“တည်ထောင်သူတွေက မွန်ညီညွတ်ရေးပါတီက နုတ်ထွက်ထားတဲ့လူ သက်သက်မဟုတ်ဘူး။ ကျွန်တော် တို့ ရည်ရွယ်ချက်မှာ နိုင်ငံရေး ဦးတည်ချက်ဆိုတာ မရှိပါဘူး”

“တည်ထောင်သူတွေက မွန်ညီညွတ်ရေးပါတီက နုတ်ထွက်ထားတဲ့လူ သက်သက်မဟုတ်ဘူး။ ကျွန်တော် တို့ ရည်ရွယ်ချက်မှာ နိုင်ငံရေး ဦးတည်ချက်ဆိုတာ မရှိပါဘူး”

မွန်ရေးရာအဖွဲ့ ကနဦး တည်ထောင်သူတစ်ဦးဖြစ်သူ နိုင်မွန်ရာဇာနှင့် တွေ့ဆုံမေးမြန်းခြင်း

မွန်ညီညွတ်ရေးပါတီ MUP မှ နုတ်ထွက်လာသူအချို့ စုပေါင်း၍ မွန်တိုင်းရင်းသားလူမျိုးများအတွက် ရည်ရွယ်ကာ အင်အားစုသစ်တစ်ရပ်အဖြစ် မွန်ရေးရာအဖွဲ့ကို မေ ၂၃ ရက်ကစတင်ဖွဲ့စည်းလိုက်သည်။

 

အဆိုပါ မွန်ရေးရာအဖွဲ့ကို မွန်ပြည်နယ် အခြေစိုက်အဖြစ် ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ပြီး ဒေသအသီးသီး နယ်ပယ်အရပ်ရပ်မှ မွန်တိုင်းရင်းသားလူမျိုးများ ပါဝင်လာနိုင်အောင် မြို့နယ်၊ ရပ်ကျေး အဆင့်သို့တိုင် ဖွဲ့စည်တည်ထောင်သွားမည်ဟု ဦးဆောင်သူ အသိုင်းအဝိုင်းကဆိုသည်။


 

 

ယင်းအဖွဲ့ကို မွန်တစ်မျိုးသားလုံးနှင့် ပတ်သက်သည့် ကဏ္ဍများကို ပိုမိုတိုးတက်အောင်မြင် နိုင်စေရန်အတွက် စုပေါင်းပြီး ဆောင်ရွက်သွားမည့်အပြင် ပြန့်ကျဲနေသော မွန်အင်အားစုများကို စုပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုအဖွဲ့အား ဦးဆောင်နေသူတို့က တညီတညွတ်တည်း ပြောဆိုကြသည်။

 

ထို့ကြောင့် မွန်စာပေယဉ်ကျေးမှု အနုပညာများ၊ စာပေသင်ကြားရေး၊ မွန်စာပေယဉ်ကျေးမှု၊ ကျန်းမာရေး၊ သုတေသန လုပ်ဆောင်မှုများ၊ အခြား လူမှုရေး ပရဟိတ လုပ်ငန်းများ ဆိုင်ရာများကို လုပ်ဆောင်နေသည့်အခြေအနေများ၊ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ယင်း အဖွဲ့ကို တည်ထောင်ရန် ဦးဆောင်ခဲ့သူ နိုင်မွန်ရာဇာအား တွေ့ဆုံမေးမြန်းထားပါသည်။

 

 

မေး - မွန်ရေးရာအဖွဲ့ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘာတွေ မျှော်မှန်းထားလဲ။

 

