ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ကျပ်တန် ငွေစက္ကူများကို အာဏာသိမ်းစစ်ကောင်စီတပ်သားများထံမှ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် (AA ၊ TNLA ၊ MNDAA) တို့က မေလ (၃၁) ရက်နေ့က သိမ်းဆည်းရမိသည့် သတင်းဓါတ်ပုံသည် မြန်မာလူမှုကွန်ယက် ဖေ့စ်ဘွတ် အသုံးပြုသူများအကြားတွင် ပြန်လည်မျှဝေမှုများပြားသော ဓါတ်ပုံများဖြစ်ခဲ့သည်။
စစ်ကောင်စီတပ်သားများထံမှ လက်နက်များ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ကျပ်တန် ငွေစက္ကူရွက်များအပါအဝင် ငွေစက္ကူအကြွေအနည်းငယ် နှင့် မူးယစ်ဆေးဝါးအချို့ကို နွေဦးတော်လှန်ရေး လေးလပြည့်သည့် မေလ ၃၁ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ ခလရ (၁၂၃) တပ်စခန်းအား ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် (AA ၊ TNLA ၊ MNDAA) တို့ ဝင်ရောက်တိုက်ခိုက်မှုတွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
“လက်နက်ကြီးတွေနဲ့ ဗိုလ်ချုပ်ပိုက်ဆံ တစ်ကျပ်တန်တွေမိထား” နှင့် “ဒု-တပ်ရင်းမှူးအပါအဝင် ၁၁ ဦးသေ” ဟု လူမှုကွန်ယက် သုံးစွဲသူအများစုက မျှဝေခဲ့ကြသည်။ လက်တွေ့တွင် ဝယ်ယူသုံးစွဲရန်အသုံးမဝင်တော့သော တစ်ကျပ်တန်ကို စစ်သားတွေက ဘာကြောင့် ဆောင်ထားကြလဲဆိုတာက မေးခွန်းဖြစ်နေသည်။
လူမှုကွန့်ရက်စာမျက်နှာပေါ်တွင်တွေ့ရသော မှတ်ချက်များအရ တစ်ချို့က စစ်သားတွေ ဗိုလ်ချုပ်ကိုချစ်မြတ်နိုးလို့ ဆောင်ထားတာလား၊ အဆောင်ယတြာလားဟု ထင်ကြသည်။ အမှန်တကယ်မှာတော့ တန်ဖိုးနည်းငွေစက္ကူများသည် စစ်ကောင်စီတပ်သားများ စိတ်ကြွမူးယစ်ဆေးပြားများသုံးရာတွင် အဖြည့်ခံပစ္စည်း ဖြစ်လာရတော့သည်။
ယခုဆောင်းပါးအတွက် သတင်းအချက်အလက်များ ကူညီပံ့ပိုးသည့်၊ အင်တာဗျူးမေးခွန်းများကို ပြန်လည်ဖြေကြားသည့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးအတွက် အမည်လွှဲများဖြင့် ဖော်ပြသွားမည်ဖြစ်သည်။
မူးယစ်ဆေးစွဲဖူးသူ လူငယ်တဦးက “သေချာတာတစ်ခုက ဒီခေတ်မှာ ဒီပိုက်ဆံတွေက သုံးမရတော့ဘူး။ အဆောင်ယတြာအနေနဲ့ ယူလာတာလား ဒွိဟဖြစ်စရာတော့ ကောင်းတယ်။ သူတို့က ဒါတွေလည်း ယုံတာကိုး။ ဒါပေမယ့် တစ်ကျပ်တန်အများကြီး ယူလာတာဆိုတော့ တောထဲတောင်ထဲမှာ ချက်ခြင်းစက္ကူလိုက်ရှာဖို့ဆိုတာ မလွယ်ဘူး။ ဝါးရှာဖို့ဆိုတာလည်း တောတိုင်းမှာ ဝါးမပေါက်ဘူး။ စက္ကူနဲ့ရှူတာက ဝါးထက် လုပ်ရကိုင်ရတာ ပိုမြန်ဆန်တယ်။ ဝါးဆို ခုတ်ဦး၊ လိုတဲ့ဆိုဒ်ရအောင်ရှာဦး၊ ဝါးတိုင်းကလည်း ခုတ်မရသလို အဲ့လိုအရွယ်အစားကလည်း နေရာတိုင်းမှာမရှိဘူး။ ဒါကြောင့် ဆေးသုံးဖို့ ယူလာတာပဲဖြစ်နိုင်တယ်” ဟု သူ၏အတွေ့အကြုံဖြင့် သုံးသပ်သည်။
