ယခင်တစ်ပတ်က ဆောင်းပါးနိဂုံးကို ယခုလို သတိပေးနှိုးဆော်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။
မင်းအောင်လှိုင် - စိုးဝင်း အကြမ်းဖက်စစ်အုပ်စု အကုန်အစင်တိုက်ဖျက်ရေးအတွက် စစ်အုပ်စုဆန့်ကျင်တဲ့ အင်အားစုမှန်သမျှ သွေးစည်းညီညွတ်ကြပြီး စစ်အုပ်စုကို ပြတ်ပြတ်သားသား ချေမှုန်းပစ်ကြဖို့ပါ။ ဒီလိုမှမဟုတ်ဘဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ အင်အားစုတစ်စုနဲ့တစ်စု စကားများ၊ ရန်ဖြစ်နေကြမယ်ဆိုရင် အားလုံးကို စစ်အုပ်စုက ချေမှုန်းဝါးမျို သွားပါလိမ့်မယ်။
ဒီလို ဘာကြောင့် သတိပေးနိုးဆော်ရသလဲ။
၁၉၄၈-၄၉ ခုနှစ်ကနေစတင်ခဲ့ပြီး ယနေ့အထိ မရပ်စဲနိုင်သေးတဲ့ ‘ပြည်တွင်းစစ်’ သမိုင်းဖြတ်သန်းမှု လက်တွေ့ခရီးစဉ်ကြီးကို ကြည့်ပါ။ ဒီသမိုင်းဖြတ်သန်းမှု လက်တွေ့ခရီးစဉ်ကြီးထဲမှာ မိမိယုံကြည်ရွေးချယ်ရာ နိုင်ငံရေးပါတီအင် အားစုအသီးသီးကနေ ပါဝင်ခဲ့ကြတဲ့ အဆက်ဆက်သော မျိုးဆက်များက နိုးကြားတက်ကြွသူတွေရဲ့ အသက်၊ သွေး၊ ချွေး မြောက်မြားစွာ၊ လူမျိုးပေါင်းစုံပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တန်ဖိုးထား၊ လေးစားထောက်ထားပြီး အသိပေးရတာပါ။
ဒီသမိုင်းလက်တွေ့ဖြတ်သန်းမှု ခရီးစဉ်ကြီး (၁၉၄၈ - ၄၉ ခုနှစ်မှ ယနေ့ မျက်မှောက်ကာလအထိ) ကို ပကတိအတိုင်း လက်တွေ့ကျကျ ကြည့်မြင်လိုက်မယ်ဆိုရင် အောက်ပါအချက် ၄ ချက်ကို ထင်ထင်ရှားရှား မြင်တွေ့ရပါလိမ့်မယ်။
ပထမအချက် - ဘယ်အင်အားစုကမဆို တိုင်းပြည်နဲ့ပြည်သူအတွက် မျှော်မှန်းခဲ့ကြတဲ့ ဦးတည်ချက်တွေ၊ ရည် မှန်းချက်တွေ ပြည့်ပြည့်ဝဝ၊ တိတိကျကျ မရရှိကြသေးဘူးဆိုတဲ့အချက်။
ဒုတိယအချက် - အဆက်ဆက်သော အုပ်စိုးသူများ (၁၉၄၈ ကနေ ၁၉၆၂ အထိ အုပ်စိုးသူနဲ့ ၁၉၆၂ ကနေ ဒီကနေ့အထိ နာမည်မျိုးစုံနဲ့ အုပ်စိုးနေတဲ့စစ်အုပ်စု) ထံမှာ ‘စစ်မှန်သောဒီမိုကရေစီ - စစ်မှန်တဲ့တန်းတူရေး - စစ်မှန်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် - စစ်မှန်တဲ့ပြည်ထောင်စု’ ဆိုတဲ့အရာတွေမရှိဘဲ ‘ဆင်တူရိုးမှားနဲ့ အတုအယောင်တွေသာရှိတယ်’ ဆိုတဲ့အချက်
တတိယအချက် - မိမိတို့ရဲ့ နိုင်ငံရေး/စစ်ရေး လမ်းစဉ်ပေါ်လစီ မှားယွင်း၊ တိမ်းစောင်းမှုများကြောင့်ဖြစ်စေ - အုပ်စိုးသူများရဲ့ လှည့်ဖြားလိမ်ညာမှုကို ရေလိုက်လွဲပြီး ထင်ယောင်ထင်မှားဖြစ်မိကြလို့ဖြစ်စေ သို့တည်းမဟုတ် ‘ဘုံရန်သူပျောက်ပြီး’ မိမိတို့အချင်းချင်း (တစ်ဖွဲ့ထဲမှာ သို့မဟုတ် တစ်ဖွဲ့နဲ့အခြားတစ်ဖွဲ့) အစည်းပြေတိုက်ခိုက်ကြလို့ဖြစ်စေ၊ မိမိတို့ လူသူလက်နက်အင်အားတွေ အလူးလူးအလိမ့်လိမ့် အကွဲကွဲအပြားပြားနဲ့ အဟောသိကံဖြစ်ခဲ့ကြရတယ်ဆိုတဲ့အချက်
