KNDO စစ်ဦးစီးချုပ်ကို တာဝန်ယာယီရပ်ဆိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ KNU ဒု-ဥက္ကဌနှင့် မေးမြန်းချက်

KNDO စစ်ဦးစီးချုပ်ကို တာဝန်ယာယီရပ်ဆိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ KNU ဒု-ဥက္ကဌနှင့် မေးမြန်းချက်



ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကာကွယ်ရေးဌာနက ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် အခြားတပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်စောဘာဝါးတို့နှစ်ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ဇူလိုင်လ ၈ ရက်နေ့က အသိပေးအကြောင်းကြားစာကိစ္စနှင့်ပတ်သက်၍  KNU ဒု-ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကို ကေအိုင်စီ-ကရင်သတင်းဌာနက မေးထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး - KNDO စစ်ဦးစီးချုပ်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ရတဲ့အခြေအနေလေးကို ကနဦး ရှင်းပြပေးပါအုံး။

လူ့အခွင့်အရေးအရ လိုက်နာလုပ်ဆောင်ရတာပဲ။ ဒီလိုဖြစ်ပေါ်တဲ့ ကိစ္စရပ်အပေါ်မှာ တာဝန်ရှိသူတွေအနေနဲ့က အထက်ကို တင်ပြရမဲ့တာဝန်ရှိတာပဲ။ ဒါပေမဲ့ ဒီကိစ္စကို လူတွေ ဆိုရှယ်မီဒီယာပေါ်တင်မှ ကျနော်တို့ မြင်တွေ့သိရတာ။ အဲ့ဒီအခါကျမှ အခြေအနေကို ပြန်လိုက်မေးနေရတာ။ ဒီလို လိုက်မမေးခင်ကတည်းက သက်ဆိုင်တဲ့သူတွေက မီဒီယာပေါ် ရုပ်ပုံတွေ၊ ရုပ်သံတွေ တင်တာမျိုးတွေ့ရတယ်။ ဒါက တင်သင့်တဲ့အရာတွေမဟုတ်ဘူး။ အဲ့တော့ အဖွဲ့အစည်းမှာရှိတဲ့ စည်းမျဉ်းဥပဒေအတိုင်း တာဝန်ရှိသူတွေက အကြောင်းအရာကို စုံစမ်းစစ်ဆေးပြီး တင်ပြရမဲ့တာဝန်ရှိတယ်။ ဒီလို စုံစမ်းစစ်ဆေးဖို့ဆိုတာကလည်း အဖွဲ့အစည်းရဲ့ ပေးအပ်ထားတဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်အတိုင်း လုပ်ဆောင်တာပါပဲ။ ဒီတာဝန်ရှိသူတွေက အမြဲတမ်းကော်မတီပဲဖြစ်ဖြစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီပဲဖြစ်ဖြစ် သူတို့ကို ကွန်ကရက်ကနေ ရွေးကောက်တင်မြှောက်ပြီးတော့ တာဝန်ပေးအပ်ထားသလို အလားတူ စစ်ဦးစီးခေါင်းဆောင်တွေ၊ ကာကွယ်ရေးခေါင်းဆောင်တွေဆိုတာကလည်း အမြဲတမ်းကော်မတီနဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီတို့ကနေ ရွေးချယ်တာဝန်ပေးထားတာပဲ။

အခုဖြစ်တဲ့ကိစ္စတွေအပေါ် KNDO စစ်ဦးစီးကို ဗဟိုက ဆင့်ခေါ်တယ် လာတွေ့ဖို့။ ဒါပေမဲ့ သူကိုယ်တိုင်မလာဘူး။ အဲ့လိုမလာတဲ့အတွက် ကျနော်တို့ အဲ့လိုဆုံးဖြတ်တာပဲ။ ရာထူးကျတော့ ယခင် ဗိုလ်မှူးချုပ်ကတော့ ဆက်ရှိမယ်။ ဒါပေမဲ့ ဒီစုံစမ်းစစ်ဆေးတဲ့ ကာလမှာတော့ တာဝန်ကို ယာယီဆိုင်းငံ့ထားမယ်။ စုံစမ်းစစ်ဆေးပြီး ထွက်ပေါ်လာတဲ့ ရလဒ်အခြေအနေအပေါ်မူတည်ပြီး တရားစီရင်ပိုင်ခွင့်ရှိတဲ့သူဆီကို တင်မယ်။ အဲ့ဒီအခါကျမှ ဘယ်လို ဆက်လုပ်မလဲဆိုတာ ရှိမယ်။

