ရခိုင်တက္ကသိုလ်ကျောင်းသား လေးဦးအမှု တရားလိုပြသက်သေမလာ၍ ရုံးချိန်းအား မေလကုန်သို့ ထပ်မံရွှေ့ဆိုင်း

ရခိုင်တက္ကသိုလ်ကျောင်းသား လေးဦးအမှု တရားလိုပြသက်သေမလာ၍ ရုံးချိန်းအား မေလကုန်သို့ ထပ်မံရွှေ့ဆိုင်း
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည် ကျောင်းသားသမဂ္ဂက ကျောင်းသားလေးဦးအမှုကို ယမန်နေ့ မေ ၁၇ ရက်နေ့က ရုံးထုတ်ရာတွင် တရားလိုဖက်က သက်သေများ ရောက်မလာခြင်းကြောင့် လာမည့် မေ ၃၁ ရက်သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

ရခိုင်ပြည် ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်ငြိမ်းထွန်းက “တရားလိုဖက်က တရားလိုပြသက်သေတွေ တစ်ယောက်မှ မစစ်ဆေးရသေးဘူးလို့ကြားတယ်။ တရားလိုပြသက်သေ (၄) ယောက်ရှိတယ်လို့ပြောတယ်။ သူတို့က အခုလက်ရှိ စစ်တွေမြို့ပေါ်မှာမရှိဘူး။ တကွဲတပြားစီဖြစ်နေတယ်။ အဲဒီအခြေအနေတွေကြောင့် မရာက်နိုင်ဘူးလို့ကြားတယ်” ဟု ပြောသည်။

 

ရခိုင်ပြည် ကျောင်းသားသမဂ္ဂက ကိုကျော်နိုင်ဌေးအပါအဝင် လေးဦးကို ယနေ့တွင် လူကိုယ်တိုင်းရုံးထုတ်ခဲ့ပြီး မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်ရကြောင်း၊ တရားလိုပြသက်သေမရောက်၍ အမှုကို မစစ်ဆေးရသဖြင့် အချိန်ကြာလာသည်နှင့်အမျှ အမှုကို ရင်ဆိုင်နေရသည့် ကျောင်းသားများအတွက် နစ်နာမှုရှိကြောင်း ကိုကျော်ငြိမ်းထွန်းက ဆိုသည်။

“နစ်နာမှုကတော့ ကျွန်တော်တို့ဖက်က တအားများတယ်။ ဒီကျောင်းသားတွေထက် သူတို့ရဲ့ မိသားစုဝင်တွေအဖို့ ပိုပြီး နစ်နာမှုတွေရှိတယ်။ သူတို့က စစ်တွေမြို့ပေါ်ကမဟုတ်ဘူး။ ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ လာရတာတွေရှိတယ်။ အလုပ်အကိုင်ကို ပိတ်ပြီးလာရတာ။ ဒီနေ့ဆိုရင်လည်း မနက်ပိုင်း ၁၀ နာရီကတည်းက စောင့်နေတာ ညနေ ၄ နာရီရှိသွားပြီ။ ထမင်းမစားရသေးဘူး” ဟု ရခိုင်ပြည် ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်ငြိမ်းထွန်းက ပြောသည်။

ဆက်လက်ပြီး ကျောင်းသားများ ဖမ်းဆီးတရားစွဲဆိုခံထားရသည်မှာ နှစ်တစ်ဝက်ကျော်လာပြီဖြစ်ကြောင်းနှင့် စာသင်ခန်းအတွင်း ရှိနေရမည့် ကျောင်းသားများက သံတိုင်ကြားထဲကို ရောက်နေခြင်းသည် မဖြစ်သင့်၊ လက်သင့်မခံနိုင်သည့်အရာဖြစ်ကြောင်း ၎င်းက ဝေဖန်ပြောကြားသည်။

ကိုကျော်နိုင်ဌေးအပါအဝင် ကျောင်းသားလေးဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၉) တို့ဖြင့် စစ်တွေတရားရုံးမှာ အမှုရင်ဆိုင်နေရပြီး သူတို့အမှုက တရားလိုမှာ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ဇော်နိုင် ဖြစ်ကြောင်း သိရသည်။

ယင်းအမှုများထဲမှ ၅၀၅ (ခ) သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ်နှစ်အထိချမှတ်နိုင်ပြီး ဘေးစီမံဥပဒေ ပုဒ်မ ၂၉ ကတော့ ပြစ်မှုထင်ရှားလျှင် ထောင် တစ်နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ရခိုပြည်နယ်အတွင်း စစ်ပွဲဆန့်ကျင်ရေး၊ တပ်မတော်နှင့် အစိုးရ၏လုပ်ရပ်များကို ရှုံ့ချကြောင်း ဆန္ဒပြရာမှာ ပါဝင်သူများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးဦ တွဲဖက်ပြန်ကြားရေး ဦးသန်းနိုင်၊ ရန်ကုန်- ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသား သမဂ္ဂက ကိုကောင်းထွန်းနှင့် ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တွဲဖက် အတွင်းရေးမှူး ကိုမြတ်စိုးဝင်းတို့ဖြစ်ကြပြီး လက်ရှိအချန်ထိ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...