မွန်ပြည်နယ်တွင် အခြေခံပညာ ကျောင်းဆရာ/ဆရာမ ၃၀၀၀ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရ

မွန်ပြည်နယ်တွင် အခြေခံပညာ ကျောင်းဆရာ/ဆရာမ ၃၀၀၀ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရ
by -
စိုင်းထွန်းစံ (MNA)

အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်နေသဖြင့် မွန်ပြည်နယ် မြို့နယ် ၁၀ ခုရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမပေါင်း ၃၀၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်းခံထားရကြောင်း သိရသည်။

အဆိုပါပြည်နယ်တွင် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရသော ဆရာ၊ ဆရာမ မော်လမြိုင်မြို့နယ်၌ ၃၃၈ ဦး၊ ရေးမြို့နယ်၌ ၆၁၇ ဦး၊ မုဒုံမြို့နယ်၌ ၂၁၉ ဦး၊ ချောင်းဆုံမြို့နယ်၌ ၁၁၂ ဦး၊ ကျိုက်မရောမြို့နယ်၌ ၃၃၂ ဦး၊ ပေါင်မြို့နယ်၌ ၄၄၁ ဦး၊ သထုံမြို့နယ်၌ ၅၃၀ ဦး၊ ကျိုက်ထိုမြို့နယ်၌ ၅၇၉ ဦးနှင့် မြို့နယ်ပေါင်းစုံမှ အထက်တန်းနှင့် အလယ်တန်းပြ ၁၂ ဦးတို့အား လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်နေခြင်းတို့ကြောင့် တာဝန်မှ ယာယီဆိုင်းငံ့ထားကြောင်း သိရသည်။

CDM ဆရာမတစ်ဦးက “ကျွန်မအမြင်က ဒီနှစ်ပညာသင်နှစ်က ဆရာအင်အားလည်းမရှိဘူး။ နေ့စားခန့်မယ်ဆိုရင်တောင် ပြည့်ပြည့်ဝဝ ခန့်နိုင်လိမ့်မယ်လိုမထင်ဘူး။ မနှစ်က ကျောင်းပိတ်ထားတော့ ဒီနှစ်သင်ရိုးကို နှစ်နှစ်စာသင်မယ်ဆိုတော့ ပိုပြီးတော့တောင်မဖြစ်နိုင်ဘူး။ မိဘတွေကရော သူတို့က လေးတွေကို စိတ်ချလက်ချ ကျောင်းထားပေးနိုင်ပါ့မလားပေါ့။ အဖက်ဖက်ကနေကြည့်ရင် ဘာမှမဖြစ်နိုင်ဘူး စစ်ကောင်စီက ပညာရေး ယန္တယားတစ်ခု လည်ပတ်နေသေးတာကိုပြချင်လို့ forshow အနေ နဲ့ပဲဖွင့်ဖြစ်မယ်လို့ထင်တယ်” ဟု ပြောသည်။

ကျောင်းများဖွင့်လှစ်သည့်အခါ ဆရာ/ဆရာမ လိုအပ်ချက်များကြောင့် ကျောင်းမဖွင့်လှစ်နိုင်မှု မရှိစေရေး နေ့စားလပေးစနစ်ဖြင့် သင့်တော်သောလစာပေးကာ ခန့်ထားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက မေ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အတူ တစ်နိုင်ငံလုံးတွင် အရပ်ဘက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သူ အခြေခံပညာဦးစီးဌာနမှ ဝန်ထမ်း တစ်သိန်းနှစ်သောင်းကျော် ပါဝင်ကြောင်း ပညာရေးအသိုင်းအဝိုင်းများမှ သိရသည်။

ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တစ်နှစ်တိတိ ရပ်ဆိုင်းခဲ့ရကြောင်း၊ မကြာမီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို ဇွန်လ ၁ ရက်နေ့တွင်ဖွင့်လှစ်သွားမည်ဖြစ်ရာ မေလ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း နစကကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...