အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် ဧရာဝတီလက်ဖက်ရည်ဆိုင်ပိုရှင်၏ သားငယ် အသက် (၁၂) နှစ်အရွယ်နှင့် ဦးလေးဖြစ်သူ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ဦးအောင်မြတ်မိုးတို့ကို ဇွန် ၂၀ ရက်ညနေပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
"မနေ့ညနေ ၅ နာရီလောက်ပြန်လွတ်တာ။ ဘာကြောင့်ပြန်လွတ်တာတော့ အတိအကျတော့မသိဘူး။ သူတို့ မိသားစုဝင်တွေက ဖုန်းဆက်တယ်။ လွတ်လာပြ။ီ သူတို့ပါသွားတဲ့ စာရွက်စာတန်း၊ ဘဏ်စာအုပ်နဲ့ ဖုန်းလေးလုံး၊ ပါတာတွေေရာပြန်ပေးတယ်တဲ့။ ဟိုဘက်က ဘယ်လိုအကြောင်းကြောင့် လွတ်လာပေးလဲတော့မသိဘူး။ ကောင်လေးကလည်း တအားဖျားနေတယ်" ဟု ကလေးဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ဇွန် ၂၀ ရက် နံနက်နှစ်နာရီခန့်က ဧရာဝတီလက်ဖက်ရည်ဆိုင်ပိုရှင်၏ သားအကြီးကို လာရောက်ရှာဖွေရာ မတွေ့သည့်အတွက် သားငယ်ဖြစ်သူ ၁၂ နှစ်အရွယ်နှင့် ဦးလေးဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ညနေ ၄ နာရီ ၅ နာရီကြားတွင်လည်း ကလေးမြို့ မြို့အထွက် တမူးလမ်းမပေါ်တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်များစစ်ဆေးပြီး လူငယ်သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။
"မနေ့က ညနေပိုင်း ကလေးဝဖက်သွားတဲ့လမ်း ကလေးမြို့အထွက်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေလုပ်တယ်။ အဲဒီ လူငယ်သုံးဦး ဆိုင်ကယ်နဲ့လာတဲ့သူတွေရဲ့ဖုန်းမှာ Gas သေနတ်နဲ့ ဓာတ်ပုံရိုက်တာတိုတွေ့တော့ သူတို့ကို ရဲစခန်းကိုခေါ်ပြီး ရိုက်နှိပ်စစ်ဆေးခံရတယ်လို့သိရတယ်” ဟု ကလေးမြို့ ဒေသခံတစ်ဦးကပြောသည်။
Published
Monday, June 21, 2021
ကလေးမြို့ ဧရာဝတီလက်ဖက်ရည်ဆိုင်က ၁၂ နှစ်အရွယ်ကလေးနှင့် ဦးလေးဖြစ်သူကို စစ်ကောင်စီပြန်လွှတ်