တချို့လူတွေက စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုတွေနဲ့ နှိုင်းယှဉ်ပြောဆိုကြတာပေါ့။ ဒါကတော့ ဟုတ်တယ်။ ဒါပေမဲ့ ဒါက စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေပဲဖြစ်ပြီး ဒါကို ကမ္ဘာကလူတွေသိအောင် ဖော်ထုတ်ပြောဆိုရမှာပဲ။ အဲ့လိုပဲ ကျနော်တို့အဖွဲ့အစည်းမှာလည်း ကိုယ့်စည်းမျဉ်းဥပဒေနဲ့ရှိပြီးသား လိုက်နာလုပ်ဆောင်ရမဲ့အရာတွေ စစ်မြေပြင်မှာ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဖမ်းမိတဲ့ သုံံ့ပန်းတွေကို ရန်လိုမှုမရှိရင် သေချာလုံခြုံစွာ ဆက်ဆံရမယ်ဆိုတာမျိုးက ရှိတယ်။ အခုဖြစ်တာက တစ်ဖက်နဲ့တစ်ဖက် တင်ပြပြောဆိုမှုတွေအရတော့ အသေအချာ မသိရသေးဘူး။ စုံစမ်းစစ်ဆေးဖို့ လိုအပ်လာတဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကွင်းဆင်းစုံစမ်းဖို့ တာဝန်ပေးထားတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် လုပ်တာမဟုတ်ဘူး။ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းအရပဲ လုပ်တာဖြစ်တယ်။

မေး - ဇူလိုင်လ ၈ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လာတဲ့ ဆုံးဖြတ်ချက် အမိန့်စာနှင့်ပတ်သက်ပြီး ရှင်းပြပေးပါအုံး။

ပြောခဲ့သလိုပဲ။ မြန်မာပြည်ဘက်ကလည်း သတင်းတွေဖြန့်လာသလို ကိုယ်တွေဘက်ကလည်း ရန်သူရဲ့ တပ်ဖွဲ့ဝင်တွေကို သတ်တာပါဆိုပြီး သတင်းတွေ ပြန်ထုတ်ပြန်တာမျိုးရှိတော့ စစ်မြေပြင်ဖြစ်နေသည့်တိုင် ကိုယ့်မှာက စည်းမျဉ်းဥပဒေတွေက ရှိနေတဲ့အတွက် ကိုယ်ဖမ်းမိတဲ့ ရန်သူအပေါ်မှာ လိုက်နာရမဲ့ ကျင့်ဝတ်တွေအတိုင်း လုပ်ဆောင်ရမှာပဲ။ အခုကိစ္စမှာ အကုန်လုံးမှာ သတ်ဖြတ်ပိုင်ခွင့်အာဏာရှိရင် ကျနော်တို့ အဖွဲ့အစည်းဆိုတာက အဖွဲ့အစည်းရဲ့ အလုပ်နဲ့မတူတော့ဘူး။ ကိုယ့်အဖွဲ့အစည်းမှာက လုပ်ထုံးလုပ်နည်းတွေရှိတယ်။ ဖမ်းမိတဲ့သူတွေကို ဘယ်လိုစီရင်ဆုံးဖြတ်ရမလဲဆိုတဲ့ သတ်မှတ်ချက်တွေရှိတယ်။

