ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ပဒိုစောရွှေမောင်းတို့ သဘောထားထုတ်ပြန်ချက်များ KNU ဗဟို၏ သဘောထားဟုတ်/မဟုတ် ထုတ်ပြန်ရှင်းလင်းပေးရန်လို

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ပဒိုစောရွှေမောင်းတို့ သဘောထားထုတ်ပြန်ချက်များ KNU ဗဟို၏ သဘောထားဟုတ်/မဟုတ် ထုတ်ပြန်ရှင်းလင်းပေးရန်လို

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌနှင့် တပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဋ္ဌတို့၏ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်အား KNU ဗဟိုက ပြန်လည်ရှင်းလင်းပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်းအချို့က တောင်းဆိုလိုက်သည်။

စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေကြသည့် ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် သဘောထားရှိကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ပဒိုစောရွှေမောင်းတို့၏ ထုတ်ပြန်ချက်သည် KNU ဗဟို၏ သဘောထား ဟုတ်/မဟုတ် ထုတ်ပြန်ရှင်းလင်းပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်အမျိုးသမီးအစည်းအရုံး KWO အမြဲတမ်းဗဟိုကော်မတီဝင် နော်ဆဲဆဲက “KNU တစ်ဖွဲ့လုံးအနေနဲ့က ကျမတို့ မေးခွန်းထုတ်စရာရှိလာတယ်ပေါ့နော။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ဟာမျိုးတွေကျတော့ KNU တစ်စုံလုံးအနေနဲ့ ပြန်လည်ပြီးတော့ ရှင်းလင်းသင့်တယ်လို့ မြင်တယ်ပေါ့နော။ ပထမတစ်ခု သူတို့ရှင်းလင်းရမှာက ဒီလိုထုတ်ပြန်တဲ့အပေါ်မှာ KNU အဖွဲ့အစည်းအနေနဲ့ မဟုတ်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ပြောချရမှာဖြစ်တယ်ပေါ့။ ပြီးလို့ရှိရင် ဒုတိယတစ်ခုက KNU သွားနေတဲ့ နိုင်ငံရေးအခင်းအကျင်း နိုင်ငံရေးရပ်တည်ချက်ကို လက်ရှိအခြေအနေ နိုင်ငံရေး ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြသဖို့ ရှင်းပြဖို့လိုအပ်တယ်ပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ ပြည်သူများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရန် တွန်းလှန်တိုက်ပွဲဝင်နေကြသည့်အချိန် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန် သဘောထားရှိကြောင်း မေ ၁၀ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းကလည်း KNU ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အပေါ် ထောက်ခံကြောင်း ထုတ်ပြန်ပြောဆိုထားပြန်သည်။

“စာထုတ်တဲ့အခါမှာ တစ်ဦးတစ်ယောက်ရဲ့ သဘောထားလို့ပြောပေမယ့် ကရင်အမျိုးသားအစည်းအရုံး KNU နာမည်သုံးနေတယ်။ ပြီးတော့ အဖွဲ့အစည်းကပေးထားတဲ့ ရားထူတာဝန်တွေကိုသုံးပြီး ကရင်လူမျိုးတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီနဲ့ အလုပ်လုပ်မယ်ဆိုတော့ အဲဒါက ကရင်လူမျိုးတွေက လက်ခံလို့မရဘူး။ ဒါက မှန်တဲ့အရာမဟုတ်ဘူး။ KNU ရဲ့ ရပ်တည်ချက်က အာဏာရှင်စနစ်ကို ဆန့်ကျင်တာဖြစ်တယ်။ လူတိုင်းအား လုံးက ဆန့်ကျင်နေတဲ့ စစ်အာဏာရှင်နဲ့အတူ တွဲလုပ်ချင်တယ်ဆိုရင် သူတို့နဲ့တွဲလုပ်မယ်ဆိုရင်တော့ ဒါတွေကတော့ အဖွဲ့အစည်းရဲ့ လမ်းစဉ်နဲ့ မကိုက်ညီတော့ဘူး” ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါခူရှီးက ပြောသည်။

KNU ဥက္ကဋ္ဌ ၏ မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ NCA မူဘောင်များအား လိုက်ကျင့်သုံးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်သူအားလုံးအနေဖြင့်လည်း NCA မူဘောင်များအတိုင်း တိကျလိုက်နာကျင့်သုံးလျက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်ဟု ပါရှိသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ အချိန်အခါ အခြေအနေတစ်ခုတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်ရသဖြင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန် သဘောထားရှိပါသည်ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆိုသည်။