မေလ ၃၁ ရက်နေ့ မနက် ၁ နာရီ နမ့်ဖက်ကာတိုက်ပွဲတွင် ပါဝင်ခဲ့သူ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်ကို ဆက်သွယ်မေးမြန်းရာတွင် စစ်လက်နက်ပစ္စည်းများနှင့်အတူ ယာဘအထုပ်၊ ခဲပြား၊ ပိုက်ဆံအကြွေများ သိမ်းဆည်းရမိသည်မှာ မှန်ကန်ကြောင်း ပြန်လည်ဖြေကြားသည်။
“စိတ်ကြွဆေး ယာဘ မီးခိုးရှို့ထားတဲ့ ပိုက်ဆံတွေပါရှိတယ်။ စခန်းသိမ်းမှာ အဲ့ဒါတွေပါရတယ်” ဟု ၎င်းကဆိုသည်။
မြန်မာပြည်တွင်းရှိ မူးယစ်ဆေးသုံးစွဲသူများအကြား စိတ်ကြွဆေးပြား ယာဘ၊ ဆေးခြောက်၊ ဘိန်းမဲ (ကျွဲ)၊ ဘိန်းဖြူနှင့် ကော်ရှူ ခြင်းများကို အများဆုံးအသုံးပြုသည်ကို တွေ့ရသည်။
ယာဘ၊ ရာမ၊ မြင်းဆေး၊ ရေဝေး၊ အသီး၊ အလုံး၊ ဘောလုံး၊ ဝေယံစသည်တို့အပါအဝင် နာမည်များစွာရှိလှသည့် ယာဘ စိတ်ကြွဆေးပြားများမှာ ဈေးနှုန်းသက်သာခြင်း၊ ဝယ်ယူရလွယ်ကူခြင်း၊ နေရာဒေသနှင့် အချိန်အခါမရွေး လွယ်လင့်တကူ သုံးစွဲနိုင်ခြင်းတို့ကြောင့် လူသုံးအများဆုံးဖြစ်သည်။
ဈေးကွက်တွင် WY သို့မဟုတ် ၈၈၈ (ရှစ်သုံးလုံး) တံဆိပ် ရိုက်နှိပ်ထားသည့် ဆေးပြားများမှာ လူသုံးအများဆုံးဖြစ်ပြီး ဆေးပြားအများဆုံးထွက်ရှိရာ ကျိုင်းတုံ-တာချီလိတ်ဝန်းကျင်တွင် ဆေးပြားတစ်ပြားလျှင် မြန်မာငွေကျပ် ၂၀၀ မှ ၁,၀၀၀ ထိ ဈေးရှိပြီး ယင်းဒေသမှ ဝေးကွာလာလျှင် သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် ဈေးပိုမိုမြင့်တက်လာသည်။
ယာမဆေးပြားများကို အငွေ့တိုက်ရိုက်ရှူနည်းဖြင့်သော်လည်းကောင်း၊ ရေကိုဖြတ်၍ ပါဝင်ဓာတုပစ္စည်းများကို ဖယ်ထုတ်ပြီးမှ အငွေ့ရှူနည်းဖြင့်သော်လည်းကောင်း အသုံးပြုနိုင်သည်။ ရေကိုဖြတ်၍ အငွေ့ရှူရာတွင် ပလတ်စတစ်ပုလင်းနှင့် ပလတ်တစ်ပိုက်ကဲ့သို့သော ပစ္စည်းများအပြင် အထိုင်ကျ အသုံးပြုနိုင်မည့် နေရာထိုင်ခင်းတစ်ခုလည်း လိုအပ်မည်ဖြစ်သည်။ ယင်းအပြင် ထိုပစ္စည်းများမှာ တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် ဖမ်းခံနိုင်ချေများသည့်အတွက် သယ်ယူသွား၍ မဖြစ်နိုင်ပေ။
အငွေ့တိုက်ရိုက်ရှူနည်းကို အသုံးပြုမည်ဆိုပါက ဆေးသုံးစွဲရန်အတွက် မီးခြစ်၊ ဆေးပြားကို အပူအနည်းငယ် ပေးရန်အတွက် ခဲပြားနှင့် အငွေ့ရှူပိုက်အဖြစ် အရွယ်အစား နှစ်မီလီလီတာလောက်အထိ သေးငယ်အောင်လိပ်နိုင်မည့် စက္ကူ (သို့မဟုတ်) ငွေစက္ကူ (သို့မဟုတ်) ဝါးပိုက်တို့လိုအပ်သည်။ အပူငွေ့ကို တိုက်ရိုက်ရှူသွင်းသည့်အတွက် အပူဒဏ်မခံနိုင်သည့် ပလတ်စတစ်ပိုက်များသည် တိုက်ရိုက်အငွေ့ရှူသူများအတွက် အသုံးမဝင်ပေ။ တိုက်ရိုက်အငွေ့ရှူနည်းကို နေရာအတည်တကျမနေထိုင်ဘဲ တနေရာမှတနေရာ ပြောင်းရွေ့နေရသည့် မူးယစ်ဆေးစွဲသူများက သုံးစွဲကြသည့်အတွက် လူသုံးနည်းပါးသည့် တစ်ကျပ်တန်၊ နှစ်ဆယ်တန်၊ ငါးဆယ်တန် ကဲ့သို့သော ငွေစက္ကူများသည်သာလျှင် ၎င်းတို့အတွက် အသင့်တော်ဆုံးသော အကူပစ္စည်းများ ဖြစ်လာတော့သည်။