ဒီကိစ္စဖြစ်တဲ့နောက်မှာ ကျနော်တို့က ကာကွယ်ရေးဌာနနဲ့ စစ်ဗဟိုဌာနချုပ်ကို တွေ့ဆုံပြီး စုံစမ်းစစ်ဆေးရေးတွေလုပ်ဖို့ တာဝန်ပေးလိုက်တယ်။ ကျနော် နားလည်သလောက် ကာကွယ်ရေးဌာနမှူးက ဗိုလ်မှူးချုပ်နယ်ဒါးနဲ့ ဗိုလ်စောဘာဝါးကို ဆင့်ခေါ်လိုက်တယ်။ ဗဟိုဌာနချုပ်မှာ လာတွေ့ဖို့။ ဒါပေမဲ့ သူတို့ သွားဖို့လာဖို့ အခက်အခဲရှိတဲ့အတွက် ထိုင်းဖက်ခြမ်းတစ်နေရာရာမှာတွေ့ဖို့ စီစဉ်တယ်။ ဒါပေမဲ့ သူတို့ရဲ တောင်းဆိုမှုအရ လာတွေ့ဖို့ ပြောလာတဲ့အပေါ်မှာ တွေ့မဲ့သူတွေက လက်ခံတယ်။ ဒါပေမဲ့ တွေ့မဲ့အချိန်ရောက်တော့ သူတို့က အကြောင်းအရာတွေ လာတင်ပြတာမျိုးမလုပ်ဘူး။ အဲ့အတွက် တာဝန်ရှိသူတွေက ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဒီကိစ္စ တင်ပြလာတယ်။ KNDO ဦးစီးချုပ်တာဝန်ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီကပဲ တာဝန်ပေးအပ်ထားတာဖြစ်တယ်။

အခုဖြစ်တာက လူတစ်ယောက်ထဲ နှစ်ယောက်ထဲ မဟုတ်ဘူး။ အသက်ပေါင်းများစွာကို နည်းလမ်းတကျ စီရင်ဆုံးဖြတ်တာမျိုး မဟုတ်တဲ့အတွက် ဒါကို စုံစမ်းစစ်ဆေးနိုင်ဖို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက သူ့တာဝန်ကို ယာယီရပ်ဆိုင်းပြီး အကြောင်းအရာတွေကို စုံစမ်းစစ်ဆေးမယ်။ ဒီစုံစမ်းစစ်ဆေးရေးကိုလည်း မိခင်အဖွဲ့အစည်းကနေ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဖွဲ့စည်းလိုက်တာပဲ။

မေး - ဒီလို တာဝန်ကနေ ယာယီရပ်ဆိုင်းခံလိုက်ရတဲ့အပေါ်မှာ လက်မခံဘူးဆိုပြီးတော့ ဗိုလ်မှူးချုပ်နယ်ဒါးမြဘက်ကလည်း တရားဝင်ပြောဆိုတာမျိုးတွေ ရှိလာတယ်။ ဒီအပေါ်မှာ ဗဟိုအနေနဲ့က ဘယ်လိုကိုင်တွယ်သွားဖို့ရှိလဲ။

ကိုယ့်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ကိုယ့်ကိုယ်ကိုသတ်မှတ်ထားရင် အဖွဲ့အစည်းက ဆုံးဖြတ်လိုက်တဲ့ကိစ္စရပ်အပေါ် လက်မခံဘူးဆိုရင်တော့ ကိုယ့်အဖွဲ့အစည်းကို ပြန်ဆန့်ကျင်တာနဲ့အတူတူပဲ။ တပ်ဖက်ပိုင်းပဲဖြစ်ဖြစ်၊ အရပ်ဖက်ပိုင်းကပဲဖြစ်ဖြစ် အကုန်လုံးမှာက လုပ်ငန်းလမ်းညွန်ချက်တွေက ရှိပြီးသား။ ဒါကို လက်မခံနိုင်ဘူးဆိုရင် အဓိပ္ပါယ်က အဖွဲ့အစည်းကို ပြန်လည်ဆန့်ကျင်တာ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ တာဝန်ပေးချက်အရ ကာကွယ်ရေးဌာနရဲ့ လုပ်ဆောင်မှုအပေါ်ကို ဆန့်ကျင်တာပဲ။

ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ အဖွဲ့အစည်းပုံစံအတိုင်းပဲ လုပ်ရမှာပဲ။ တချို့က အကြောင်းအရာကို သေချာမသိဘဲ ဒါက ရန်သူကိုသတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဆိုကြပေမဲ့ ဒါက မမှန်ဘူးလေ။ ကိုယ့်မှာ အဖွဲ့အစည်းရဲ့ စည်းမျဉ်းဥပဒေရှိနေတဲ့အတွက် ဒီကနေ့အချိန်ထိ ကိုယ့်တွေကို တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်အနေနဲ့ အသိအမှတ်ပြုနေကြတာပဲ။ ဒါကြောင့် ကိုယ်ချမှတ်ထားတဲ့အတိုင်း ကိုယ်သွားရမှာပဲ။ လူတစ်ယောက်ထဲမို့လို့၊ နှစ်ယောက်ထဲမို့လို့၊ အမြင်ကပ်လို့ လုပ်တာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်တာပဲ။ သူလက်မခံတာက သူ့ သဘောထားပါပဲ။ အဖွဲ့အစည်းအနေနဲ့ကျတော့ ဒါကို လက်မခံဘူးဆိုရင်တော့ သူ့ကို အဖွဲ့အစည်းကလူအနေနဲ့ သတ်မှတ်လို့မရဘူးဆိုတဲ့ ပုံစံမျိုးဖြစ်လာမှာပဲ။

မေး - ဒီအမိန့်စာထုတ်ပြီးတဲ့နောက်ပိုင်း ဗဟိုကနေ ဘယ်လို ဆက်သွယ်လုပ်ဆောင်တာမျိုးတွေ ရှိပါသလဲ။

ကာကွယ်ရေးဌာနကို တာဝန်ပေးထားတဲ့အတွက် ကာကွယ်ရေးဌာနကနေပြီးတော့ လိုက်ဆက်သွယ်ပေမဲ့လည်း ဆက်သွယ်လို့မရဘူး။ သူဘယ်မှာရှိမှန်းလဲ ကျနော်တို့ အသေအချာမသိဘူး။ တချို့ပြောတာတော့ တစ်နေရာရာမှာ ရှိနေတာပေါ့။ အခုချိန်ထိတော့ အောက်ခြေက တာဝန်ရှိသူတွေကို ဆက်သွယ်လို့ရသေးတယ်ဆိုတာလောက်ပဲ ရှိသေးတယ်။ အခုက တိုက်ရိုက်ဆက်သွယ်ဖို့ကျတော့ စစ်ဗဟိုဌာနချုပ်တို့၊ ကာကွယ်ရေးဌာနတို့ကိုပဲ တာဝန်ပေးထားတာပေါ့။ အမှန်က လက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နှစ်ဖွဲ့စလုံးက ကာကွယ်ရေးဌာန လက်အောက်မှာပဲရှိတာ။ တာဝန်ပေးတာပဲဖြစ်ဖြစ်၊ တာဝန်ရပ်ဆိုင်းတာပဲဖြစ်ဖြစ်၊ တာဝန်ကနေ ရပ်နားလိုက်တာပဲဖြစ်ဖြစ် ဒါက ကာကွယ်ရေးဌာနရဲ့ ဆုံးဖြတ်မှုအပေါ်မှာပဲရှိတယ်။ အခုက ဒီကိစ္စကိုရှင်းဖို့ သူတို့ကို ဆက်သွယ်လို့မရပေမဲ့ KNDO ရဲ့ ဒု-စစ်ဦးစီးချုပ်တို့ တခြားတာဝန်ရှိသူတွေကိုတော့ ဆက်သွယ်လို့ရတယ်။

