ဒီမော့ဆိုဒုက္ခသည်များကို ကယ်ဆယ်ရန်သွားသော Free Burma Ranger အဖွဲ့ဝင် ကျဆုံး

ဒီမော့ဆိုဒုက္ခသည်များကို ကယ်ဆယ်ရန်သွားသော Free Burma Ranger အဖွဲ့ဝင် ကျဆုံး
by -
နော်ဒွေးအယ်ခူ (KT)

ဒီမော့ဆိုမြို့နယ်မှ စစ်ရှောင်ပြည်သူများကို ကယ်ဆယ်ရန်သွားသော Free Burma Ranger (Karenni) အဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း FBR (Karenni) အဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို အတည်ပြုပြောသည်။ 

 

“အဓိကကတော့ Free Burma Ranger အဖွဲ့ဝင်တစ်ဦးဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့နဲ့အတူ ဒီမော့ဆိုမှာရှိတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့သွားရင်း လမ်းမှာတိုက်ပွဲဖြစ်ရင်း ကျသွားတာပေါ့။ ဒေါငံခါးလမ်းခွကနေ တံတားဖြူတံတားနားမှာ တိုက်ပွဲဖြစ်တယ်ပေါ့ အဓိကကတော့ အဲ့မှာ စစ်တပ်ကနေပြီးတော့ ကင်းလှည့်တာလား ရိက္ခာတွေလိုက်ယူနေတာလားမသိဘူး တစ်အိမ်တက်တစ်အိမ်ဆင်း လုပ်နေတာတွေ့ရတယ်ပေါ့။ အဲ့မှာ ကျတော်တို့အဖွဲ့နဲ့ ထိပ်တိုက်တိုးတာပေါ့ တိုးရင်းနဲ့ ပစ်ခတ်ရင်းနဲ့ ကျတော်တို့လူတစ်ယောက်နဲ့အတူ PDF အဖွဲ့ဝင် သုံးယောက်လောက် ဒဏ်ရာရမယ်လို့ ယူဆရတယ်။ လောလောဆယ် ကျွန်တော်တို့တော့ တစ်ယောက်ပဲတွေ့သေးတယ်။ နှစ်ယောက်ကို လိုက်ရှာနေသေးတယ်” လို့ ၎င်းကပြောသည်။ 

 

ကျဆုံးသွား Free Burma Ranger (Karenni) အဖွဲ့ဝင်သည် All Lo Sein (Olson) အမည်ရှိသူဖြစ်ပြီး အသက် ၂၀ ကျော်အရွယ်ရှိသူဖြစ်ကြောင်း သိရသည်။ 

 

ဒီမော့ဆိုမြို့တွင် နေ့ခင်း ၁၁ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေပစ်ခတ်မှုရှိခဲ့ပြီးနောက် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ၁ နာရီခွဲအကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ 

 

"ပစ်ခတ်မှုကတော့ နည်းနည်းပြင်းထန်တယ်။ ကျွန်တော်တို့ဘက်လက်နက်က တူမီးတွေ မောင်းပြန်တွေမပါဘူးပေါ့နော်။ ဒါပေမယ့် ဟိုဘက်ကတော့ ကျွန်တော်တို့ကို ၇၉ တွေနဲ့လည်းပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ ဆက်တိုက်ပစ်တယ်။ ကျွန်တော်တို့ အခြေအနေသိပ်မဟန်တော့ ပြန်ဆုတ်လိုက်ရတယ်။ သုံးဦးကတော့ အခြေအနေ နည်းနည်းစိုးရိမ်ရတယ်ပေါ့နော်။ ကျလား၊ မကျလားမသိသေးဘူး။ နှစ်ဦးကတော့ လိုက်ရှာနေတုန်း" ဟု မြေပြင်မှာရောက်ရှိသူတစ်ဦးက ပြောသည်။ 

 

ယနေ့ (မေ ၂၇ ရက်) တွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့သည် တွေ့သည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က မြို့တွင်းရပ်ကွက်များကို လက်နက်ကြီးနှင့် နေ့စဉ် ပစ်ခတ်နေကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...