ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မမုံတွင် ကျေးရွာလုံခြုံရေးအတွက် ညအချိန် ကင်းစောင့်နေသော လူငယ်ခုနစ်ဦးကို စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
မမုံကျေးရွာတွင် မေ ၂၄ ရက် ည ၁၁ နာရီခွဲဝန်းကျင်ခန့်က လုံခြုံရေးအတွက်ရှိနေသော လူငယ်များကို အုပ်ချုပ်ရေးမှူးအပါအဝင် တပ်မ ၃၃ စစ်သားများနှင့် ဖားကန့်မြို့နယ် စခန်းမှူးအဖွဲ့တို့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီလူငယ်တွေက ကျေးရွာလုံးခြုံရေးအတွက် ကင်းစောင့်ပေးနေတဲ့ လူငယ်တွေဖြစ်တယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်လှည့်စီကင်းစောင့်ပေးနေတာ ဟုတ်တယ်။ စောင့်တဲ့လူငယ်တွေက အများကြီးရှိတယ်။ ဒါပေမယ့် မနေ့ညကတော့ ခုနစ်ယောက်ကို ဖမ်းသွားတယ်” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံရသော လူငယ်ခုနစ်ဦးကို လက်ရှိ ဖားကန့်မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ပုဒ်မ ၅၀၅ (က) နှင့် တရာစွဲဆိုရန်ပြင်ဆင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သော မေ ၁၀ ရက်က မမုံကျေးရွာ လူနေအိမ်တစ်ခုတွင် အာဏာသိမ်းစစ်သားများ၏ အကြမ်းဖက်ဖမ်းဆီးခံရသူများကိုလည်း ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခဲ့သော်လည်း ရုံးထုတ်စစ်ဆေးခြင်းပြုလုပ်မှု မရှိသေးကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံမှုကင်းမဲ့လာသော ပြည်သူများသည် မိမိရပ်ကွက် ကျေးရွာ လုံခြုံရေးအတွက် ကိုယ်တိုင်အဖွဲ့ဖွဲ့စည်းကာ အလှည့်ကျ လုံခြုံရေးဆောင်ရွက်လျက်ရှိသည်။
Published
Tuesday, May 25, 2021
ဖားကန့်တွင် ကင်းစောင့်လူငယ်ခုနစ်ဦးကို စစ်ကောင်စီဖမ်းဆီး