မေး - အဖွဲ့အစည်းအတွင်း အလားတူပြဿနာတွေဖြစ်လာရင် အဖွဲ့အတွင်းမှာ အကွဲအပြဲတွေက ပေါ်ပေါက်လာတဲ့သာဓကတွေက ရှိဖူးတယ်။ အဲ့လို အလားတူ နောက်ထပ်ဖြစ်မလာအောင် ဗဟိုအနေနဲ့ ဘယ်လိုစဉ်းစားလုပ်ဆောင်သွားမှာလဲ။

ဒီလိုဖြစ်လာဖို့လည်း မစဉ်းစားထားဖူး။ ဒီလိုလည်း ကိုယ့်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေကြားထဲမှာ ဖြစ်မလာသင့်ဘူး။ ဦးဆောင်မှုအပိုင်းမှာ တာဝန်အမြင့်ဆုံး ယူထားတာဖြစ်တဲ့အတွက် ဒီကိစ္စရပ်အပေါ်မှာ တာဝန်အရှိဆုံးဖြစ်တယ်။ ဒါကို သူအမိန့်ပေးခဲ့တာလား မပေးခဲ့တာလားဆိုတာကိုတော့ စစ်ဆေးမေးမြန်းတဲ့အပေါ်မှာပဲ မူတည်မယ်။ ဒါက လုပ်သင့်လို့ လုပ်လိုက်တယ်ဆိုပြီးထားအုံး။ ဒါက လုပ်သင့်လား မလုပ်သင့်ဘူးလားဆိုတာက ကျနော်တို့မှာက စစ်ဆေးဖို့ တာဝန်ရှိတယ်။ စုံစမ်းစစ်ဆေးပြီးမှ ပြောလို့ရမှာပေါ့။

ဒီလိုမျိုး အကွဲအပြားဖြစ်လာဖို့တော့ ကျနော်တို့ မလိုလားဘူး။ ဒါပေမဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာပဲ မူတည်လိမ့်မယ်။ ဥပမာ - ကိုယ့်အဖွဲ့အစည်းအပေါ်မှာထားတဲ့ သဘောထားအပေါ်မှာပဲမူတည်မယ်။ ကွဲပြဲတာကိုတော့ ဘယ်သူမှမလိုလားသလို ကွဲပြဲပြီးဆိုရင်လည်း ပြန်လည်စည်းရုံးဖို့က အင်မတန်ခက်ခဲတယ်။ ကွဲပြဲတယ်ဆိုတာကလည်း နိုင်ငံရေးခံယူချက်မတူလို့ ကွဲတာရှိသလို လူပုဂ္ဂိုလ်အရ ခွဲထွက်တာမျိုး စတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတယ်။ ဒါကို ဖြစ်မလာဖို့ဆိုတာက ကိုယ့်အဖွဲ့အစည်းရဲ့ ချမှတ်တဲ့ စည်းမျဉ်းအတိုင်း ညီညီညွတ်ညွတ် လိုက်နာလုပ်ဆောင်လို့ပဲရမယ်။

မေး - ဒီကာကွယ်ရေးဌာနက ထုတ်တဲ့စာကို ပြည်တွင်း/ပြည်ပက ကရင်တချို့က မှားယွင်းတယ်လို့မြင်သလို ဒါကလည်း ရန်သူရဲ့ဖိအားပေးမှုကြောင့်လို့ ပြောဆိုနေတာတွေလည်းရှိတယ်။ ဒီအပေါ်မှာကော ဘယ်လိုပြောချင်လဲ။

