တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်တစ်ချို့ကို စစ်ကောင်စီအုပ်စုက လူနေအိမ်အတွင်းထိ မီးထိုးရှာဖွေခြင်း၊ ဝင်ရောက်ဖမ်းဆီးခြင်း၊ လမ်းစုံများတွင် ယာဉ်များတားကာ ပစ္စည်းရှာဖွေခြင်းများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာကြောင်း မြို့ခံများထံမှ သိရသည်။
“မနေ့ညက ဝါးပြားမြောက်ရွာမှာ အိမ်စီးကားခြောက်စီးနဲ့ မဟာစည်လမ်းဖက်ကလာပြီး အိမ်တွေထဲထိ ဆလိုက်မီးတွေထိုးပြီးရှာနေကြတာ။ ကားမီးတွေလဲ စူးနေအောင်ထိုးထားတယ်။ သေနတ်တွေလည်းဖောက်တယ်။ ဝါးပြားမှာ သုံးညလောက်ရှိပြီ။ သူတို့ ညတိုင်း လာရမ်းကားနေတာ။ ဘာသတင်းရထားလဲမသိဘူး၊ လူမတွေ့ရင် လမ်းပေါ်ကခွေးတွေနဲ့တောင် ရန်ဖြစ်တယ်လေ ကြားနေရတာပေါ့" ဟု ဝါးပြားရပ်နေပြည်သူများကပြောသည်။
ကျောင်းကြီးစုရပ်၊ ဝါးပြားမြောက်ရွာတွင် ဇွန် ၂၃ ရက် ညပိုင်းက စစ်ကောင်စီတပ်များဝင်ရောက်၍ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်ခဲ့သေးကြောင်းနှင့် ထိုသို့လုပ်ဆောင်မှုနှင့်ပတ်သက်၍ ထိခိုက်မှု ရှိ/မရှိ အတည်မပြုနိုင်သေးကြောင်း သိရသည်။
“ရှေ့ရက်ကလဲ ကျောင်းကြီးစုကနေအိမ်ထဲ ကိုးတန်းကျောင်းသားကို ရာဘာကျည်နဲ့ပစ် ရိုက်နက်ပြီးခေါ်သွားတာ။ သူ့အမေက သူသားကို ဝိုင်းရိုက်နေတာတွေ့တော့ ဝင်တားတာ။ သူ့အမေပါ ခေါင်းကွဲအောင်ရိုက်ခံရတယ်” ဟု ကျောင်းကြီးစုရပ်နေ ပြည်သူတစ်ဦးကပြောသည်။
ဝါးပြားလမ်းစုံမီးပွိုင့်၌လည်း ည ၇ နာရီကျော်လျှင် စစ်ကောင်စီတပ်က ဆိုင်ကယ် ကားများတား၍ ပါလာသမျှပစ္စည်းများအား မွှေနှောက်ရှာဖွေခြင်းများပြုလုပ်နေကြောင်း သိရသည်။
ဘာမှမလုပ်တဲ့ကလေးတွေ မိဘမျက်စိရှေ့မှာပဲထားတဲ့ကလေးတွေလဲ ဝင်ဖမ်းနေတာ ဘာအဓိပ္ပါယ်လဲ။ သေချာတာကတော့ ဒီစစ်အုပ်စုက ကြောက်ရမ်းရမ်းနေပြီ။ ကလေးတွေအကုန်လုံးကို သူတို့မျက်စိထဲ PDF တွေလို့ပဲမြင်နေတာ“ ဟု ၎င်းက သုံးသပ်သည်။
ထို့ပြင် မြေဖြူနှင့် ညောင်ဖြူစခန်းရပ်တို့တွင်လည်း ညပိုင်း၌ ဧည့်စာရင်းစစ်ခြင်းများကို အကြောင်းပြု၍ လူနေအိမ်အတွင်းရှိ ပစ္စည်းများကို မွှေနှောက်ရှာဖွေခြင်းများ ပြုလုပ်လာကြောင်း သိရသည်။
“ကျွန်မတို့ အသိအိမ်ဆို တံခါးတွေကန်ဖွင့်၊ ဧည့်စာရင်းစစ်တယ်ပြောပြီး အိမ်ထောင်စုဇယားမိတ္တူတွေပါ ယူသွားတယ်" ဟု ပြည်သူတစ်ဦးကပြောသည်။
တောင်ကြီးမြို့အတွင်း စစ်ကောင်စီအုပ်စုများသည် တိုက်အထပ်မြင့်များပေါ်တွင် နေရာယူထားခြင်း၊ ဘုန်းကြီးကျောင်းဝန်းများပေါ်တွင် မြေကတုတ်ကျင်းတူး၍ တပ်စွဲထားခြင်းများပြုလုပ်နေပြီး လူငယ်များအား အကြောင်းမဲ့ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံပြည်သူများမှ ပေးပို့လာသောအချက်အလက်များအရ သိရသည်။