“ပိုက်ဆံက မာမာတောင့်တောင့်လေး ဖြစ်နေဖို့လိုတယ်။ လူသုံးများပြီး ဟောင်းနွမ်းနေတဲ့ပိုက်ဆံဖြစ်လို့မရဘူး။ များသောအားဖြင့် တစ်ကျပ်တန်တွေ၊ တစ်ဆယ်တန် ၊ နှစ်ဆယ်၊ ငါးဆယ်ကို အသုံးများတယ်။ ပိုက်ဆံဆိုဒ်အသေးဖြစ်လို့ လိပ်ရအဆင်ပြေတယ်။ လိုအပ်တဲ့ ဆိုက်ကွက်တိကျတယ်။ ခဲပြားမရှိရင်လည်း ပိုက်ဆံပေါ် ဆေးပြားတင်ပြီး မီးခြစ်လေးနဲ့ အပူပေးပြီး အငွေ့ထုတ်လို့ရပြန်တယ်၊ တကယ့် ဆေးသမားဆို တစ်ရွက်ကနေ နှစ်ရွက်အထိ အများဆုံးပဲလိုတယ်။ ဆေးသမားက လိပ်ထားပြီးရင် အဲ့ပိုက်ဆံကို မဖြည်တော့ဘူး။ ဆေးရုတ်တရက် လိုတဲ့အချိန်ကျရင် ပိုက်ဆံမှာကပ်နေတဲ့ ဆေးဂျိုးတွေကို ပြန်ရှူလို့ရလို့။ ဆေးသမားအနေနဲ့က ကျပ်တသောင်းတန်နဲ့ သုံးရအောင်ကျ မမိုက်ဘူးလေ" ဟု ဆိုသည်။
စစ်ကောင်စီတပ်သားများ၏ စစ်စခန်းများတွင် သိမ်းဆည်းရမိသည့် ဗိုလ်ချုပ်ရုပ်ပုံပါ တစ်ကျပ်တန် ငွေစက္ကူကဲ့သို့သော ယနေ့ခေတ်တွင် အမှတ်တရ သိမ်းဆည်းသူအချို့မှလွဲ၍ သုံးစွဲမှုမရှိတော့သည့် ငွေစက္ကူများသည် မူးယစ်ဆေးသုံးစွဲသူများအတွက်တော့ အဖြည့်ခံပစ္စည်းများအဖြစ် အသွင်ပြောင်းခဲ့ပြီဖြစ်သည်။
မဇ္ဈိမ၏ ဤဆောင်းပါးအတွက် စုံစမ်းဖော်ထုတ်လက်ခံရရှိခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လျှို့ဝှက်အစည်းအဝေးမှတ်တမ်းများအရ မြန်မာစစ်တပ်အတွင်း မူးယစ်ဆေးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှု၊ အခကြေးငွေယူ၍ မူးယစ်ဆေးသယ်ဆောင်မှုများသည် ကြီးမားသော ပြဿနာတစ်ရပ်အဖြစ် ၂၀၁၂ - ၂၀၁၃ ခုနှစ်ခန့်မှ စတင်နေကြောင်း တွေ့ရှိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ (ဝ၉:ဝဝ) နာရီအချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော တပ်မတော်စည်းရုံးရေးဗဟိုဦးစီးကော်မတီ၏ (၆/၂၀၁၃) ကြိမ်မြောက်အစည်းအဝေး မူးယစ်ဆေးဝါးနှင့်စပ်လျဉ်းပြီး အောက်ပါအတိုင်း မှာကြားခဲ့သည်ကို အထက်ပါ စုံစမ်းရရှိထားသည့် အစည်းအဝေးမှတ်တမ်း လျှို့ဝှက်စာရွက်စာတမ်းများတွင် တွေ့ရှိရသည်။
“မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သုံးစွဲမှုပြဿနာများသည် တပ်မတော်တစ်ရပ်လုံးတွင် အတိုင်းအတာတစ်ခုအထိ ရိုက်ခတ်နေသည်ကို ငြင်း၍မရကြောင်း၊ ယနေ့ထိ လက်ရှိ ပြင်ပတွင် လူငယ်များ ကော်ရှူနေသည်ကို ကြားသိရကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် မိမိတို့အတွက် ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်ကြောင်း၊ တပ်မတော်အတွင်း အမြစ်တွယ်မလာစေရန် စည်းရုံးရေးနှင့် ကြပ်မတ်ကွပ်ကဲမှုနည်းလမ်းအရ ထိန်းသိမ်းရန်ပြောလိုကြောင်း၊ ယခုဖြစ်နေသည်မှာ ရှေ့တွင်ဖြောင့်နေအောင်ပြောပြီး ကွယ်ရာတွင် လုပ်ချင်ရာလုပ်ကြကြောင်း၊ ကြပ်မတ်လုပ်ဆောင်ရန်လိုကြောင်း” ယင်းက အစည်းဝေးတက်ရောက်သူများကို မှာကြားထားခြင်းဖြစ်သည်။
၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုစတင်ပြီး ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် နေ့စဉ်ထုတ်သတင်းစာများ ပြန်လည်ပေါ်ထွက်လာခြင်း၊ မိုဘိုင်းဖုန်းများတွင် အင်တာနက်သုံးစွဲလာနိုင်ပြီး ဖေ့စ်ဘွတ်စ်ကဲ့သို့ လူမှုကွန်ယက်တွင် သတင်းအချက်အလက် မျှဝေစီးဆင်းမှု အရှိန်စရလာသည့်အခါ မြန်မာစစ်တပ်ဖွဲ့ဝင်များ၏ မူးယစ်ဆေးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွင် အခကြေးငွေယူကာ ဝင်ရောက်လုပ်ကိုင်သည့် သတင်းများမှာ သတင်းအမှောင်ခေတ်ကကဲ့သို့ ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ဘဲ ပြည်သူများထံ ရောက်ရှိလာတော့သည်။
ထိုစဉ်က စစ်ဥပဒေချုပ် ဗိုလ်ချုပ်ရဲအောင်၏ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၄းဝဝ နာရီအချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီ၏ (၈/၂၀၁၂) ကြိမ်မြောက်အစည်းအဝေးနှင့် တပ်မတော်စည်းရုံးရေးကော်မတီ၏ (၆/၂၀၁၂) ကြိမ်မြောက် အစည်းအဝေးမှတ်တမ်းတွင်လည်း အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။
"တပ်မတော်ရှိ စစ်သည် မိသားစု၊ မှီခိုများအနေဖြင့် ဥပဒေ၏ ထူးခြားသော သဘောသဘာဝကိုမသိရှိခြင်း၊ လတ်တလော စီးပွားရေးပြေလည်မှုကိုအကြောင်းပြုပြီး မူးယစ်ဆေးဝါးများကို သယ်ယူခြင်း၊ ပို့ဆောင်ပေးခြင်း၊ ရောင်းဝယ်ခြင်းများကြောင့် ကြီးလေးသောပြစ်ဒဏ်များ ကျခံနေရကြောင်း၊ ၂၀၁၂ ခုနှစ် ပထမလေးလပတ်မှ ဒုတိယလေးလပတ်အထိ ကာလအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ပြစ်မှုကျူးလွန်ခဲ့သူများမှာ အရာရှိ/စစ်သည်များသာမက မှီခိုသူအိမ်ထောင်သည်ရဲမေများ၊ သားသမီးများပါ ပါဝင်ကျူးလွန်နေသည်ကို တွေ့ရှိရသည့်အတွက် ပြစ်မှုဖြစ်ပွားရသည့်အကြောင်းအရင်းများကို သင်ခန်းစာယူ ဆင်ခြင်နိုင်ရန်အတွက် သိရှိသင့်သောအချို့ပြစ်မှုများ..." ဟူ၍ ဖော်ပြပါရှိသည်။
