ALD ဗဟိုတွဲဘက်အတွင်းရေးမှူးတို့အမှု နှစ်ကြိမ်ရုံးချိန်းပျက်၍ နစ်နာမှုရှိနေ

ALD ဗဟိုတွဲဘက်အတွင်းရေးမှူးတို့အမှု နှစ်ကြိမ်ရုံးချိန်းပျက်၍ နစ်နာမှုရှိနေ
by -
ထွန်းခိုင် (နိရဥ္စရာ)

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ၍ တောင်ကုတ်မြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုတွဲဘက်အတွင်းရေးမှူး ကိုကျော်ကျော်လင်းနှင့် နှစ်ဦးတို့အမှု ရုံးချိန်း နှစ်ကြိမ်တိတိပျက်၍ နစ်နာမှုများရှိကြောင်း မိသားစုများက ပြောသည်။

တောင်ကုတ်မြို့နယ် (ALD) တွဲဖက်အတွင်းရေးမှူး ကိုအောင်မင်းနိုင်က “မနေ့ (မေ ၁၈ ရက်) က ရုံးချိန်းမှာလည်း တရားသူကြီးမရှိဆိုပြီးတော့ မစစ်ဖြစ်ဘူး။ သူတို့ကို ပထမတစ်ကြိမ်နဲ့ ဒုတိယတစ်ကြိမ် နှစ်ကြိမ်ပဲ ရုံးထုတ်ခဲ့တယ်။ တတိယအကြိမ် ရုံးချိန်းကိုကျတော့ ဟိုရက်ကိုချိန်း၊ ဒီရက်ကိုချိန်းနဲ့ ရုံးမထုတ်ဖြစ်ဘူး။ အဲလိုမျိုး အကြောင်းတွေပြပြီးတော့ ရုံးချိန်းတွေကို ရွေ့ဆိုင်းနေတယ်။ ဘာကြောင့် ရုံးမထုတ်တာလဲဆိုတာကို ကျနော်တို့လည်း မပြောတတ်ဘူး။ ရုံးထုတ်တယ်ဆိုလိုရှိရင် ပြစ်ဒဏ်ချသင့်တယ်ဆိုရင်လည်းချ။ လွတ်သင့်တယ်ဆိုရင်လည်း မြန်မြန်ဆန်ဆန်လွတ်လို့ရတယ်။ အခုက ရုံးမထုတ်ဘဲ ကြာနေတော့ တရားခံတွေအတွက် နစ်နာတာပေါ့” ဟုပြောသည်။

ယနေ့ရုံးချိန်းတွင် မြို့နယ်တရားသူကြီး သံတွဲမြို့သို့ အစည်းအဝေးသွားနေသဖြင့် မစစ်ဆေးခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ အထက်တန်းရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

“မနေ့က ရုံးချိန်းမှာတော့ တရားသူကြီးမရှိတဲ့အတွက် မစစ်ဖြစ်ဘူး။ ဟိုတစ်ပတ်ကလည်း ကျွန်တော်တို့ စစ်ဖို့လုပ်နေတာ မီးပျက်သွားတဲ့အတွက် မစစ်ဖြစ်လိုက်ဘူး။ သူတို့ကိုက video conferencing နဲ့ပဲ ရုံးထုတ်တာလေ။ အဲဒါကြောင့် မီးပျက်သွားတဲ့အတွက် မစစ်ဖြစ်ဘူး။ အဲဒီနေ့ကတော့ သက်သေတွေလည်း ရောက်ပါတယ်။ သူတို့ကို ရုံးထုတ်မစစ်ဆေးတာ ၃ ပတ်ရှိပြီ။ သုံးပတ်ဆိုရင်တော့ တစ်လခွဲလောက်ရှိပြီးပေါ့။ နှစ်ပတ်တစ်ကြိမ် ရုံးချိန်းတာဆိုတော့လေ” ဟု အထက်တန်းရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

၄င်းတို့၏အမှုအား လာမည့် ဇွန် ၁ ရက်သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုတွဲဘက် အတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တောင်ကုတ်မြို့ရှိ ကိုမင်းလှိုင်ထွန်း (ခ) သားသားကြီး၊ ကိုဇာနည်ထူးထူးတို့သည် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက ဆန္ဒပြန်ရန်ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် သူတို့အား တောင်ကုတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒု-ဦးစီး ဦးမောင်ထွီးခိုင်က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့မှ (ALD)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကိုလည်း CDM လုပ်ရှားမှု၌ ပါဝင်သွားကြောင့် ပြီးခဲ့သော မတ် ၁၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...