နိုင်မွန်ရာဇာ - ကျွန်တော်တို့ မေလ ၂၃ရက်နေ့ ညပိုင်းက ဆုံတွေ့ကြတယ်။ ဆုံတွေ့ပြီးတော့ မွန်ရိုးရာအဖွဲ့နဲ့ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးတော့ ဒီအဖွဲ့ ဖွဲ့ရတဲ့ ရည်ရွယ်ချက်ပေါ့ ၅ချက်။ ပထမအချက်ကတော့ ခြုံပြီးတော့ ပြောမယ်နော်။ ဒီမွန်တစ်မျိုးသားလုံးရဲ့ ကဏ္ဌာအသီးသီးမှာ ပိုပြီးတော့ တိုးတက်မြင့်မားအောင်လို့။ အဲဒါကို စုပေါင်းပြီးတော့ ညှိနှိုင်းပြီးတော့ ဦးဆောင်ဖို့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်တော်တို့ ရပ်တည်သွားမယ်။ တစ်ချက်ရယ်။ နောက် ဒုတိယအချက်ကျတော့ မွန်တစ်မျိုးသားလုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ၊ ယဉ်ကျေးမှု အားလုံး ထိန်းသိမ်းမယ်။ မြှင့်တင်မယ်။ ဖော်ထုတ်မယ်။ ဒါတွေကို အကောင်ထည်ဖော်ပြီး ဆောင်ရွက်သွားမယ်။ တတိယအချက်ကျတော့ ဒီတိုင်းရင်းသား အဖွဲ့အစည်း အသီးသီးနဲ့ ချိတ်ဆက်ပြီးတော့ အဲဒီ ကဏ္ဌအသီးသီးမှာ စုပေါင်းပြီး ကြိုးစားပြီး အကောင်အထည်ဖော်သွားဖို့။ တစ်ချက်ရယ်။ စတုတ္ထအချက်ကျတော့ ရည်ရွယ်ချက်တူတဲ့။ ရည်မှန်းချက်တူတဲ့။ ဦးတည်ချက်တူတဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်လူမျိုးမဆို စုပေါင်းပြီးတော့ ဦးဆောင်မယ်။ စုပေါင်းပြီးတော့ မူ နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် တစ်ချက်ရယ်။ နောက်ဆုံးတစ်ချက်ကျတော့ လွတ်လွတ်လပ်လပ်နဲ့ ဆောင်ရွက်နိုင်ဖို့ရယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ အဲ အဖွဲ့အစည်းအနေနဲ့ ရပ်တည်ပြီး တော့ ဆောက်ရွက်ဖို့ပေါ့ ခြုံပြီးတော့ ပြောတာပေါ့။ ဒီ ရည်ရွယ်ချက် ငါးချက်နဲ့ မွန်ရိုးရာအဖွဲ့ကို ဖွဲ့တာ ဖြစ်တယ်။

 

မေး -  ကနဦး တည်ထောင်တဲ့အခါ အင်အားဘယ်လောက်ရှိလဲ။ ဘယ်မြို့နယ်တွေ ပါလဲ။

 

နိုင်မွန်ရာဇာ -  ဖြေ -  မနေ့က ကျွန်တော်တို့ ဆွေးနွေးတာ ခေါင်းစဉ်တစ်ခုရှိတယ်။ မွန်ရိုးရာအဖွဲ့ ဖြစ်မြောက်ရေးကော်မတီဖွဲ့မယ်။ ဒါမှမဟုတ် အခု တက်ရောက်လာတဲ့သူတွေနဲ့ မွန်ရိုးရာအဖွဲ့ ကနဦး တည်ထောင်သူပေါ့။ အဲမှာ ဆွေးနွေးတဲ့အခါကျတော့ မွန်ရိုးရာအဖွဲ့ ကနဦး တည်ထောင်သူ ဒါကိုလုပ်ဖို့ သဘောတူတယ်။ အဲမှာ တက်ရောက်လာတဲ့ လူတွေထဲက ၁၉ဦးကို ရွေးပြီး အတည်ပြုတယ်ပေါ့။ ဥပမာ မော်လမြိုင်မြို့နယ် ပါမယ်။ မုဒုံမြို့နယ် ပါမယ်။ ပေါင်မြို့နယ် ပါမယ်။ ဘားအံမြိုနယ်ပါမယ်။ သံဖြူဇရပ်မြိုနယ်ပါမယ်။ ချောင်းဆုံမြို့နယ် ပါမယ်ပေါ့။ ကနဦး ယာယီဖွဲ့စည်းပြီးတော့ လာမယ့်အစည်း အဝေးကျရင် ကနဦး မှတ်ပုံတင်မယ်ပေါ့။

 

မေး - မွန်ညီညွတ်ရေး ပါတီကနေ ကျောခိုင်းလာတဲ့ သူတွေ စုဖွဲ့ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်ပေါ့။ အဲတော့ တစ်ချို့လူတွေရဲ့ စိတ်ထဲမှာ နိုင်ငံရေးအသင်းအဖွဲ့အနေနဲ့ သွားမလားဆိုတာမျိုးပေါ့။ အဲလို သံသယတွေ ထင်မြင်ယူဆနေတာတွေနဲ့ ပတ်သတ်ပြီး ဘာပြောစရာရှိလဲ။