ယင်းမှတ်တမ်းတွင် ဖော်ပြထားသည့် ပြစ်မှုနမူနာများတွင် ကျူးလွန်သူများသည် အမှတ် (၂) စစ်ဘက်ရေးရာလုံခြုံရေးတပ်စု (ကလေး) မှ ဗိုလ်ကြီး၊ အမှတ် (၃၂၄) ခြေမြန်တပ်ရင်းမှ တပ်သား၊ အမှတ် (၅၇၇) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး၊ ခမရ(၃၀၃) မှ တပ်သားနှင့် တပ်ကြပ်၊ တတက (၂) မှ ဒု-အရာခံဗိုလ်၏ ဇနီးနှင့် တပ်မတော်နည်းပညာတက္ကသိုလ် (ဟိုပုံး) မှ တပ်ကြပ်၏ဇနီး အစရှိသူများကို မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်သည့် ပြစ်မှုများနှင့် ဖြစ်စဉ်များကို ရာထူး၊ ကိုယ်ပိုင်နံပတ်၊ အမည်၊ မှုခင်းဖြစ်စဉ်များဖြင့် အတိအကျ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။
ယင်းမှတ်တမ်းတွင် တပ်မတော်တွင် ၂၀၁၂ ခုနှစ်၊ ပထမလေးလပတ်တွင် အခြားအဆင့်တစ်ဦး၊ ဒုတိယလေးလပတ်တွင် အရာရှိတစ်ဦး၊ အခြားအဆင့် သုံးဦး၊ မှီခို နှစ်ဦး၊ စက်တင်ဘာလတွင် မှီခိုတစ်ဦး၊ အောက်တိုဘာလတွင် အခြားအဆင့်တစ်ဦး စုစုပေါင်းအရာရှိ တစ်ဦး၊ အခြားအဆင့် ငါးဦး၊ မှီခို သုံးဦး၊ ပေါင်းကိုးဦး ရှိသည်ဟူ၍ ဖော်ပြထားသည်။ ယင်းအရေအတွက်မှာ မြန်မာပြည်တွင်းရှိ သတင်းမီဒီယာများတွင် သတင်းအဖြစ် ဖော်ပြခြင်းခံခဲ့ရသည့် ပြစ်မှုကျူးလွန်သူအရေအတွက်မျှသာ ဖြစ်သည်။
မြန်မာစစ်တပ်အတွင်း မူးယစ်ဆေးပြဿနာအပေါ် မဇ္ဈိမက တိုင်းရင်းသားလက်နက်ကိုင်များထံ စုံစမ်း မေးမြန်းခဲ့ရာ “သိထားမြင်ထားသလောက် က တပ်စခန်းတွေ သိမ်းတဲ့အခါမှာ တွေ့ရတယ်။ မူးယစ်ဆေးတွေ တွေ့ရတယ်။ လမ်းကြောင်းမှာ လုံခြုံရေးအရ နယ်မြေရှင်းလင်းရင် မြင်တွေ့ရတတ်ပါတယ်။ စတင်လှုပ်ရှားတဲ့ အချိန်ကတည်းက ဒါတွေတွေ့ရတာ။ ၂၀၁၁ - ၂၀၁၂ သိပ်မတွေ့ရသေးဘူး။ ၂၀၁၄ နောက်ပိုင်းမှာ ပိုတွေ့လာရတယ်။ အခု အာဏာသိမ်းထားတဲ့ ကာလမှာ ထိုးစစ်ဆင်တာတွေရှိတယ်။ တိုက်ပွဲတွေ ဖြစ်တဲ့ အခါမှာ ကျဆုံးသူတွေမှာ တွေ့ရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ ဖြေကြားချက်အရ မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များထံမှ စိတ်ကြွဆေးပြား ယာဘနှင့် ဘိန်းဖြူအများဆုံး သိမ်းဆည်းရမိပြီး WY နှင့် 88 (1) ဆေးပြားများကို အများဆုံး တွေ့ရသည်ဟု သိရသည်။ (88 ဆေးပြားသည် [ပြောင်၊ 0 ၊ 1 ၊ 2 ၊ 8] ဟူ၍ အစားစားရှိသည်။) မြောက်ပိုင်းတပ်ဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပွားသည့် တပ်မဌာနချုပ်များအနက်မှ တပ်မ (၇၇)၊ (၈၈) နှင့် တပ်မ (၉၉) တို့တွင် ပိုမိုသိမ်းဆည်းရမိပြီး စခန်းသိမ်းတိုက်ပွဲများတွင် အများဆုံးသိမ်းဆည်းရမိသည်မှာ အမှတ် (၈၈) တပ်မဌာနချုပ်ထံမှဖြစ်သည်ဟု ဖြေကြားသည်။
“အဆိုးဆုံးက တပ်မ (၈၈) တွေပဲ။ ပမာဏ သုံးလေးထုပ်ထိကို သိမ်းမိတာ။ တစ်ထုပ်ကို ဆေးပြား အလုံး ၂၀၀ ပါတယ်ပေါ့။ ဆက်စပ် ပစ္စည်းစလင်း (Syringe ဆေးထိုးအပ်) တွေပါ တွေ့ရတယ်။ ဆေးထိုးအပ်တွေဆိုတာကတော့ ဆရာဝန်သုံးတာတွေလည်း တွေ့တတ်တယ်။ ဒါပေမယ့် ခဲပြား ဗူးခွံတွေပါ ပါတယ်ဆိုတော့ ကျန်းမာရေးအတွက် မဟုတ်တော့ဘူးပါ့” ဟု သတင်းရင်းမြစ်က ဆိုသည်။