ဒီကိစ္စဖြစ်လာလို့ ရန်သူရဲ့ခိုင်းစေမှုကြောင့် လုပ်တာမဟုတ်ဘူး။ အဖွဲ့အစည်းမှာ ချမှတ်ပြီးသား စည်းမျဉ်းဥပဒေကြောင့်သာ ဘယ်သူမှ ခိုင်းစရာမလိုဘဲ လုပ်ရမဲ့တာဝန်က ရှိပြီးသား။ ဒါ့အပြင် ဒီကိစ္စက ဘယ်လိုဖြစ်ရတယ်ဆိုတဲ့ အခြေခံအကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ဖို့ပဲဖြစ်တယ်။ ဥပမာ - လူတစ်ယောက်က အပြစ်လုပ်တယ်ဆိုပါစို့။ ခိုးတာလည်းဖြစ်မယ်၊ လူသတ်တာလည်းဖြစ်မယ်။ ဒါကို တိုင်းပြည်ရဲ့ဥပဒေအရက တာဝန်ရှိတဲ့ရဲတွေကနေ အရေးယူဆောင်ရွက်ပြီး တရားရုံးအထိ ပို့ဆောင်ရမယ်။ ဒါကို တရားရုံးကလည်း ဆုံးဖြတ်ပေးရတယ်။ အမှန်က ဒီကိစ္စဖြစ်လာတဲ့အပေါ်မှာ အဖွဲ့အစည်းလက်အောက်ခံကနေပြီး ဦးဆောင်ပြီး အရေးယူဆောင်ရွက်ရတဲ့ နည်းလမ်းမဟုတ်ဘူး။ ဒီစာကလည်း ထုတ်ပြန်စာမဟုတ်ဘူး။ အဖွဲ့အစည်းရဲ့ တာဝန်ရှိမှုအတိုင်းပဲ ဆုံးဖြတ်လုပ်ဆောင်တဲ့ ကိစ္စဖြစ်တယ်။

တချို့ အမြင်မှားတဲ့သူတွေက ဒါကို ထုတ်ပြန်စာ? နောက်ပြီး ရန်သူကခိုင်းလို့ လုပ်တာလို့မြင်တယ်။ ဒါက ရန်သူခိုင်းလို့မဟုတ်ဘူး ကိုယ့်အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအပေါ်မှာပဲ ရပ်တည်လုပ်ဆောင်တာဖြစ်တယ်။ ရန်သူတစ်ယောက်ကို ဖမ်းမိတာပဲဖြစ်ဖြစ်၊ လက်နက်ချတာပဲဖြစ်ဖြစ် ဘယ်လိုပြုမှုဆက်ဆံရမလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ အကုန်ရှိပြီးသားဖြစ်တယ်။ အခုဖြစ်တာက လူ့အသက်တစ်ချောင်း နှစ်ချောင်းပဲ မဟုတ်ဘူး။ စစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့လည်း သွားနှိုင်းယှဉ်ရမဲ့ကိစ္စမဟုတ်ဘူး။ ကိုယ့်အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ရမှာ ဖြစ်သလို အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကိုလည်း ကိုယ့်ရဲ့လုပ်ဆောင်မှုနဲ့ ဖော်ထုတ်ပြရမှာဖြစ်တယ်။

အဲ့တော့ ပြောချင်တာက ဒီအမိန့်စာက ထုတ်ပြန်စာမဟုတ်ဘူး။ ဒီစာကို ဘယ်သူကစပြီး အပြင်ကို ဖွဖြန့်လိုက်လဲဆိုတာကလည်း လေ့လာကြည့်ရင်သိမယ်။ နောက်တစ်ခုက ရန်သူရဲ့ခိုင်းစေမှုကြောင့်မဟုတ်ဘူး။ နောက်တစ်ခုက တာဝန်ရှိတဲ့သူတွေက ကိုယ်ဘာလုပ်မလဲဆိုတာကို အထက်ကို တင်ပြစရာမလိုပေမဲ့ ကိုယ့်ရဲ့ပျက်ကွက်မှုတွေတော့ တင်ပြရမှာဖြစ်တယ်။ ဥပမာ - တပ်မဟာတိုင်းမှာ နေ့တိုင်းလိုလို တိုက်ပွဲက ရှိနေတဲ့အတွက် ထိခိုက်သေဆုံးမှုရှိတာကို ဖော်ပြတာမျိုးရှိပေမဲ့ တာဝန်ရှိသူတွေက သတ်ပစ်လောက်တဲ့ ဆုံးဖြတ်ချက်ချတာမျိုးကို တင်ပြတာမျိုးမရှိတဲ့အတွက် အခုက အစကနေ အကြောင်းအရာတွေကို ပြန်စုံစမ်းရတာပဲဖြစ်တယ်။

