ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးကို ထောင်ဒဏ် နှစ်နှစ်နှင့်လေးလ ချမှတ်

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးကို ထောင်ဒဏ် နှစ်နှစ်နှင့်လေးလ ချမှတ်
by -
စိုင်းထွန်းစံ (MNA)

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးကို ထားဝယ်အကျဉ်းထောင်ရှိ အထူးတရားရုံးက ဇွန် ၂၃ ရက်တွင် ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့်လေးလ ချမှတ်လိုက်ကြောင်း ၎င်း၏မိသားစုဝင်များထံမှ သိရသည်။

 

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးသည် မတ် ၁၀ ရက်က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

ကိုကျော်ထွေးကို ထားဝယ်အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နှင့် လိုင်စင်မဲ့ကားအသုံးပြုသည့်အတွက် ပို့ကုန်သွင်းကုန်ဥပဒေတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီးနောက် ယခုလို အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

 

အဆိုပါအမှုထဲတွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့် လိုင်စင်မဲ့ကား မောင်းနှင်အသုံးပြုသည့်အတွက် ထောင်ဒဏ် လေးလအမိန့်ချခဲ့ကြောင်း ၎င်းကပြောသည်။

 

ယင်းသို့ ထောင်ဒဏ်များချမှတ်ခံရသည့်အပေါ် အယူခံဝင်သင့်၊ မဝင်သင့်နှင့်ပတ်သက်၍ မိသားစုဝင်များအနေဖြင့် ကိုကျော်ထွေး၏ ရှေ့နေနှင့်တိုင်ပင်ကာ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ထောင်ဒဏ်ချမှတ်ခံရသည့် ကိုကျော်ထွေးကို မိသာစုဝင်များအနေဖြင့် တွေ့ဆုံမရရှိသေးကြောင်း သိရသည်။

 

ထို့ပြင် ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသည့် သပိတ်ဦးဆောင်သူ ကိုအောင်ဝေယံကျော်ကိုလည်း ဇွန် ၂၁ ရက်က ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့သေးသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...