ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဇွန် ၂၂ ရက် နံနက် ငါးနာရီကျော်၌ စစ်ကောင်စီအုပ်စုက အသက် (၁၅) နှစ်မပြည့်သေးသည့် ကိုးတန်းကျောင်းသားတစ်ဦးကို ရာဘာကျည်ဖြင့်ပစ်ပြီး ရိုက်နှက်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။
တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ ၉ တွင် မိဘများနှင့် အတူနေထိုင်နေသည့် ကိုးတန်းကျောင်းသား စိုင်းလင်းဦးကို စစ်ကောင်စီ အုပ်စုက နေအိမ်ထဲထိ အတင်းအဓမ္မ ဝင်ရောက်ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းနှင့်နီးစပ်သည့် ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“နံနက် ၅ နာရီလောက်မှာ အိမ်ကိုအတင်းဝင်ပြီး အစ်ကိုဖြစ်သူကိုလာရှာတယ်။ မတွေ့တော့ ကောင်လေးကို ခေါ်သွားတယ်။ ကောင်လေးက ရုန်းတော့ ရာဘာကျည်နဲ့ပစ်တာ။ သေနတ်နဲ့လည်းထုတယ်။ ကလေးကို သနားတယ်။ သူ့မှာက ဘာမှမလုပ်ရဘူး” ဟု စိုင်းလင်းဦးတို့နှင့် နီးစပ်သူ ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးသွားသည့် စိုင်းလင်းဦးသည် အသက် ၁၅ နှစ်မပြည့်သေးကြောင်း၊ ကိုးတန်းကျောင်းသားသာရှိပြီး လာရောက်ဖမ်းဆီးစဉ်တွင် ရာဘာကျည် သုံးချက်၊ သေနတ်ဒင်နှင့် တစ်ချက်ထုကာ အကြမ်းဖက်ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“ကောင်လေးက အတော်တော်ကို အရိုက်ခံရတယ်။ သူတို့က အရမ်းရက်စက်တယ်ဗျာ။ အိမ်ကိုလည်း ဝင်မွှေသွားတယ်။ ကောင်လေးကိုလည်း ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ကားပေါ်ရောက်တော့ ခေါင်းကိုလည်း ပလက်စတစ်အိတ်နဲ့ စွပ်သွားသေးတယ်” ဟု မျက်မြင်တွေ့ရသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အာဏာသိမ်းစစ်ကောင်စီအုပ်စုသည် အာဏာသိမ်းပြီးနောက် အရပ်သားနေအိမ်များကို စစ်ဖိနပ်များဖြင့် ဝင်ရောက်ပြီး တံခါးကိုလည်း ရိုက်ဖျက်ကာ အတင်းအဓ္မမ ရှာဖွေဖမ်းဆီးမှုပြုလုပ်ခဲ့သည်။
စစ်ကောင်စီအုပ်စုသည် တောင်ကြီးမြို့ရှိ အရပ်သားများကို ဖမ်းဆီးမှု ဇွန် ၁ ရက်မှ ယနေ့ ဇွန် ၂၂ ရက်အထိ အယောက်၂၀ နီးပါးခန့်ရှိပြီး၊ စစ်ကောင်စီအာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ယနေ့ချိန်ထိ တောင်ကြီးမြို့ အရပ်သား ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။
Published
Wednesday, June 23, 2021
တောင်ကြီးမြို့ ကိုးတန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီက ရာဘာကျည်နှင့်ပစ်ပြီး ရိုက်နှက် ဖမ်းဆီး