ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် ဇွန်လ ၄ ရက်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ မင်းတပ် CDF မှ ၃ ဦးကျဆုံးခဲ့ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရရှိသူထံမှ သိရသည်။
“ကျွန်တော်တို့တိုက်ပွဲက နှစ်နေရာမှာ နှစ်ကြိမ်ဖြစ်တယ်။ ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်နားက ရွာတွေမှာပဲ ရွှေအောင်သာရွာမှာ ကျွန်တော်တို့တပ်ကြပ်ကြီး ရှောင်လင်တစ်ယောက်ကျသွားတယ်။ CDM ဝင်နေတဲ့ ရဲတပ်ကြပ် သူက မင်းတပ်ကာကွယ်ရေး ဦးဆောင်တဲ့အဖွဲ့ကပဲ Sniper ထိပြီးမှ ကျသွားတယ်။ သူ့ကိုကယ်ဖို့ သွားတဲ့လူကလည်း ဒဏ်ရာရသွားတယ်။ ရွှေအောင်သာတီုက်ပွဲက မနက် ၅ နာရီစတယ် ၉ နာရီ ၁၀ နာရီလောက်မှာပြီးတယ် မယ်လည်ကုန်းရွာဘက်တိုက်ပွဲက ရွှေအောင်သာကို စစ်ကူသွားတဲ့လူတွေကို မင်းတပ် CDF က ကြားဖြတ်တိုက်တာ အဲဒီမှာပဲ ကျနော်တို့ဖက်က နှစ်ယောက်ကျသွားတယ်။ စပစ်မယ်ဆိုတဲ့အချိန်မှာ မိုးရွာတာပေါ့။ သူတို့တူမီးသေနတ်က အဆင်မပြေတာ အဲလိုဖြစ်တဲ့အချိန်မှာ" ဟု မင်းတပ် CDF က ပြောရေးဆိုခွင့်ရှိသူကပြောသည်။
အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် CDF တိုက်ပွဲဖြစ်ပွားချိန် ကျရှုံးခဲ့သည့်သူများမှာ CDM ဝင် ဒု-ရဲတပ်ကြပ် ရှောင်လင်၊ ရှင်းအောင်ထမ်းနှင့် ထန်းလင်းတို့ဖြစ်ကြသည်။
ယင်းနောက် အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် CDF တို့ကြား တိုက်ပွဲမဖြစ်သေးသော်လည်း မကြာခင်အတွင်းလည်း ပြန်လည်ဖြစ်လာနိုင်ကြောင်း CDF ပြောခွင့်ရရှိသူက ဆက်ပြောသည်။
မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် CDF တိုက်ပွဲကြောင့် ဒေသခံအများစုသည် တောတွင်း စစ်ဘေးရှောင်ထွက်ပြေးနေကြပြီး မြို့ပေါ်တွင် အနည်းငယ်သာကျန်ရစ်ခဲ့ကြသည်။
Published
Monday, June 07, 2021
မင်းတပ်တွင် တစ်နေ့တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ CDF အဖွဲ့မှ တပ်ကြပ်ကြီးရှောင်လင်အပါအဝင် ၃ ဦးကျဆုံး