မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကယားပြည်နယ်နှင့် အခြားဒေသများတွင် လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်း၍ စိုးရိမ်လျက်ရှိကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့က ယမန်နေ့ (ဇွန် ၈ ရက်) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့များက အရပ်သားများနေထိုင်ရာနေရာများသို့ ခွဲခြားမှုမရှိဘဲ သိမ်းကြုံးတိုက်ခိုက်နေခြင်းများအပါအဝင် ကယားပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများကြောင့် ခန့်မှန်းခြေအားဖြင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်စသည့် လူဦးရေ ၁၀၀,၀၀၀ ခန့်သည် ပြည်တွင်းတွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။
အိုးအိမ်စွန့်ခွာရသူအများစုမှာ ကယားပြည်နယ်နှင့် ယင်းနှင့်ထိစပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘေးကင်းလုံခြုံရာနယ်ခံများနှင့် သစ်တောများထဲတွင် ခိုလှုံနေထိုင်လျက်ရှိပြီး ယင်းအရေးကိစ္စသည် မြန်မာနိုင်ငံ၏ အခြားဒေသများတွင် တွေ့မြင်ရကြောင်းနှင့် အိုးအိမ်စွန့်ခွာရသူများကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးခိုလှုံရသည့်အခြေအနေသို့ တွန်းပို့နိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံးအနေဖြင့် အရပ်သားများနှင့် အရပ်သားများနှင့်သက်ဆိုင်သော အခြေခံအဆောက်အဦများ၊ အထူးသဖြင့် ဆေးကုသရာနေရာများနှင့် ဆေးဝန်ထမ်းများ အစရှိသည့် အကာအကွယ်ပေးရမည့်အရာများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံနှင့် ကြိုတင်ကာကွယ်မှုများကို အရေးတကြီး လုပ်ဆောင်ရန်နှင့် တိုက်ခိုက်သူနှင့်အရပ်သားများအကြား ပစ်မှတ်ခွဲခြားခြင်း၊ လိုအပ်မှသာ ပစ်ခတ်ခြင်း၊ အင်အားအလွန်အကျွံအသုံးမပြုခြင်းနှင့် အရပ်သားများကို ကာကွယ်စောင့်ရှောက်ခြင်း အစရှိသည့် အခြေခံမူများကို လိုက်နာရန် ကုလသမဂ္ဂက ထပ်လောင်း တောင်းဆို တိုက်တွန်းထားသည်။
ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူများနှင့် တိုက်ပွဲဒဏ်ခံဒေသများတွင် ကျန်ရှိနေသူများသည် စားနပ်ရိက္ခာ၊ ရေ၊ နေစရာ၊ လောင်စာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိပြီး ဒေသခံများသည် ကူညီတုန့်ပြန်မှုများကို ချက်ချင်းလက်ငင်း လုပ်ဆောင် နိုင်ကြသော်လည်း လိုအပ်ချက်အားလုံး အထူးသဖြင့် ဝေးလံသောနေရာတွင် ရောက်ရှိနေသူများထံသို့ ရောက်ရှိရန် လိုအပ်နေဆဲဖြစ်ကာ ဒေသခံများ၏ ကူညီဆောင်ရွက်မှုများကို ပံ့ပိုးဖြည့်ဆည်းပေးရန် ကုလသမဂ္ဂနှင့် ယင်း၏မိတ်ဖက် အဖွဲ့အစည်းများတွင် စားနပ်ရိက္ခာ၊ အိုးအိမ်ဆိုင်ရာပစ္စည်းများနှင့် အခြားအခြေခံ ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အဆင်သင့်ရှိနေသည်ဟု ဆိုသည်။
ဆက်လက်ပေါ်ပေါက်နေသည့် လုံခြုံရေးအခြေအနေ၊ လုံခြုံရေးတပ်ဖွဲ့များက ချမှတ်ထားသည့် အသွားအလာကန့်သတ်ချက်များနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုမရှိခြင်းများကြောင့် ဤအကူအညီများကိုပေးဝေရန် ကြန့်ကြာလျက်ရှိကြောင်း ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် သွားရောက်ကူညီသူများကို ဘေးကင်းစွာသွားလာခွင့်ပြုရန်နှင့် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများအား ကယားပြည်နယ်အပါအဝင် နိုင်ငံအတွင်းရှိ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေသူများအားလုံးထံ အကူအညီများ တိုက်ရိုက်သွားရောက်ပေးခွင့်ပြုရန် လုံခြုံရေးတပ်ဖွဲ့များအား ကုလသမဂ္ဂအဖွဲ့က တောင်းဆိုခဲ့သည်။
Published
Wednesday, June 09, 2021
ကယားပြည်နယ်အပါအဝင် အခြားဒေသများတွင် အကူအညီများ တိုက်ရိုက်ပေးခွင့်ပြုရန် လုံခြုံရေးတပ်ဖွဲ့များအား ကုလတောင်းဆို