မေး - ဒီလို ဖြစ်စဉ်မျိုးက အရင်ကဖြစ်ပေါ်ခဲ့တဲ့ သာဓကမျိုးရှိလား၊ ရှိခဲ့ရင်ကော ဘယ်လိုဖြေရှင်းဆုံးဖြတ်ခဲ့ရလဲ။ ဆုံးဖြတ်ချက်ကြောင့် အကျိုးသက်ရောက်မှုတွေကကော ဘာတွေဖြစ်ပေါ်လာလဲ။

ရှိပါတယ်။ ဒါပေမဲ့ ပုံစံမျိုးစုံရှိတာပေါ့။ အဖွဲ့အစည်းအတွင်း စည်းမျဉ်းစည်းကမ်း လိုက်နာမှုနဲ့ပတ်သက်တာ၊ ဒေသအတွင်း တရားဥပဒေစိုးမိုးမှုအပိုင်းနဲ့ စစ်မြေပြင်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေ အများကြီးရှိခဲ့ဖူးတယ်။ ဥပမာ - ဘိတ်-ထားဝယ်ခရိုင်ဘက်မှာ မှောင်ခိုသမားတွေနဲ့ လုပ်စားတဲ့သူတွေကို ကိုယ့်လူတွေက ၁၁ ယောက်လောက် ရိုက်သတ်ဖူးတဲ့ဖြစ်စဉ်ပေါ့။ အဲ့တုန်းက လိုက်ဖမ်းရတာမျိုး။ ပြီးတော့ ဗဟိုတရားရုံးကိုပို့ပြီး တရားရေးဆုံးဖြတ်ရတာမျိုးရှိတာပေါ့။ အဖွဲ့အစည်းမှာ လုပ်တဲ့သူဆိုတာကလည်း ပြည်သူထဲကပဲ။ အဲ့တော့ ပြည်သူအပေါ် အပြစ်လုပ်ရင် လုပ်တဲ့အတိုင်း အရေးယူဆောင်ရွက်ရမှာဖြစ်သလို စစ်သားကလည်း အပြစ်လုပ်ရင် တပ်စည်းကမ်းအတိုင်း အရေးယူခံရမှာပဲ။

အခုက ဘယ်လိုအရေးယူမလဲဆိုတဲ့အဆင့် မဟုတ်သေးဘူး၊ စုံစမ်းစစ်ဆေးတဲ့အဆင့်ပဲ ရှိသေးတယ်။ တဖက်ကပြောသလို စစ်သားတွေမဟုတ်ဘူး။ အရပ်သားတွေဖြစ်တယ်ဆိုရင် ဒါကို ကျနော်တို့က စုံစမ်းစစ်ဆေးမယ်။ ရန်သူတပ် ဟုတ်/မဟုတ် စစ်ဆေးပြီးမှ စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေဆီကို တင်ပြရမှာဖြစ်တယ်။ အတွေ့အကြုံတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကွဲပြားနိုင်တာက တာဝန်ရာထူး ဘယ်လောက်ကြီးလဲဆိုတာနဲ့ စည်းမျဉ်းဥပဒေအပေါ် လိုက်နာဆောင်ရွက်မှု ဘယ်လောက်ရှိလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပေါ့။