တိုက်ပွဲများ၊ စစ်ပွဲများအတွင်း မူးယစ်ဆေးအသုံးပြု တိုက်ခိုက်မှုများကြောင့် “လက်အောက်ငယ်သားတွေက ဒါတွေသုံးတော့ ဘာမှ မစဉ်းစားတတ်တော့ဘူး။ အထက်လူကြီးတွေက ခိုင်းတယ်။ အကုန်လုပ်တာပဲ။ အသေလည်းခံကြတယ်။ ခိုင်းသမျှလုပ်တယ်။ ဆေးဖိုးမရှိရင် အိမ်တွေ ဖောက်ထွင်းဝင်တယ်။ ဓါးပြတိုက်တယ်။ အဓမ္မကျူးလွန်တာတွေလည်းရှိတယ်” ဟု ၎င်းက ဆက်လက်မှတ်ချက်ပြုသည်။
မူးယစ်ဆေးဖြတ် ကိစ္စရပ်များကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် လုပ်ကိုင်နေသည့် လုပ်သက်ရင့် ဆရာဝန်တစ်ဦးက “အများအပြားသုံးစွဲမှုကြောင့် ပျော်ရွှင်မှုခံစားရသည့်အရသာထက် လက်ရဲ၊ ဇက်ရဲ ၊ မိုက်ရူးရဲဆန်နိုင်တဲ့ သတ္တိကို ယာဘက ရစေတယ်။ အရက်သောက်ထားရင်တောင် အရက်ရဲ့ ဒယိမ်းဒယိုင်ဖြစ်တဲ့ အာနိသင်ကို ယာဘက ထိန်းထားနိုင်တယ်။ လူက ယာဘသုံးထားတဲ့အခါ အရက်မူးနေရင်တောင် လမ်းကောင်းကောင်းလျောက်နိုင်တဲ့အထိ ထိန်းထားနိုင်တာ ယာဘပဲ” ဟု ရှင်းပြသည်။
ရန်ကုန်မြို့အတွင်း ပုဒ်မ ၅၀၅-က ဖြင့် ဝရမ်းထုတ်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ကိုမောင်မောင်က သူ၏အတွေ့အကြုံကို ယခုကဲ့သို့ ပြန်ပြောင်းပြောပြသည်။
“စစ်ကားသုံးစီးလောက်နဲ့ သူတို့ ကျွန်တော့်ကို ဖမ်းဖို့လာတာ၊ အခန်းမှားပြီး မျက်နှာချင်းဆိုင် အခန်းကိုဝင်စီးတယ်။ သူတို့ဆီက အရက်နံ့တွေက ကျွန်တော်ရှိနေတဲ့ ဒီဘက်အခန်းထိရတယ်။ တော်တော်ကွဲနေကြတာ။ လမ်းပေါ်မှာကျန်ခဲ့တဲ့ ကောင်တွေက “သေရဲတဲ့ကောင်ထွက်ခဲ့စမ်း” ဆို အော်ဟစ်နေတယ်။ ကျွန်တော့်အတွေးထဲက အဲ့ညကို ဘယ်လိုမှ ထုတ်ပစ်လို့မရဘူး။ ဒီအော်သံကို ခုထိ နားထဲကြားနေတယ်” ဟု ဆိုသည်။
မူးယစ်ဆေးသုံးပြီး တိုက်ပွဲဆင်နွှဲနေတယ်လို့ ယူဆရတာကြောင့် တိုင်းရင်းသားတွေအပေါ်ရော ဘယ်လိုသက်ရောက်နေလဲဟု မဇ္ဈိမ၏ မေးမြန်းချက်ကို TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်မှ “လူထုရဲ့စီးပွါးဥစ္စာတွေ မတရားလုယူတာမျိုးတွေ ဖြစ်လာနိုင်တယ်။ ငွေကြေးလိုအပ်တာကိုး။လူစိတ်ပျောက်တဲ့အခါ လူထုကို မရားနှိပ်စက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ အရင်တုန်းက မူးယစ်ဆေးဝါးဆို တောတွင်းကျေးရွာတွေမှာ တိုက်ဖျက်ရတယ်။ အခုတော့ ရဲတွေ စစ်သားတွေစိုးမိုးတဲ့ မြို့ပေါ်မှာ တရားဝင်ရနိုင်တယ်။ ဝယ်လို့မရတဲ့မြို့ကို မရှိသလောက်ပဲ” ဟု ပြန်လည်ဖြေကြားသည်။
