၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၄၅၀ ကျော်ရှိပြီး သေဆုံးသူ ၄၇ ဦးထိရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ စာရင်းပြုစုချက်အရ သိရသည်။
ချင်းပြည်နယ်တွင်း အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ၄၅၆ ဦးရှိပြီး ပြန်လည်လွတ်မြောက်သူ ၂၅၃ ရှိကာ ဟားခါးမြို့တွင် ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပြီး ၂၈၈ ဦးထိရှိပြီး ၁၇၂ ဦး ပြန်လည်လွတ်မြောက်ပြီဖြစ်ကြောင်း သိရသည်။
“လူတစ်ယောက်ကိုဖမ်းချင်ရင် ဖမ်းရတဲ့အကြောင်းရင်းကို သက်သေအထောက်အထားနဲ့ သေချာပြပြီးတော့ ခေါ်သွားရင်တော့အကြောင်းမဟုတ်ဘူး။ အဲလိုဖမ်းခံရရင်တော့ ရှေ့နေခေါ်ပြီး တရားရုံးမှာ တရားရင်ဆိုင်ခွင့်ရှိရမယ်။ ခုကအဲလိုလုံးဝမရှိဘူး။ အခုက နေအိမ်ကိုလည်း ဖျက်ဆီးတယ်။ အိမ်ထဲလည်းဝင်စီးနင်းတယ်။ ဘာအကြောင်းပြချက်မှလည်း မပြောဘဲနဲ့ မေးစရာရှိလို့ဆိုပြီး တစ်ခါတည်းဖမ်းလိုက်တာက လုံးဝမဖြစ်သင့်ဘူး။ လမ်းမှာလည်းရပ်ခိုင်းပြီး ကြိုက်သလိုစစ်မေးတယ်။ ဖုန်းတွေစစ်ဆေးတယ်၊ သူတို့မကြိုက်တာတွေ့ရင် ဖမ်းသွားတယ်။ သူတို့ဖမ်းတဲ့ပုံစံက ကြိုက်တဲ့ချိန်ဖမ်းပြီးတော့ တိရိစ္ဆာန်လိုဘဲ ဆက်ဆံခံနေရတယ်” ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ Program Director ဆလိုင်းဗန်ဗျက်ထန်ကပြောသည်။
အဆိုပါ အဖမ်းခံရသူများအား ဖမ်းဆီးရသည့်အကြောင်းရင်းများမှာ ဆန္ဒထုတ်ဖော်မှု၊ သံပုံးတီးမှု၊ CDF နှင့် ဆက်နွယ်မှု၊ CDM လှုပ်ရှားမှုတွင်ပါဝင်မှု၊ ဖုန်းများအား စစ်ဆေးရာမှ ဖမ်းဆီးခံရမှုနှင့် အကြောင်းရင်းမသိရဘဲ ဖမ်းဆီးခံရမှုများရှိကြောင်း သိရသည်။
ဖမ်းဆီးခံရသူများအား အဖမ်းခံရစဉ်တွင် ညှင်းပမ်းနှိပ်ခြင်း၊ ရိုက်နှက်ခြင်းများ ကျူးလွန်ခံရမှုများရှိပြီး သက်သေအထောက်အထားအချို့လည်းရရှိထားကာ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အဖမ်းခံရစဉ် သေဆုံးမှု ၂ ခုလည်းရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့က ပြောသည်။
ထို့ပြင် လူနေအိမ်များအား ဝင်ရောက်ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း၊ ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခြင်း၊ တိရစ္ဆာန်များအား ဖမ်းယူသတ်ဖျက်ခြင်းများလည်း စစ်ကောင်စီများမှ ရောက်သည့်နေရာများတွင် ဆက်တိုက်ကျူးလွန်နေကြောင်း သိရသည်။
“ချင်းပြည်နယ်ထဲမှာ သူတို့ရောက်တဲ့နေရာတိုင်း နေအိမ်တွေ ချိုးဖောက်ဝင်ရောက်တယ်။ ပစ္စည်းတွေခိုးတယ်။ အိမ်ထဲကပစ္စည်းတွေ ဖျက်စီးပစ်တယ်။ အလှူငွေအဖြစ်ထားထားတာတွေကိုလည်း ယူတာတွေရှိတယ်။ ဆိုင်တွေလည်း ချိုးဖျက်ဝင်ရောက်ပြီးတော့ ဆိုင်ကယ်တွေ ပစ္စည်းကောင်းတာတွေကို ယူသွားတာတွေရှိတယ်။ မင်းတပ်မှာဆိုရင် ကျောက်ထုဘက်မှာ ပြန်သွားရောင်းစားတာတွေရှိတယ်။ ပြောချင်တာက ပြည်သူတွေရဲ့ပစ္စည်းတွေကို လုယူတဲ့အပြင် စီးပွားရေးအဖြစ် ပြန်ရောင်းစားနေကြတယ်။ အဲဒါတွေကို တွေးကြည့်ရင် အရမ်းရင်နာစရာကောင်းတယ်” ဟု ဆလိုင်းဗန်ဗျက်ထန်က ပြောသည်။
ချင်းပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူသေဆုံးမှု ၄၇ ဦးထိရှိခဲ့ပြီး အများစုမှာ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခြင်းဖြစ်ကာ စစ်ဘေးရှောင်ရင်း သေဆုံးမှုများလည်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချင်းလူမျိုး ၅၁၅ ဦး အဖမ်းခံရပြီး ၂၇၅ ဦး ပြန်လည်လွတ်မြောက်ကာ သေဆုံးသူ ၇၆ ဦးထိရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ မှတ်တမ်းများအရသိရသည်။
Published
Friday, June 25, 2021
အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၄၅၀ ကျော်ရှိပြီး သေဆုံးသူ ၅၀ နီးပါးရှိလာ