွဲ့ပေါင်း ၂၀၀ ဝန်းကျင်ခန့်ရှိနေပြီး မြို့နယ် တစ်မြို့နယ်လျှင် အဖွဲ့ပေါင်း ၂၀ ဝန်းကျင်ခန့်ရှိနေသည်။
ကြည်မြင်တိုင်မှ ပရဟိတတစ်ဖွဲ့တည်းကပင် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးသူကို ရေဝေးသုသာန်တွင် သဂြိုလ်ပေးခဲ့သည့် ရုပ်အလောင်း ၁၀၀ ကျော်ရှိသည်ဟု ဆိုသည်။
“ကျွန်တော်တို့ မိတ်ဖက်အသင်းတွေကို လိုက်မေးကြည့်တော့ သဂြိုလ်ပေးတဲ့နေရာ ငါးနေရာနဲ့ဆို အယောက် ၅၀၀ ကျော်လောက်ရှိမယ်“ ဟု သူကပြောသည်။
ပရဟိတအသင်းတစ်ခုမှ ဗော်လံတီယာတစ်ဦးကတော့ “စာရင်းက အတိအကျရရှိဖို့က ခက်တယ်ဗျာ။ နေရာလေးခုလုံးမှာ ပရဟိတအသင်းတွေက သယ်ယူပေးတာရှိတယ်။ စည်ပင်က သယ်ယူပေးတာနဲ့ ဆေးရုံက သယ်ယူပေးတာတွေရှိပါတယ်။ နောက် ကားတစ်စီးကို ရုပ်အလောင်း တစ်လောင်းလို့ပဲ တွက်ထားတယ်။ တစ်ချို့ကားတွေဆို ရုပ်အလောင်း ခုနှစ်လောင်းအထိပါလာတဲ့ အသင်းတသင်းရဲ့ကားတောင်ရှိတယ်“ ဟု ပြောသည်။
အင်းစိန်မြို့နယ်မှ ပရဟိတအသင်းတစ်ခုကလည်း “ကျနော်တို့အသင်းတစ်သင်းတင် တစ်နေ့ကို ရုပ်အလောင်း ၄၀ လောက် ပို့ပေးရတယ်။ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း အဲဒီနှုန်းလောက်ပဲ" ဟု ပြောသည်။
ကြည်မြင်တိုင်မြို့နယ်မှ ပရဟိတအဖွဲ့တစ်ခုက “တစ်နေ့ကို ရုပ်အလောင်း ၄၀ လောက် ကျနော်တို့ သယ်ယူပို့ဆောင်ပေးရတယ်။ ခြေကုန်လက်ပန်းကျတဲ့နေ့ဆို ရုပ်အလောင်း ၂၀ လောက် သယ်ပေးရတယ်။ ဒါ ကျနော်တို့အသင်း တစ်သင်းပဲရှိတယ်“ ဟု ပြောသည်။
ပရဟိတအဖွဲ့များက သဂြိုလ်ပေးသော သေဆုံးသူများတွင် ကိုဗစ်-၁၉ ကြောင့် သေသူဖြစ်သည်ကို မည်သို့သိပါသလဲ ဆိုသောမေးခွန်းနှင့်ပတ်သက်၍ “သေဆုံးလို့ ရုပ်အလောင်းသွားသယ်ရင် ကိုဗစ်ကြောင့် အောက်စီဂျင်ကျလု့ိ သေဆုံးတာလို့ မိသားစုဝင်တွေကပြောကြတယ်။ ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းက ကိုဗစ်ကြောင့်သေတာ “ ဟု ပရဟိတအဖွဲ့တစ်ခုက ဖြေကြားသည်။
အင်းစိန်မြို့နယ်မှ ပရဟိတအဖွဲ့တစ်ခုက “ကားအရေအတွက် အတိကျမမှန်းနိုင်ဘူး။ ရုပ်အလောင်းသယ်တဲ့ကားက တစ်သင်းကို ၄ စီးလောက်အနည်းဆုံးရှိကြတာ အခုချိန်ကြတော့ လူနာသယ်တဲ့ကားပါ အကုန် ရုပ်အလောင်းသယ်ရတာတဲ့ပုံစံမျို ဖြစ်နေတယ်“ ဟု ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် မြေပြင်ကူညီရေးသမားများ ပြောကြားချက် ကွဲလွဲနေသည့်အပေါ် မှတ်ချက်ပေးရာတွင် ကျန်းမာရေးက သတင်းမှားတွေထုတ်ပြန်တာဟု ယတိပြတ်ပြောကြသည်။
သုသာန်တစ်ခုတွင် အလောင်းများပုံနေသောဓာတ်ပုံများ လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့သောအခါ စစ်တပ်ပိုင်မြဝတီရုပ်မြင်သံကြားက ဇူလိုင်လ ၁၉ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာနမှူး ဦးချိုထွန်းအောင်ကို ကိုးကား၍ “မြန်မာနိုင်ငံအနှံအပြားတွင်သာမက ရန်ကုန်မြို့နယ်တွင် နေ့စဉ်သေဆုံးမှု မြင့်တတ်နေခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာတွင် သဂြိုလ်ရန် သေဆုံးသည့်ရုပ်အလောင်းများ ပုံနေခြင်းမှာ လိမ်နေခြင်းဖြစ်ကြောင်း“ ဟု ပါရှိသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ပရဟိတအသင်းက “ဇူလိုင်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၃ ရက်နေ့အထိ ရုပ်အလောင်းပေါင်း ၆၀၀ ကျော်သွားပြီး။ ကျွန်တော်တော်တို့အသင်းက ပုံမှန် တစ်လစာအတွက် သေဆုံးသူစာရင်း/သွားရတဲ့စာရင်းကို ၃၀၀ လောက်လုပ်ထားတာ။ အခု စာရင်းနှစ်ခုနဲ့နောက်စာရင်းတစ်ခုပါ ထပ်ဖွင့်ထားရတယ်။ ဒီလကုန်အထိဆို တစ်ထောင်ကျော်သွားနိုင်တယ်။ တစ်ချို့အသင်းက လူနာတင်ကားတွေပါ ခုံတွေဖြုတ်ထားပြီး။ ရုပ်အလောင်းသယ်တဲ့ကားတွေ လုပ်နေရတယ်။ ရန်ကုန်တိုင်းထဲမှာ တစ်နေ့ကို နှစ်ထောင်ဝန်းကျင် သေနေကြပြီ“ ဟု ပြောသည်။
မဇ္ဈိမသတင်းဌာနအနေဖြင့် ရန်ကုန်မြို့တွင် ပရဟိတ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့များကို မေးမြန်းရာတွင် သေဆုံးသည့် ရုပ်အလောင်းများကို အချိန်မှီ သွားရောက်ယူဆောင်နိုင်ဖို့အတွက် ကြီးမားသည့် အခက်အခဲတစ်ခု ဖြစ်ပေါ်နေပြီး နာရေးအိမ်များမှ နီးစပ်ရာ အိမ်စီးကားများဖြင့် သုဿာန်များကို အချိန်မှီပို့ဆောင်ပေးနေရကြောင်း ပြောဆိုသည်။
ဆက်လက်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်က ပရဟိတအသင်းကမှု “မနေ့က အောက်စီဂျင်ရူတယ်။ ဒီနေ့ကြ အောက်စီဂျင်ကျပြီး ဆုံးပါးတယ်။ မြေပြင်မှာက အိမ်တွေမှာ ဆုံးပါးသွားတဲ့လူတွေကြ ကိုဗစ်ပိုးရှိ/မရှိ ဘယ်သူမှ မစစ်ဆေးနိုင်တာဖြစ်နေတယ်။ နောက် မီးသဂြိုလ်ဖို့ တန်းစီစောင့်နေရတာ။ ရေဝေးနဲ့ထိန်ပင်တို့မှာ မြေနေရာတွေရှိပါတယ်။ မြေတူးပြီး အလောင်းတွေကို မြှပ်ဖို့စီမံသင့်တယ်လို့ မြင်မိတယ်“ ဟု ပြောသည်။
နာရေးကူညီမှု ပရဟိတဆောင်ရွက်ပေးနေတဲ့အသင်းက “တစ်နေ့ကို ရုပ်အလောင်း ၇၀ ကျော်လောက် သဂြိုလ်ပေးဖို့ လုပ်ဆောင်နေရတယ်။ အသင်းတွေအကုန်ပေါင်းလိုက်ရင် တစ်ရက်ကို ပျမ်းမျှအနေနဲ့ နှစ်ထောက်ကျော်လောက်ရှိနေပြီ။ ရုပ်အလောင်းတွေသယ်တဲ့ကားတွေကလည်း လောက်ငမှုမရှိပါဘူး။ ပရဟိတအဖွဲ့တွေက ကားတွေမနိုင်တော့ဘူး။ လမ်းကြောင်းလည်းမနိုင်တော့တဲ့အချိန် သူတို့က ကားမရတော့ ကိုယ့်အစီစဉ်နဲ့သယ်ပေါ့ သုသာန်ကလက်ခံတယ်ဆိုရင် ကိုယ်ကားနဲ့ကိုယ့်သယ်ပါလို့ ပြောနေရတယ်“ ဟု ပြောသည်။
မြေပြင်တွင် ကူညီလုပ်ဆောင်ပေးနေသည့် ပရဟိအဖွဲ့အနေဖြင့် PPE ဝတ်စုံများ၊ နှာခေါင်းစီးအကာကွယ်များနှင့် လက်အိတ်များ လိုအပ်လျက်ရှိနေပြီး လူအင်အားများပြားသည့် အသင်းများအနေဖြင့် တလှည့်စီ အနားပေးပုံစံဖြင့် ကူညီဆောင်ရွက်ပေးနေရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်၌ သုဿာန်များတွင် ရုပ်အလောင်းများကို နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်မှာ ည ၁၀ နာရီဝန်းကျင်အချိန်ထိ မီးသဂြိုလ်ပေးနေတယ်လို့ သိရပါတယ်။
ရေဝေးသုဿာန်တွင် မီးသဂြိုလ်စက် ခြောက်လုံး၊ ထိန်ပင်သုဿာန်တွင် မီးသဂြိုလ်စက် လေးလုံး၊ ကျီစုတွင် မီးသဂြိုလ်စက် နှစ်လုံးနှင့် ကျူချောင်းတွင် တစ်လုံးတို့ဖြင့် သဂြိုလ်ပေးနေရသည်။
ပရဟိတအဖွဲ့များနှင့် မေးမြန်း၍ ကောက်ယူသောစာရင်းတွင် ရန်ကုန်မြို့တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီ၊ လှည်းကူး စသည့်နေရာများမှ သုဿာန်များတွင် နာရေးလုပ်ဆောင်ပေးခဲ့ရသူများ မပါဝင်သေးပါ။