စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ရှစ်ဦးထိရှိလာကြောင်း သိရသည်။
သေဆုံးသူ ရှစ်ဦးလုံးသည် မော်လမြိုင်ဆေးရုံကြီးရှိ Isolation ward 1 နှင့် Isolation ward 3 တွင် ဆေးကုသမှုခံယူနေများဖြစ်ကြောင်း မော်လမြိုင် Rescue အဖွဲ့မှ ကိုဇင်မိုးက ပြောသည်။
အဆိုပါ ဆေးရုံကြီးတွင် ဇွန် ၁၈ ရက်ထိ သေဆုံးသူ ငါးဦးရှိခဲ့ပြီး ဇွန် ၂၇ ရက်မှ ဇွန် ၂၉ ရက်ထိ သုံးရက်ဆက်တိုက် သေဆုံးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဒီနေ့ ကျွန်တော်တို့ ဒီမှာ အလောင်းသဂြိုလ်နေတာ ဒီမနက် တစ်လောင်းပေါ့။ ဒီနေ့ တစ်လောင်း၊ မနေ့က တစ်လောင်း၊ တစ်မြန်နေ့က တစ်လောင်းပေါ့။ သုံးရက်ဆက်တိုက်ပေါ့” ဟု ကိုဇင်မိုးကပြောသည်။
သေဆုံးလူနာများသည် မော်လမြိုင်၊ သံဖြူဇရပ်၊ ပေါင်၊ ချောင်းဆုံမြို့နယ်များမှဖြစ်ကြောင်း သိရသည်။
အဆိုပါရှစ်ဦးလုံးသည် အသက်အရွယ်ကြီးသူများဖြစ်သဖြင့် ကိုဗစ်ရောဂါလက္ခဏာကို ခံနိုင်ရည်မရှိခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် မွန်ပြည်နယ၌ လူငယ်နှင့် လူလတ်ပိုင်းအရွယ်များ ကိုဗစ်ကူစက်ခံရသော်လည်း ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန်ခံစားရခြင်း မတွေ့ရကြောင်း ကိုဇင်မိုးက ဆက်လက်ပြောသည်။
မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာများ ဆက်လက်တွေ့ရှိနေပြီး ကူးစက်မှုလည်း မြင့်တက်လာလျက်ရှိကြောင်း သိရသည်။