 

နိုင်မွန်ရာဇာ - တစ်ချို့ကျတော့ ပြောကြဆိုကြတယ်ပေါ့နော်။ ဒီ မွန်ရေးရာအဖွဲ့မှာ အခု ကနဦး တည်ထောင်သူတွေမှာပါတဲ့သူတွေက ပါတီကနေ နုတ်ထွက်လိုက်တဲ့သူတွေ များနေတဲ့ သဘောရှိတယ်။ အဲလိုပုံစံမျိုး မဟုတ်ဘူး။ မွန်ရိုးရာအဖွဲ့ ပေါ်လာအောင် ခုနက ကျွန်တော်ပြောတဲ့ ရည်ရွယ်ချက် ငါးချက် ကို ဦးတည်ပြီး လုပ်မယ်။ ပါတဲ့သူကျတော့ ပါတီကနေ နုတ်ထွက်တဲ့သူတွေ စုပေါင်းပြီး ဒီအဖွဲ့ ဖွဲ့တာ မဟုတ်ဘူး။ သံသယ ဖြစ်စရာ အကြောင်းမရှိဘူး။ နောက်ပြီး ကျွန်တော်တို့ ဒီအဖွဲ့ ဖွဲ့ပြီးတော့ နောက်လာမယ့် အစည်းအဝေးမှာ မွန်အမျိုးသားနေ့ ကျင်းပရေး ဗဟိုကော်မတီတို့၊ နောက်ပြီးတော့ စာပေနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ မွန်ဒေသလုံးဆိုင်ရာ အသင်းအဖွဲ့တို့၊ မွန်ကလောင် ရှင်များအသင်းတို့၊ မွန်လူငယ်များ ဆုံရပ်၊ မွန်ပေါင်းစည်းထားတဲ့ ဂီတအဖွဲ့၊ မွန်အမျိုးသမီး စွမ်းဆောင် ရှင်များ အသင်းတို့၊ နောက် မွန်ပညာရေးနဲ့ ပတ်သတိတဲ့အသင်း၊ မွန်တိုင်းရင်းသား လုပ်ငန်းရှင် များအသင်းတို့ ဒါတွေရှိတယ်။ အများကြီးပဲ။ အဲမှာ မနေ့က ကြည့်လိုက်တဲ့အခါကျတော့ အသင်းအဖွဲ့ ဆိုတာရှိမယ်။ ကော်မတီဆိုတဲ့ ပုံစံမျိုးရှိမယ်။ တစ်ချို့ကျတော့ အစုအဖွဲ့ပေါ့။ မနေ့က ကျွန်တော် ခြုံပြီး ကြည့်လိုက်တာ ၁၇ဖွဲ့လောက်ရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ တွေ့ဆုံပြီး ပြန်ညှိနှိုင်းကြတယ် ပေါ့။ အဲဒါကြောင့် ခုနက ကျွန်တော်ပြောတာက ဒီအဖွဲ့မှာ ဦးဆောင်တဲ့သူ၊ တည်ထောင်သူတွေက မွန်ညီညွတ်ရေးပါတီက နုတ်ထွက်ထားတဲ့လူ သက်သက်မဟုတ်ဘူး။ ကျွန်တော်တို့ ရည်ရွယ်ချက်မှာ နိုင်ငံရေး ဦးတည်ချက်ဆိုတာ မရှိပါဘူး။

 

မေး -  မွန်ရေးရာအဖွဲ့နဲ့ ပူးပေါင်းချင်တဲ့ လူပုဂ္ဂိုလ်တွေရှိမယ်။ အဖွဲ့အစည်းတွေရှိမယ်ဆိုရင် ဘယ်ကို ဆက်သွယ်ရမလဲ။

 

နိုင်မွန်ရာဇာ - အခု လောလောဆယ်ပေါ့နော်။ မွန်ရေးရာအဖွဲ့ရဲ့ ကနဦး တည်ထောင်သူ ၁၉ဦး။ ဒေါက်တာမင်းကြည်ဝင်း၊ ဒေါက်တာမင်းစိုးလင်း၊ နောက် ကျွန်တော်၊ မင်းဗညားစန်း စသည်ဖြင့် ပြည်သူတွေ ဆက်သွယ်လည်း အဆင်ပြေပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...