အထက်ဖော်ပြပါကိစ္စများနှင့် စပ်လျဉ်းပြီး အစဉ်တစိုက် သတင်းများ ရေးသားဖော်ပြလျက်ရှိနေသည့် ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် သတင်းမီဒီယာသမားများထံ မြန်မာစစ်တပ်အတွင်း မူးယစ်ဆေးသုံးစွဲမှုနှင့် စပ်လျဉ်းပြီး စုံစမ်းမေးမြန်းခဲ့သည်။ ၎င်းတို့ လက်ရှိရေးသားဖော်ပြခဲ့ပြီးသော သတင်းများနှင့် မြေပြင်တွင် သတင်းအချက်အလက် ရယူစုဆောင်းချက်များအရ ယခင်က မူးယစ်ဆေးသုံးစွဲမှုမှာ တိတ်တိတ်ပုန်းဖြစ်ပွားနေရာမှ ယခု အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါ်တင်တင် သုံးစွဲလာသည်ကို မြင်တွေ့ရသည်ဟု ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့သည့် တိုက်ပွဲများအပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများတွင်လည်း တိုက်ပွဲတိုင်းလိုလိုမှာပင် မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို တွေ့မြင်ရကြောင်း အခိုင်အမာဆိုကြသည်။
“အခုလောလောလတ်လတ်ဆိုရင် ကွတ်ခိုင် နမ့်ဖက်ကာမှာ မူးယစ်ဆေးနဲ့ ဆေးသုံးပစ္စည်းတွေ သိမ်းဆည်းရမိတာရှိတယ်။ နောက်တလောလေးက ဖြစ်သွားတဲ့ သီလရှင်ဆရာလေး အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်တွေရှိတယ်၊ ကျွန်တော်တို့မှာ မျက်မြင်သက်သေတွေ၊ အထောက်အထားမှတ်တမ်း သတင်းဓါတ်ပုံတွေရှိတယ်၊ ရှမ်းမြောက်မှာ ၂၀၁၁ -၂၀၁၂ ကတည်းက ကျွန်တော်တို့ ဒီသတင်းတွေ စရေးခဲ့တာ၊ ခုဆို မြို့တွေအနီးဝန်းကျင်မှာ ဆေးသုံးစခန်းတွေကို ရှိနေတယ်၊ ဒီနေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပေါ်ပေါ်တင်တင် သုံးစွဲနေကြတာကိုတောင် မြင်နိုင်ပါတယ်” ဟု သတင်းထောက်တစ်ဦးက မူးယစ်ဆေးကိစ္စများကို သတင်းရယူလျက်ရှိသည့် သူ၏အတွေ့အကြုံကို ပြောပြသည်။
မြန်မာစစ်တပ်တွင် စစ်ရေးမဟာဗျူဟာ သင်ကြားရေးဆရာဖြစ်ခဲ့ဖူးသူ အငြိမ်းစားစစ်မှုထမ်းတစ်ဦးနှင့် တွေ့ဆုံပြီး ယခုဖြစ်စဉ်များအပေါ် သူ၏ အမြင်ကို မေးမြန်းခဲ့ရာ ယခုကဲ့သို့ သူက သုံးသပ်သည်။
“အဓိက ကတော့ စစ်တပ်က လူသစ်စုဆောင်းရ ခက်လာတာ။ နိုင်ငံကပြောင်းသွားတော့ အရင်ခေတ်တွေကလို အသက်မပြည့်သေးတဲ့ ကလေး စစ်သားတွေ၊ အတင်းအဓမ္မ လူသစ်စုတာတွေ လုပ်လို့မရတော့ဘူး။ နောက် လူငယ်တွေမှာ ပညာသင်ဖို့ အခွင့်အလမ်းတွေပေါလာတယ်။ အလုပ်အကိုင်တွေလည်း ဒီဆယ်စုနှစ်အတွင်း များလာတယ်။ ရွေးချယ်စရာတွေ များလာတယ်။ စစ်သားအလုပ်ဟာ လူငယ်တွေကို မဆွဲဆောင်နိုင်တော့ဘူး။ ဒီတော့ ရပ်ရွာထဲက ဆေးသမားဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဆွဲခေါ်ရတော့တာပဲ။ ဆေးစွဲနေတဲ့ လူငယ်တွေကျတော့ အိမ်မှာလည်း ပြဿနာရှာကြတော့ မိသားစုတွေကိုယ်တိုင်ကိုက တပ်ထဲလာသွင်းလိုက်တာတွေရှိတယ်။ ဒါတွေက အကြောင်းရင်းတစ်ခုပေါ့။ အကျိုးဆက်ကတော့ အခု မြင်ရတဲ့အတိုင်းပဲ။ ခြေလျင်တိုက်ပွဲမှာ သူတို့ဘက်က နိုင်တာကို မရှိသလောက်ပဲ။ လေကြောင်းတွေ ဘာတွေ ပြည်တွင်းစစ်မှာ ပစ်ကူနေရတာ မြင်လို့တောင်မကောင်းဘူး” ဟု သုံးသပ်သည်။
