မတူပီမြို့မှ ပရဟိတကားများကို စစ်တပ်ကသိမ်းယူခြင်းကြောင့် အရေးပေါ်လူနာပို့ဆောင်ရန် အခက်ကြုံနေရ

မတူပီမြို့မှ ပရဟိတကားများကို စစ်တပ်ကသိမ်းယူခြင်းကြောင့် အရေးပေါ်လူနာပို့ဆောင်ရန် အခက်ကြုံနေရ

ချင်းပြည်နယ်၊ မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီက Joseph Oxygen ပရဟိတအသင်းပိုင်ကားများကို သိမ်းယူထားသည့်အတွက် မတူပီမြို့နယ်အတွင်းရှိ အရေးပေါ်လူနာများ ပို့ဆောင်ရေးပိုင်းတွင် အခက်အခဲကြုံနေရကြောင်း သိရသည်။

မတူပီမြို့တွင် Joseph Oxygen ပရဟိတအသင်းကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အသင်း၏ဥက္ကဌ ဦးထွန်းလင်းဦးကို ဧပြီ ၇ ရက် ည ၁၀ နာရီအချိန်တွင် အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီ:ပရဟိတတွင်အသုံးပြုသော ကားရှစ်စီးနှင့် ကားလိုင်စင်များကိုပါ သိမ်းယူခဲ့ခြင်းဖြစ်သည်။

“ကားလိုင်စင်၊ ကားသော့ရော အကုန်လုံးသိမ်းတယ်။ ပြီးတော့ အခုသူတို့သုံးနေတာ သုံးစီးလောက်သုံးနေတယ်။ လူကိုလည်းဖမ်းကြတယ်။ ကားတွေရော အကုန်သိမ်းတဲ့အခါကြတော့ အများကြီးတော့ အခက်အခဲရှိတာပေါ့။ သာရေး၊ နာရေးဖက်၊ အရေးပေါ်လိုမျိုးဖက် အရမ်းအခက်ခဲရှိတယ်။ လူက အသက်က မဆုံးရှုံးသင့်ပဲ အကုန်ဆုံးရှုံးရတယ်ပေါ့နော်။ ဥပမာ - ကားတွေမရှိလို့ နည်းနည်းနောက်ကျသွားလို့ပေါ့။ အသက်ဆုံးရှုံးတဲ့ဟာမျိုးတွေလည်းရှိတယ်။ အရေးပေါ်ဖြစ်တဲ့ လူနာတွေကိုလည်း အောက်ပြည်မှာပို့ဖို့ အခု ကားတွေလည်းမရှိဘူး။ အရင်ကတုန်းကဆိုရင် သာရေး၊ နာရေးတွေဆိုရင်လည်း Joseph Oxygen ပရဟိတက အမြဲတမ်းကူညီတယ်။ အရေးပေါ်ကားရှိတော့ အရမ်းအဆင်ပြေတယ်။ ပြည်သူလူထုအတွက်လည်း အရမ်းအဆင်ပြေတယ်။ အခုသူက အဖမ်းခံရ။ ကားတွေလည်း အသိမ်းခံရတဲ့အချိန်မှာ ပြည်သူတွေလူထုတွေအတွက်လည်း အရမ်းအခက်အခဲဖြစ်တယ်။ နယ်ဖက်မှာဆိုရင် မသေသင့်ဘဲနဲ့ လမ်းတဝက်မှာ အရေးပေါ် အရမ်းသွေးထွက်လွန်လို့၊ အချိန်မမှီလို့ အသက်ဆုံးရှုံးတဲ့သူတွေလည်းရှိတယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

Joseph Oxygen ပရဟိတအသင်းမှ အသိမ်းခံရသည့် အဆိုပါကားများမှာ Alphat နှစ်စီး, Pajero နှစ်စီး, Light Truck နှစ်စီး၊ Mark 2 ရွှေငါးတစ်စီးနှင့် ခွေးဘီးလူးတစ်စီးတို့ဖြစ်ကြပြီး ထိုသို့သိမ်းယူသော ကားရှစ်စီးထဲမှ Mark 2၊ Pajero နှင့် Light Truck ကားတို့ကို စစ်ကောင်စီ၏တပ်ဖွဲ့က ကင်းလှည့်ချိန်နှင့် မြို့ထဲသွားလာချိန်တွင် အသုံးပြုကြကြောင်း သိရသည်။

မတူပီမြို့တွင် ဧပြီ ၂၉ ရက် ညနေပိုင်းကလည်း Joseph Oxygen ပရဟိတအသင်းတွင် လုပ်ကိုင်ခဲ့သူ မိုင်ဗန််နေကိမ်းကို ဖမ်းဆီးခဲ့ကာ နောက်နေ့တွင် ပြန်လွတ်ပေးခဲ့သော်လည်း အသင်းဦးဆောင်သူ ဦးထွန်းလင်းဦးအပါအဝင် လူငယ် (၅) ဦးမှာ လက်ရှိအချိန်ထိ လွတ်မြှောက်လာခြင်းမရှိသည့်အပြင် ယမန်နေ့ ညနေပိုင်းတွင်လည်း တက္ကသိုလ်ကျောင်သားတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့ကြပြီး ၎င်းတို့ကို မတူပီမြို့ရဲစခန်းတွင် ထားရှိသည်ဟုသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...