ချင်းပြည်နယ် မတူပီမြို့တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ဆန်သယ်ယူခွင့်ကို အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်လိုက်သဖြင့် ဆန်ပြတ်လပ်မှုကြုံနေရကြောင်း သိရသည်။
မတူပီမြို့ရှိ ဆန်ကုန်သည်များသည် မင်းတပ်-မတူပီလမ်းကြောင်း ပိတ်ထားသည့်အတွက် ဟားခါး-မတူပီ လမ်းမှတဆင့် ဂန့်ဂေါဘက်က ဆန်များကို သယ်လေ့ရှိပြီး လွန်ခဲ့သည့်အပတ်ကစ၍ မတူပီမြို့အခြေစိုက် ခလရ ၁၄၀ နှင့် စစ်အခြေချဗျူဟာတပ်တို့မှ ဆန်များကို မတူပီမြို့တွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်းဖြစ်သည်ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။
“မတူပီမြို့ပေါ်မှာ နွေအတွင်းမှာ ဆန်အိတ်ပေါင်း ၂၀၀၀ ဝင်ပြီဆိုတော့ အကုန်လုံလောက်ပြီတဲ့။ အခု နောက်ထပ်ဝင်လာမယ့်ဟာတွေက CDF တွေကို ပံ့ပိုးမယ်ဆိုတဲ့အထင်နဲ့ပေါ့။ အခု ဆန်တွေကို မတူပီမြို့ကို ဝင်ခွင့်မပေးတာ" ဟု မတူပီမြို့ခံကပြောသည်။
ခလရ ၁၄၀ နှင့် ဗျူဟာတပ်သည် မတူပီမြို့မဝင်ခင် ဟားခါး-မတူပီလမ်း ဖနိုင်၊ ငလိုင်ကျေးရွာအလွန်တွင်တည်ရှိပြီး ယခုလက်ရှိတွင်လည်း ဆန်ကုန်သည်များ၏ ဆန်အိတ် ၁၅၀ ကို ဝင်ခွင့်မပြုဘဲ ဖနိုင်၊ ငလိုင်ကျေးရွာတွင် ချထားရသည်ဟု သိရသည်။
ယခုကဲ့သို့ မတူပီမြို့ပေါ်တွင် စစ်ကောင်စီက ဆန်သယ်ယူခွင့်ပိတ်ပင်လိုက်ခြင်းကြောင့် မြို့ပေါ်တွင် ဆန်ပြတ်လပ်သည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု မတူပီမြို့ဒေသခံတစ်ဦးက ပြောသည်။
“အခု မြို့ပေါ်မှာ ဆန်ဝယ်ဖို့မရှိတော့ဘူး။ ဆန်ကိုမရှိတာ တစ်ချို့က လှောင်ဖို့ကြိုတင်ဝယ်ထားတာလည်းရှိတယ်။ တစ်ချို့က နယ်ဘက်ကလာဝယ်ပြီး သယ်သွားကြတာတွေရှိတယ်။ အခုမြို့ပေါ်မှာ ဆန်ဆိုင်တွေမှာလည်း ဆန်မရှိတော့ဘူး" ဟု အထက်ပါဒေသခံက ပြောသည်။
ထိုကဲ့သို့ ဆန်ပြတ်လတ်မှု ကြုံတွေ့လာရသည့်အတွက် ဆန်သယ်ယူခွင့်ပြုနိုင်ရေးအတွက် မတူပီမြို့ရှိ ဘာသာရေးအသင်းတော်များအနေဖြင့်စစ်ကောင်စီထံ သွားရောက်ညှိနှိုင်းရန် ပြင်ဆင်နေကြသည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီမှ မတူပီမြို့ပေါ်တွင် ဆန်များဝယ်ခွင့်မပြုခြင်းမှာ မတူပီမြို့ ပြည်သူ့ကာကွယ်ရေးတပ် (CDF-Matupi) ထံ ရိက္ခာများရောက်ရှိမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်နိုင်ကြောင်း မတူပီမြို့ဒေသခံတစ်ဦးက ပြောသည်။
“ပြည်သူတွေရဲ့အိမ်မှာ ဆန်ငါးအိတ်အထက် ၁၀ အိတ်လောက်ရှိရင် ဘာလုပ်ဖို့လဲ။ သူတို့ထင်တာက CDF အတွက် စုဆောင်းတယ်လို့ထင်နေတာ။ ဆန်တွေက ဖနိုင်မှာရှိတယ်။ ဒီဖက်ကို သယ်လို့ကိုမရတာ” ဟု ၎င်းကပြောသည်။
မတူပီမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က ညအချိန်တွင် ဧည့်စာရင်းလိုက်လံစစ်ဆေးခြင်းများကို နေ့စဉ်ပြုလုပ်နေကြာင်း သိရသည်။
Published
Monday, June 28, 2021
မတူပီတွင် ဆန်သယ်ယူခွင့် အာဏာသိမ်းစစ်ကောင်စီ ပိတ်ပင်