တံတားကို မူရင်းအမည် ပြန်လည်ပြောင်းလဲရုံဖြင့် စစ်တပ်ကိုထောက်ခံမည်မဟုတ်ဟု မွန်လူငယ်များနှင့် မွန်နိုင်ငံရေးအသိုင်းအဝိုင်းပြော

တံတားကို မူရင်းအမည် ပြန်လည်ပြောင်းလဲရုံဖြင့် စစ်တပ်ကိုထောက်ခံမည်မဟုတ်ဟု မွန်လူငယ်များနှင့် မွန်နိုင်ငံရေးအသိုင်းအဝိုင်းပြော

မွန်ပြည်သူများကန့်ကွက်ခဲ့သည့် တံတားအမည်ကို မူရင်းအမည်ပြန်လည်ပြောင်းလဲရုံဖြင့် စစ်တပ်ကို ထောက်ခံမည်မဟုတ်ကြောင်း မွန်လူငယ်များနှင့် မွန်နိုင်ငံရေးအသိုင်းအဝိုင်းများက ပြောသည်။

NLD အစိုးရလက်ထက် ဒေသခံ ဌာနေတိုင်းရင်းသားများကန့်ကွက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းတံတားကို အာဏာသိမ်းစစ်ကောင်စီက မူရင်းအမည်ဖြစ်သည့် သံလွင်တံတား (ချောင်းဆုံ) ဟု ပြောင်းလဲပေးလိုက်ပြီး အခမ်းအနားကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

အဆိုပါတံတားမှာ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်နှင့် ချောင်းဆုံ (ဘီလူးကျွန်း) သို့ ဆက်သွယ်ထားသည့် သံလွင်မြစ် ဖြတ်သန်းဆောက်လုပ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းတံတား (ချောင်းဆုံ) တံတားဖြစ်သည်။

ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းတံတားအား မူလအမည်ဖြစ်သည့် သံလွင်တံတား (ချောင်းဆုံ) အဖြစ် ပြန်ပြောင်းလိုက်သည့်အပေါ် အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်လည်း ရှိသည်။

မွန်လူငယ်တစ်ဦးက “ဒီလိုမျိုး တံတားနာမည်ပြောင်းပေးလိုက်ရင် မွန်ပြည်သူတွေက သူတို့ကို လက်မခံမယ်ထင်တာလားမသိဘူး။ သူတို့ကို ထောက်ခံမယ်ထင်နေတာဗျ။ ကျနော်တို့က အခုက ဒီတံတားကိစ္စကို မကျေနပ်တာက သက်သက်ပါဗျ။ အခုလုပ်တာက စစ်အာဏာရှင်ကို တိုက်နေတာ။ စစ်အာဏာရှင်အမြစ်ပြတ်ဖို့ ကျဆုံးဖို့ လုပ်နေကြတာ။ ဘယ်အာဏာရှင်မှ မလိုချင်ဘူးဗျာ ကျနော်တို့က။ ဒါက တခြားစီပဲ။ မဆိုင်ဘူးဗျ။ တံတားနာမည်ကို ကျနော်တို့လိုချင်တဲ့နာမည် ပြန်ပြောင်းပေးလဲ ကျနော်တို့ကတော့ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ရမှာပဲ၊ ကြိုက်မှမကြိုက်တာဗျာ” ဟု ပြောသည်။

တံတားအမည်ပြောင်းလဲခြင်းကို အခမ်းအနားဖြင့် ဇွန်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကို ဦးဆောင်ကန့်ကွက်ခဲ့သူတစ်ဦးဖြစ်သည့် ဒေါက်တာအောင်နိုင်ဦးက “ကျနော်တို့ မွန်အမျိုးသားရေး ဦးတည်ချက်ကတော့ တံတားနာမည်မျှလောက်နဲ့ မဟုတ်ပါဘူး နိုင်ငံတော်ကို ပုံဖော်တည်ဆောက်တဲ့နေရာမှာ အပြန်အလှန်လေးစားမှု အပြန်အလှန်နားလည်စာနာမှုများနဲ့ တိုင်းရင်းသားအားလုံးအတွက် ယုံကြည်စိတ်ချရမယ့် နိုင်ငံရေးစနစ်ကောင်းတစ်ခု ပေါ်ထွန်းဖြစ်တည်ရေးသာဖြစ်ပါတယ်၊ အဲဒါကတော့ ကျနော်တို့ အမြဲပြောနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးသာဖြစ်ပါတယ်” ဟု ပြောဆိုလိုက်သည်။

တံတားအမည် ပြောင်းလဲလိုက်သည်နှင့်အတူ အမည်ဆိုင်းဘုတ်အောက်ခံအရောင်ကိုလည်း အနီရောင်မှ အစိမ်းရောင်ကို ပြောင်းလဲလိုက်သည်ကိုလည်း တွေ့ရသည်။

အဆိုပါတံတားသည် စီမံကိန်းစတင်ခဲ့စဉ်က သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့် စခဲ့သော်လည်း စီမံကိန်းပြီးစီးခါနီးတွင် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ဖြင့် NLD အစိုးရက ပြောင်းလဲခဲ့သည်။

မူလ သံလွင်တံတား (ချောင်းဆုံ) အမည်ကနေ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ဖြင့် ပြောင်းလဲလိုက်ခြင်းအပေါ် ဒေသခံ ဌာနေတိုင်းရင်းသားများက လက်မခံပဲ ကန့်ကွက်ခဲ့ကြသည်။

တံတားအမည်ကို မူလအမည်ဖြစ်သည့် သံလွင်တံတား (ချောင်းဆုံ) အမည်အတိုင်း ထားရှိပေးရန် ဒေသခံ ဌာနေတိုင်းရင်းသားများက နိုင်ငံတော်သမ္မတအထိ တင်ပြတောင်းဆိုခဲ့သော်လည်း နောက်ဆုံး ပြည်သူ့လွှတ်တော်တွင် မဲခွဲပြီး ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ဖြင့် အတည်ပြုသတ်မှတ်ခဲ့သည်။

သံလွင်တံတား (ချောင်းဆုံ) သည် ဦးသိန်းစိန်အစိုးရလက်ထက်က စတင်တည်ဆောက်ခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် တံတားတစ်စင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...