စတုတ္ထအချက် - ဒီအချက်က အထက်ပါအချက် ၃ ချက်ရဲ့ တိုက်ရိုက်အကျိုးဆက်ရလဒ်လည်း ဖြစ်ပါတယ်။ တစ်ဖွဲ့ချင်း အင်အားမှာဖြစ်စေ၊ စုပေါင်းအင်အားမှာဖြစ်စေ နယ်မြေနဲ့ လူသူလက်နက်အင်အားတွေ သေးကျုံ့ပြန့်ကြဲသွားရတယ်ဆိုတဲ့အချက် (ဒီအချက်ထဲမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ထက်မြက်သူ၊ အစဉ်အလာကြီးသူ၊ ဩဇာအရှိန်ကြီးမားသူတွေ လုပ်ကြံသတ်ဖြတ်ခံရတာ၊ တိုက်ပွဲမှာ ကျဆုံးရတာ၊ မရှောင်သာ မလွှဲသာတဲ့ သဘာဝတရားကို ရင်ဆိုင်သွားကြရတာ သို့မဟုတ် ဒဏ်ရာ/ဖျားနာကြောင့် ကျဆုံးကွယ်လွန်ကြရတာတွေကိုလည်း ထည့်သွင်းတွက်ချက်ရမှာပါ)
အထက်ပါအချက်တွေကို ဘယ်သူ့မျက်နှာကိုမှ မထောက်မထားဘဲ လက်တွေ့ကျကျ တွက်ချက်ကြည့်ရင် ‘အုပ်စိုးသူလူတန်းစား - ရန်သူဘက်ကသာ အမြတ်ရသွားတယ်’ ဆိုတဲ့အချက်ကို အထင်အရှား မြင်နိုင်ပါလိမ့်မယ်။ အမြတ်ရသွားတယ်လို့ဆိုတဲ့အချက်ကို ဘက် ၂ ဘက်ကနေပြောတာပါ။ ပထမဘက်က အုပ်စိုးသူလူတန်းစား - ရန်သူဟာ သူ့အုပ်စိုးမှုနဲ့ သူချုပ်ကိုင်ထားတဲ့ ‘အာဏာ’ ကို (ဘယ်လိုပင် အကြပ်အတည်းတွေ ရင်ဆိုင်ခဲ့ရသော်လည်း) ဒင်းတို့မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်၊ ဆက်ခံထိန်းသိမ်းထားနိုင်နေဆဲ ဖြစ်တယ်ဆိုတဲ့ဘက်။
ဒုတိယဘက်ကတော့ ‘အထွေထွေတော်လှန်ရေးအင်အားစုများဘက်’ ဖြစ်ပါတယ်။ အုပ်စိုးသူလူတန်းစား - ရန်သူကို လျော့နည်းပြန့်ကြဲသွားတဲ့ ရောက်ရှိအနေအထားအတိုင်း ကျားကုတ်ကျားခဲ လုံးပမ်းတိုက်ခိုက်နေရဆဲ ဖြစ်တယ်ဆိုတဲ့ဘက်ပါပဲ။
အဆက်ဆက်သော အုပ်စိုးသူလူတန်းစား - ရန်သူတွေဟာ သေလောက်တဲ့ အကြပ်အတည်းကြီးတွေ မကြုံခဲ့ရတာမဟုတ်ပါဘူး။ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ အထွေထွေတော်လှန်ရေးအင်အားစုများဘက်က ‘ချိနဲ့ချက်နဲ့ ပျော့ကွက်တွေ’ ကို ပြတ်ပြတ်သားသားတက်နင်းပြီး ဒင်းတို့အသက်ကို အချိန်မီဆက်သွားနိုင်တာကြောင့်သာ ဒင်းတို့ရဲ့အုပ်စိုးမှုနဲ့ အာဏာသက်ဟာ ယခုလို ရှည်လျားကြာမြင့်နေရတာပါ။
ယခုလည်း အုပ်စိုးသူလူတန်းစား - ရန်သူဖြစ်တဲ့ မင်းအောင်လှိုင် - စိုးဝင်း အကြမ်းဖက်စစ်အုပ်စုမှာ ကြီးမားကျယ်ပြန့်လှတဲ့ ပြည်တွင်း/ပြည်ပ အကြပ်အတည်းကြီးနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဘယ်ခေတ်နဲ့မှမတူအောင် ပြည်သူများက တက်ကြွနိုးကြားနေပြီး ဒင်းတို့အုပ်စိုးမှုကို ပြတ်ပြတ်သားသားတွန်းလှန်ဖို့ အသင့်ဖြစ်နေတဲ့ အခြေအနေနဲ့ အချိန်အခါဖြစ်ပါတယ်။ ဒီအခွင့်အခါကောင်းကို လက်မလွတ်စေဘဲ ထိထိမိမိ အသုံးချပြီး အဓိကဘုံရန်သူဖြစ်တဲ့ “မင်းအောင်လှိုင် - စိုးဝင်း အကြမ်းဖက်စစ်အုပ်စု” ကို တညီတညွတ်တည်း ပြတ်သားတည်ကြည်စွာ တွန်းလှန်ကြပါလို့ အလေးအနက်ပန်ကြားပါတယ်။ ဘုံရန်သူကို စစ်မြေပြင်မှာ ပြတ်ပြတ်သားသား ရှင်းနိုင်ပြီဆိုရင် တော်လှန်ရေးမိတ်ဆွေ အချင်းချင်းအကြားက ကွဲလွဲမှုဟာ စားပွဲပေါ်မှာ တန်းတူရည်တူ ဆွေးနွေးဖြေရှင်းအဖြေရှာနိုင်ပါတယ်။
အချက်အချာရန်သူကို မျက်ခြည်မပြတ် တိုက်ခိုက်ကြရမယ့်အစား ကိုယ့်အချင်းချင်းအကြားက သာမညကွဲလွဲမှုကို မလိုအပ်ဘဲ အကျယ်ချဲ့ စကားများနေကြမယ်ဆိုရင် စစ်အုပ်စုအာဏာသက် ဆက်လက်တည်မြဲရှည်ကြာသွားပါလိမ့်မယ်ဆိုတာကို အလေးအနက် သတိပေးပါရစေ။