ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စစ်ကောင်စီတပ်က ပေါ်တာဆွဲသဖြင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU သတင်းနှင့်ပြန်ကြားရေးဌာနမှ သိရသည်။
KNU သတင်းနှင့်ပြန်ကြားရေးဌာန သူလေးသတင်းစဉ်၏ ဇွန် ၂၈ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်များက ညောင်လေးပင်ခရိုင် ဆောထိ (ရွှေကျင်) မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပေါ်တာဆွဲသည့်လုပ်ငန်းများကို လုပ်ဆောင်လာသည့်အတွက် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။
သူလေးသတင်းစဉ်က “ယခုလို အဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ရွာသားများအား ဖမ်းဆီးခေါ်ဆောင်၊ ပေါ်တာဆွဲသောကြောင့် ညောင်လေးပင်ခရိုင် စောထိမြို့နယ် ဘလောခိုကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း (၁၁) ရွာ၊ အိမ်ခြေ (၂၇၅) လုံးရှိ လူဦးရေ (၁၆၉၁) ဦးတို့သည် စိုးရိမ်ကြောက်ရွံ့နေကြပြီး ကျေးရွာများကိုစွန့်၍ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် ကျေးရွာတွင်းရှိ စာသင်ကျောင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသားများသည် ဇွန်လ (၂၂) ရက်နေ့မှစပြီး ကျောင်းဆက်မတက်ရဲတော့ပဲ စာသင်ကျောင်းများကို ယခုချိန်ထိ ပိတ်နေရဆဲဖြစ်ကြောင်း သိရှိရသည်” ဟု ထုတ်ပြန်ထားသည်။
ညောင်လေးပင်ခရိုင် ဆောထိ (ရွှေကျင်) မြို့နယ် ကရင့်လူမှုရေးရာအဖွဲ့ မှ စောအယ်စတားကလည်း “ပေါ်တာဆွဲတော့ ကျန်တဲ့သူတွေကတော့ တိမ်းရှောင်ရတာပေါ့။ ကျွန်တော်တို့ ဝါမီးခိုရွာမှာပဲ အိမ်ခြေ ၄၀ ကျော်ပေါ့ တစ်အိမ်ကို ငါးယောက်နှုန်းနဲ့ပဲတွက်လိုက်ရင်တော့ ဆယ်အိမ်ဆို ငါးဆယ်၊ ငါးဆယ်ဆိုတော့ လူနှစ်ရာကျော်ကျော် ထွက်ပြေးတိမ်းရှောင်ရတာပေါ့နော်။ အဲမှာ တစ်ခုရယ် ကျနော်တို့ သစ်ခေါင်းချောင်းမှာက အိမ်ခြေ နှစ်ဆယ်ကျော် သုံးဆယ်ဝန်းကျင်မှာ တစ်ဝက်လောက်ပြန်နေတယ်။ တစ်ဝက်လောက်က ရှောင်ပြေးနေရတယ်။ အဲမှာလည်း အားလုံးစုစုပေါင်းဆိုရင် ၃၀၀ ကျော်လောက် ရှောင်တိမ်းနေရတယ်ပေါ့နော်။ ကျွန်တော်တို့ ဒီဖက်တစ်ခြမ်းပဲပေါ့နော်။ ဟိုဖက် နောက်ပြီးတော့ ဘင်ဘန်းရယ်၊ နောက်ပြီးတော့ ကျနော်တို့ ဝင်းမောအောက်ကလေ အဲဖက်တစ်ကြော စုစုပေါင်း တိမ်းရှောင်ရတဲ့လူဦးရေက ငါးရာ ခြောက်ရာဝန်းကျင်လောက် သွားဖြစ်သွားမယ်။ ကျွန်တော်တို့ ဒီဖက်တစ်ခြမ်းပဲ ခုနက ကျွန်တော်ပြောတာ ဒီဖက်တစ်ခြမ်းပဲရှိတာကိုး ဟိုဖက်တစ်ခြမ်းက ကျန်သေးတာကိုး” ဟုပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၃ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်မှ ဒေသခံရွာသား ၁၃ ဦးကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်ရှိသည်ဟု သူးလေသတင်းစဉ်က ဆိုသည်။
“ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃) ဆောထိမြို့နယ်၊ ဘလောခိုကျေးရွာအုပ်စု သက်ခေါထာကျေးရွာတွင် နေထိုင်သည့် ရွာသား (၁၃) ဦးကို ဇွန်လ ၂၃ ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု စကခ (၁၂) လက်အောက်ခံ ခမရ (၅၄၈) မှဦးဆောင်သူ ဒု-ဗိုလ်မူးကြီးသောင်းစိုးနှင့် စကခ (၈) လက်အောက်ခံ ခမရ (၄၀၂) အမည်မသိဦးဆောင်သူတို့က တပ်သားအင်အား (၇၀) ကျော်ဖြင့် လာရောက်ဖမ်းဆီးပေါ်တာဆွဲခဲ့သည်ဟု သိရှိရပါသည်” ဟု သူးလေသတင်းစဉ်တွင် ဖော်ပြထားသည်။
ပေါ်တာအဖြစ် ဖမ်းဆီးခံခေါ်ဆောင်ခံရသည့် ၁၃ ဦးထဲမှ စောစိုးအောင်၊ မောင်ခင်စိုးနှင့် မြင့်ဝင်းတို့ ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြပြီး ကျန်ရှိခဲ့သည့် ဒေသခံ ၁၀ ဦးမှာ ဖာပွန်ခရိုင် KNU တပ်မဟာ ၅ ဧရိယာအထိ ပေါ်တာအဖြစ်ပါသွားသည်ဟု KNU က ဆိုသည်။
သို့သော် ဇွန် ၂၇ ရက်တွင် အဆိုပါ ဒေသခံ ၁၀ ဦးကို KNU သထုံခရိုင် တပ်မဟာ ၁ နှင့် ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ကြား နယ်စပ်ရှိ ဘောပေါ်ထာကျေးတွင် ပြန်လွတ်ပေးခဲ့သည်ဟု သူးလေသတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ညောင်လေးပင်ခရိုင် စောထိ (ရွှေကျင်) မြို့နယ် ကရင့်လူမှုရေးရာအဖွဲ့မှ စောအယ်စတားက “ပြီးခဲ့တဲ့ ၂၄ ရက်ပေါ့နော်။ ၂၄ ရက်၊ ၂၅ ရက်မှာ ကျွန်တော်တို့ ခလရလား ခမရလား အဲမှာ ၄၀၂ တပ်ရင်းက တပ်ရင်းနံပါတ်ကတော့ ၄၀၂ ကျွန်တော်တို့ ထိုးစစ်ဆင်ပြီးတော့ ကျွန်တော်တို့ သစ်ခေါင်းချောင်းကနေပြီးတော့ ဝါမီးခိုကို ထိုးစစ်ဆင်တဲ့အခါကျတော့ သစ်ခေါင်းချောင်းက ၁၁ ယောက်ဆွဲတာပေါ့။ အဲမှာ သူက ကာဗာလုပ်တာပေါ့။ ၁၁ ယောက်တော့ ပြန်လွှတ်ပြီ ကျန်တဲ့နှစ်ယောက်က သူက အပြီးအပိုင်ကိုခေါ်တယ်။ ကြိုးတွေဘာတွေ ချည်နှောင်ပြီးတော့ အဲကောင်နှစ်ယောက်တော့ လုံး၀ မလွတ်သေးဘူးဗျား” ဟု ပြောသည်။
KNU တပ်မဟာအားလုံးနီးပါးတွင် စစ်ကောင်စီတပ်များနှင့် KNLA တပ်တို့ကြား စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ရေးတင်းမာမှုအတွင်း စစ်တပ်က ဒေသခံများအား ပေါ်တာဆွဲခြင်းများကို လုပ်ဆောင်နေသည်ဟုဆိုသည်။
စစ်တပ်မှ စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာခဲ့သည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဖက် ပြည်သူများအား ပေါ်တာဆွဲခြင်း၊ လူသားတိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် အခြား လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကို လုပ်ဆောင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။