ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ချင်းအမျိူးသမီးငယ်တစ်ဦး သေဆုံး

ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ချင်းအမျိူးသမီးငယ်တစ်ဦး သေဆုံး

ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ ၉ တွင် ဇွန် ၂၃ ရက် ည ၉ နာရီဝန်းကျင့်ခန့်က စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာထိမှန်ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသည့် အသက် ၁၉ နှစ်အရွယ် ချင်းအမျိူးသမီးငယ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဇောလ်နူးရွာမှ မ Nuam Za Thiang သည် မိခင်ရှိရာကလေးမြို့သို့ သူငယ်ချင်းဖြစ်သူ Ngun Nei Piang နှင့်အတူ ဆိုင်ကယ်ဖြင့်လာရောက်သည့်အချိန် ဇွန် ၂၃ ရက် ည ၉ နာရီခန့်တွင် တောင်ဖီလာရပ်ကွက် ဝန်ထမ်းအိမ်ယာအနီးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ် ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် နှစ်ယောက်စလုံး ကျည်ဆံထိမှန်ကာ Salai Ngun Nei Piang မှာ ထိုနေရာတွင်သေဆုံးကာ မ Nuam Za Thiang သည် ပေါင်တွင်ကျည်ဆံထိမှန်ကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

 

နောက်နေ့မနက် ဇွန် ၂၄ ရက်တွင် Salai Ngun Nei Piang ၏ ရုပ်အလောင်းကို တောင်ဖီလာရပ်ကွက် နယ်မြေ ၉ တွင် ဒေသခံပြည်သူများက တွေ့ရှိခဲ့ကြသည်။

 

ပေါင်တွင်ကျည်ဆံထိမှန်သည့် မ Nuam Za Thiang သည်လည်း ဇွန်လ ၂၄ ရက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် သေဆုံးသွားပြီဟု မိသားစုဝင်များထံ ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) တပ်ဆေးရုံက အကြောင်းကြားခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီက မ Naum Za Thiang သည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားသည်ဟု မိသားစုဝင်များထံ အကြောင်းကြားလိမ်လည်ခဲ့ပြီး မိသားစုဝင်များကလည်း ဘုရားကျောင်းနိဗ္ဗာန်ယာဉ် အကူအညီတောင်းကာ ကိုဗစ်ရောဂါပုံစံဖြင့် ယနေ့သဂြိုလ်ခဲ့ရသည်ဟု သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...