မေး - နောက်ဆုံးမေးချင်တာက စစ်အာဏာသိမ်းမှုကြောင့် စိုးရိမ်မှုတွေမြင့်မားနေသလို ကရင်ထဲမှာလည်း ဒီလိုကိစ္စရပ်က ပေါ်ပေါက်လာတဲ့အတွက် ဝေဖန်ပြောဆိုမှုတွေကလည်း အမျိုးမျိုးရှိနေတဲ့အပေါ်မှာ ကိုယ့်ပြည်သူလူထုကို ဘာများ အသိပေးပြောဆိုချင်တာမျိုးရှိလဲ။

ပြောချင်တာက ဒီကိစ္စကို စစ်တပ်ရဲ့ ပြည်သူတွေအပေါ် သတ်ဖြတ်ယုတ်မာတဲ့ လုပ်ရပ်တွေနဲ့တော့ သွားနှိုင်းယှဉ်လို့ ရမှာမဟုတ်ဘူးပေါ့။ ဒီကနေ့အချိန်ထိ လက်နက်ကိုင်တော်လှန်တဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ရပ်တည်နိုင်သေးတာက အဖွဲ့အစည်းရဲ့ ချမှတ်ထားတဲ့ လမ်းစဉ် လုပ်ငန်းစဉ် စည်းမျဉ်း ဥပဒေတွေကြောင့်ပဲ။ လူသားတွေ လူမျိုးစုတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ စည်းမျဉ်းဥပဒေတွေကို လိုက်နာလုပ်ဆောင်တာလည်း ရှိတယ်။ ကိုယ့်မှာလည်း ကိုယ်ပိုင်တရားစီရင်မှုနဲ့ ရှိနေတာပဲ။ အဖွဲ့အစည်းအတွင်းဖြစ်စေ၊ အဖွဲ့အစည်းနဲ့ပတ်သက်ပြီးဖြစ်စေ အဖွဲ့အစည်းကိုဖြစ်စေ ဆန့်ကျင်တဲ့ လုပ်ရပ်မှန်သမျှကို အရေးယူဆောင်ရွက်ဖို့က ရှိနေမှာပဲ။

အများအမြင်က အမြင်ပဲ၊ သဘောထားပဲဖြစ်မယ်။ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းကျတော့ အဖွဲ့အစည်းအတွင်းက တာဝန်ရှိတဲ့သူတိုင်း လိုက်နာလုပ်ဆောင်ရမှာပဲဖြစ်တယ်။ အမျိုးမျိုးတော့ ပြောကြမှာပဲ။ တချို့ လိုက်မနာတဲ့လူတချို့ကျတော့ အရေးမယူဘူးဆိုတာမျိုးတွေ။ တချို့ကိစ္စတွေကျတော့ အပြင်ဘက် ရပ်ကျော်ရွာကျော် ကမ္ဘာသိတဲ့အထိ သူများသိတာမဟုတ်ဘူး။ အဖွဲ့အစည်းက လူတစ်ယောက်က လုပ်လိုက်တဲ့ကိစ္စကို လူတစ်ယောက်က လုပ်တယ်လို့ပဲ အများက မြင်မှာမဟုတ်ဘဲနဲ့ ဒီအဖွဲ့အစည်းတစ်ခုလုံးရဲ့ လုပ်ရပ်အနေနဲ့ ဒီအဖွဲ့အစည်းက ဘယ်လိုအဖွဲ့အစည်းမျိုးလဲဆိုတာကို ဝေဖန်ဆုံးဖြတ်ကြလိမ့်မယ်။

အဲ့တော့ အခုလုပ်နေတာတွေက စိတ်ခံစားချက်အပေါ်မှာမူတည်ပြီး လုပ်နေတာမဟုတ်ဘူး။ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ်မှာပဲ လုပ်ဆောင်တာဖြစ်တယ်။

Most read this week

July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...
July 1, 2024
မြဝတီမြို့သို့ စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတပ်များသည် မြဝတီ အာရှလမ်းသစ်...
July 1, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်ရှိ ကရင်အမျိုး...
June 28, 2024
ချင်းပြည်နယ် ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်အတွင်း လူ (၅) ဦးထက်ပိုမစုရအမိန့်ကို စစ်ကောင်စီက...