ရှမ်းပြည်နယ်တွင် ကျောင်းလာအပ်ရေးအတွက် စစ်ကောင်စီက မိဘများကို နည်းမျိုးစုံ တိုက်တွန်းနေသော်လည်း အောင်မြင်ခြင်းမရှိကြောင်း သိရသည်။
ကျောင်းလာအပ်ရေးအတွက် စစ်ကောင်စီက မိဘများကို ကျောင်းစရိတ် ထောက်ပံ့မည်ဖြစ်ကြောင်း၊ ကျောင်းအတွင်း လုံခြုံရေးယူပေးမည် ဖြစ်ကြောင်း နည်းမျိုးစုံဖြင့် ကျောင်းလာအပ်ရန် မြှူဆွယ်နေကြောင်း သျှမ်းပြည်သူများက ပြောသည်။
“ရွာက ကလေးတွေ စစ်ကောင်စီက ကျောင်းစရိတ်ထောက်ပံ့ပေးမယ်ပြောပြီး ကျောင်းလာအပ်ခိုင်းတယ်။ ရွာကသူတွေက မြို့ထဲအခြေနေမသိတော့ အဖြူအစိမ်းတွေ စာအုပ်တွေ လာဝယ်တာရှိတယ်။ တစ်ချို့ရွာတွေကတော့ ကျောင်းသွားအပ်ကြတယ်” ဟု သီပေါမြို့ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက မေ ၂၅ ရက်မှစတင်ပြီး ကျောင်းအပ်လက်ခံသော်လည်း သျှမ်းပြည်တွင် ကျောင်းအပ်သူနည်းပါးကြောင်း သိရသည်။
အလားတူ သျှမ်းပြည်နယ်တောင်းပိုင်း ပင်လုံမြို့နှင့် သျှမ်းမြောက် နမ္မတူမြို့တွင်လည်း ကျောင်းရှေ့တွင်ရေးထားသည့် “စစ်ကျွန်ပညာရေးစနစ်အလိုမရှိ” စာသားများကို မေ ၂၅ ရက် မနက်တွင် စစ်ကောင်စီအုပ်စုက လိုက်လံဖျက်နေကြောင်း သိရသည်။
“မနေ့ညမှ သွားရေးထားတာ။ ဒီနေ့မနက်တော့ ပြန်လာကြည့်တာ သူတို့ဖျက်လိုက်ပြီး။ ကျောင်းအပ်တဲ့သူတွေသိပ်မရှိဘူး။ ထ ၂ ကျောင်း စစ်တပ်ကျောင်းကတော့ အပ်တဲ့သူရှိတယ်။ တစ်ချို့ကျောင်းတွေတော့ မအပ်ကြဘူး” ဟု ပင်လုံမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ဆက်လက်ပြီး နမ္မတူမြို့ အမှတ် (၂) အထက်တန်းကျောင်းရှေ့တွင် လူငယ်များရေးသားထားသည့် “စစ်ကျွန်ပညာရေးစနစ် အလိုမရှိ” စာသားများကို စစ်ကောင်စီအုပ်စုက လိုက်လံဖျက်ဆီးနေပြီး၊ နမ္မတူ အထက ၂ တွင် ကျောင်းသားခြောက်ဦးသာ ကျောင်းလာအပ်ကြောင်း သိရသည်။
ကျောင်းအပ်လက်ခံသည့် NON - CDM ဆရာ၊ ဆရာမများသည် ကျောင်းဝတ်စုံမဝတ်ဆင်ရဲကြဘဲ အရပ်ဝတ်ဖြင့်သာဝတ်ဆင်၍ ကျောင်းအပ်လက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
မေ ၂၄ မှ ၃၁ ရက်နေ့အထိ ကျောင်းများအပ်နှံကြရန် စစ်ကောင်စီကကြေညာထားပြီး ဇွန်လတွင်ကျောင်းပြန်ဖွင့်မည်ဟု သိရသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းအများစုသည် စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်လျက်ရှိသည်။
CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများကို စစ်ကောင်စီအုပ်စုက ဖမ်းဝရမ်းထုတ်ထားပြီး လက်ရှိ ကျောင်းပြန်ဖွင့်ချိန်တွင် စာသင်ပေးမည့် ပညာရေးဝန်ထမ်းများ မရှိသလောက်နည်းပါးနေကြောင်း သိရသည်။