တစ်ဖက်တွင်လည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြတိုက်ပွဲဝင်နေကြသည့် ပြည်သူများကို KNU က လုံခြုံရေးယူပေးခြင်း၊ CDM လုပ်နေသူများကိုလည်း KNU နယ်မြေများတွင် ခိုလှုံခွင့်ပြုခြင်းနှင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏တပ်များကိုလည်း KNU က တိုက်ခိုက်ချေမှုန်းကာ စစ်အာဏာရှင်စနစ် ပြုတ်ကျအောင် တစ်ထောင့်တစ်နေရာမှ ပါဝင်လျက်ရှိသည်ဟု သိရသည်။

ထိုအခြေအနေများကြောင့် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းတွင် KNU အနေဖြင့် အသုံးချခံအဖွဲ့တစ်ရပ်အဖြင့် မရပ်တည်သင့်ကြောင်းနှင့် ကိုယ်ပိုင်ရပ်တည်ချက် ကိုယ့်လမ်းစဉ် ကိုယ့်မူဝါဒအတိုင်း မားမားမတ်မတ်ရပ်တည်ရမည်ဖြစ်သည်ဟု ၎င်း၏ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းပြောဆိုထားသည်။

ပဒိုစောရွှေမောင်း၏ ပြောဆိုမှုနှင့်ပတ်သက်၍ နော်ဆဲဆဲက “ကျမတို့က ဒီလိုမျိုးမမြင်ပါဘူး အဓိက သူ့ရဲ့ရပ်တည်ချက်က ရှင်းနေဖို့လိုတယ်ပေါ့နော။ ရပ်တည်ချက်က ဒီအပေါ်မှာ မရှင်းမလင်း အချင်းချင်း မရှင်းမလင်းဖြစ်နေတဲ့အခါကျတော့ သူမြင်မှာပဲ အသုံးချခံရတယ်လို့ သူမြင်မှာပဲပေါ့နော အဓိကက ကျမတို့ဆိုရင်လည်း ခဏခဏပြောတယ် ရပ်တည်ချက်တွေကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သူသိရှင်ကြားဖြစ်ဖို့လိုတယ်။ ကိုယ့်ရဲ့ အတွင်းရေးထဲမှာလည်း ပြတ်ပြတ်သားသား ရှိဖို့လိုတယ်ပေါ့နော။ ဆိုတော့ ကျမမြင်တာကတော့ သူတို့ရဲ့ ရပ်တည်ချက်တွေ အပေါ်မှာ အချင်းချင်းကြားထဲမှာ မရှင်းတာလည်း ဖြစ်နိုင်တယ်ပေါ့နော။ ဆိုတော့ အဲဒီအပေါ်မှာကတော့ သူတို့အချင်းချင်း ဖြေရှင်းရမယ့်ကိစ္စမျိုးတွေလို့ ကျမတို့ မြင်တယ်ပေါ့နော” ဟု ပြောသည်။

နော်ဝါခူရှီးကလည်း “လူတွေကို သတ်ဖြတ်နေတဲ့ ဒီစစ်တပ်က ကျမတို့လူမျိုးတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ပဲ ကျမတို့လည်း အရင်ကလည်း အဲသလိုခံရတယ်လေ အခုလည်း ဆက်ပြီးခံနေရတုန်းပဲ ဒီစစ်အာဏာရှင်တွေကြောင့်လေ။ အခုက လူတိုင်းက ဆန့်ကျင်နေတဲ့အချိန်မှာ ကျမတို့လည်း အတူတကွ ဆန့်ကျင်ဖို့ဖြစ်တယ်။ ဒါပေမယ့် အရင်ကတော့ ကျမတို့ တိုင်းရင်းသားတွေ ခံခဲ့ရတာတွေရှိတယ်။ တစ်ဖက်နဲ့တစ်ဖက် နားလည်မှု မရှိခဲ့တာတွေရှိတယ်။ အဲလိုဖြတ်သန်းမှုအပေါ်မှာ တစ်ချို့က စိတ်ဇဝေဇဝါတာတွေရှိမယ်” ဟုပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ ပြည်သူများက စစ်အာဏာရှင်အမြစ်ပြတ်ရန် ဆန့်ကျင်တိုက်ပွဲဝင်နေကြသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအချို့ကလည်း စစ်ကောင်စီအဖွဲ့အား ဆန့်ကျင်တိုက်ခိုက်နေသည်ကို တွေ့ရသည်။

သို့သော်လည်း အဆိုပါ အခင်းအကျင်းများအောက်တွင် KNU ဥက္ကဋ္ဌနှင့် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဋ္ဌတို့က စစ်ကောင်စီတို့နှင့် တွေ့ဆုံဆွေးနွေးမည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုအနေအထားများကြောင့် လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွင် KNU ဗဟို၏ သဘောထားရပ်တည်ချက်များကို ရှင်းလင်းစွာထုတ်ပြန်ပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်းအချို့က တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...