အာဏာသိမ်း စစ်ဗိုလ်ချုပ်များအနေဖြင့် ၂၀၁၂ ခန့်ကတည်းက တပ်တွင်း မူးယစ်ဆေးပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့ပုံရသော်လည်း အဆုံးသတ်နိုင်မည့် လက်တွေ့ကျသည့် နည်းလမ်းကို ယနေ့ထိတိုင် ရှာဖွေနိုင်စွမ်းမရှိသည်မှာ မေးခွန်းထုတ်ဖွယ်ရာပင် ဖြစ်သည်။
၂၀၂၀ မေလ ၁၈ ရက်နေ့က မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က အရှေ့နှင့် အရှေ့တောင်အာရှ သမိုင်းတခုလုံးတွင် အများအပြားဆုံး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်ဟု တရားဝင် ထုတ်ပြန်ခဲ့သည်။
မကြာမီက UNODC က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်လည်း အာဆီယံဒေသအတွင်း ရှမ်းပြည်နယ် သည် မက်သ်အမ်ဖက်တမင်း အဓိကထုတ်လုပ်သည့် နေရာအဖြစ် ဆက်ရှိနေမည်ဖြစ်ပြီး COVID-19 ကူးစက်မှုကြောင့် အသွားအလာ ကန့်သတ်ထားမှုကို ရာဇဝတ်ဂိုဏ်းများမှ အခွင့်ကောင်းယူပြီး မြန်မာပြည်တွင်းတွင် မူးယစ်ဆေးဝါး တိုးချဲ့ထုတ်လုပ်ခြင်းပြုလုပ်နေကြောင်း ဖော်ပြထားသည်။
စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲမတည်ငြိမ်မှုကြောင့် ရဲလုပ်ငန်းနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက်ကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်ကြောင်းနှင့် မြန်မာ့စီးပွါးရေး ပြန်လည်နလန်မထူနိုင်ပါက ဘိန်းထုတ်လုပ်မှု တိုးလာဖွယ်ရှိကြောင်းလည်း UNODC က ခန့်မှန်းထားသည်။
လက်ရှိတွင် နိုင်ငံအနှံ့ စစ်မျက်နှာ ဖွင့်ထားရသည့် အာဏာသိမ်းစစ်တပ်အနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များကို ယခင် အတိတ်ကကဲ့သို့ ငြိမ်းချမ်းရေးကမ်းလှမ်းပြီး မူးယစ်ဆေးလို ကိစ္စရပ်တွေနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ သဘော တူညီချက်တွေ ရယူဦးမည်လားဆိုသည်ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လေ့လာသုံးသပ်သူများက စောင့်ကြည့်နေကြသည်။
TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ “လုံးဝပပျောက်အောင်လုပ်ဖို့ဆိုက အခု မူးယစ်ဆေးက မြို့ပေါ်ကလာတာဖြစ်နေတယ်။ ပြည်တွင်း ကနေ ပြန်လာတာပေါ့။ အာဏာပိုင်အဖွဲ့အစည်းတွေ ရဲတွေ တရားဥပဒေစိုးမိုးဖို့ လုပ်ရတဲ့အဖွဲ့တွေက မလုပ်လို့ ဒါတွေက ရှိနေတာပေ့ါ။ အတွင်းပိုင်းက ဖိဖိစီးစီးမလုပ်လို့ပေါ့။ အတွင်းဘက်က သေချာလုပ်ရင် မပပျောက်ရင်တောင် လျော့ကျသွားမယ့် အနေအထားရှိပါတယ်” ဟု ပြောသည်။