NUG အား အသိအမှတ်ပြုရန် နှောင့်နှေးလေ ပြည်တွင်းစစ် ပိုကြီးမားနိုင်လေဟု နိုင်ငံများအား ဒေါက်တာဆာဆာသတိပေး

NUG အား အသိအမှတ်ပြုရန် နှောင့်နှေးလေ ပြည်တွင်းစစ် ပိုကြီးမားနိုင်လေဟု နိုင်ငံများအား ဒေါက်တာဆာဆာသတိပေး

မြန်မာနိုင်ငံ၏ ဒီမိုကရေစီလိုလားသော ညီညွတ်ရေးအစိုးရသည် မြန်မာပြည်သူများကိုကိုယ်စားပြုသော တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည်ကို အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်များနှင့် နိုင်ငံတကာအသိုက်အဝန်းတို့က ချက်ချင်း တရားဝင်အသိအမှတ်ပြုရန် လိုအပ်ကြောင်း အလေးအနက်ထားပြောပြီး ယင်းသို့လုပ်ဆောင်ရန် နှောင့်နှေးခြင်းများက ပြည်တွင်းစစ်သို့ ဦးတည်သွားနိုင်ပြီး ‘ပို၍ ရက်စက်ကြမ်းကြုတ်မှုများ’ အတွက် လမ်းဖွင့်ပေးရာရောက်ကြောင်း သတိပေးပြောဆိုသည်။

“ကျွန်တော်တို့ရဲ့ အာဆီယံခေါင်းဆောင်တွေကို ကျွန်တော်တို့ ပြောနေပါတယ်၊ ကျွန်တော်တို့ကို အသိအမှတ်ပြုတာအပြင် ကျွန်တော်တို့ကို လက်ခံယုံကြည်တာ၊ ကျွန်တော်တို့ကို ထောက်ခံတာ၊ ကျွန်တော်တို့ကို ဂုဏ်ပြုတာနဲ့ ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံတာတွေဟာ သူတို့ရဲ့ တာဝန်ဝတ္တရားပဲ ဖြစ်တယ်ဆိုတာပါ၊ အာရှတိုက်က ဒီအကြမ်းဖက်အစိုးရအုပ်ချုပ်ရေး အဆုံးသတ်ဖို့အတွက် ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်တာဝန် သူတို့မှာရှိတယ်” ဟု သောကြာနေ့ကပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် အာရှ ၁၂ နိုင်ငံမှ သတင်းထောက်များအား အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံတကာဆက်ဆံရေးသံတမန် ဒေါက်တာဆာဆာက ပြောသည်။

“သူတို့တွေ နှောင့်နှေးနေလေ၊ ဒီမှာက လူသားဖြစ်တည်မှုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပိုများလေဖြစ်မယ်၊ ပိုပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်လာမယ်၊ ကျွန်တော်တို့ကို မြန်မာအစိုးရအဖြစ် အသိအမှတ်မပြုရင်၊ ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံမှုမရှိရင်၊ ပူးပေါင်းဆောင်ရွက်မှုမရှိရင် သွေးချောင်းစီးလူသတ်ပွဲတွေဟာ သီတင်းပတ်တွေ၊ လတွေ ပိုပိုပြီး များများလာလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

“ပြည်သူတွေရဲ့ တစ်ခုတည်းသော တရားဝင်ကိုယ်စားပြုတဲ့ အစိုးရအနေနဲ့ NUG ကို ဆက်ဆံဖို့ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းကို ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။ အကြမ်းဖက်စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားဖို့အတွက် NUG ကို ဖြစ်နိုင်သမျှ မြန်မြန် နိုင်ငံတကာ အသိုက်အဝန်းကနေ တရားဝင်အသိအမှတ်ပြုမှုဟာ အလွန်ကိုပဲ အရေးကြီးပါတယ်” ဟု NUG တာဝန်ရှိသူ ဒေါက်တာဆာဆာက ဆိုသည်။

NUG အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် နှောင့်နှေးနေဦးမည်ဆိုလျှင် ‘တင်းပြည့်ကြပ်ပြည့် ပြည်တွင်းစစ်’ ပိုပြီး ကြီးမားသထက် ကြီးမားရမည့်အကြောင်းပဲ ဖြစ်သည်ဟုလည်း ၎င်းက သတိပေးသည်။

“ပြည်တွင်းစစ်ကို မတားဆီးနိုင်တော့မှ ကျွန်တော်တို့ရဲ့ အာဆီယံခေါင်းဆောင်တွေဟာ ‘NUG ကို အစိုးရအဖြစ် ကျွန်တော်တို့ အသိအမှတ်ပြုပါမယ်’ ဆိုပြီး ပြောလာလည်း ဒါဟာ အရမ်းနောက်ကျသွားလိမ့်မယ်၊ စိတ်မကောင်းစွာပဲ ကျွန်တော်တို့ဖက်မှာ အချိန်သိပ်မရှိဘူး” ဟု ၎င်းက ဆိုသည်။

“အခု ကျွန်တော်တို့မှာ အချိန်မရှိဘူး၊ ဒါကြောင့် မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့၊ ဖြစ်နိုင်သမျှ ချက်ချင်းလုပ်ဆောင်ဖို့ ကျွန်တော်တို့ တိုက်တွန်းနေရတာပဲ၊ ဒါဟာ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော လမ်းကြောင်းပဲ၊ ဒီ အကြမ်းဖက်မှုတွေကို ရပ်ပစ်မယ့် လမ်းကြောင်းပဲ၊ အာရှမှာ ဒေသတွင်း တည်ငြိမ်ရေးလမ်းကြောင်းလည်းပဲဖြစ်တယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်၌ အာဏာသိမ်းခဲ့ချိန်မှစကာ မြန်မာပြည်တွင်း လမ်းများပေါ် ဒီမိုကရေစီလိုလားဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်နေပြီး ဆန္ဒပြသူများအား စစ်တပ်က အင်အားသုံးဖြိုခွင်းလျက်ရှိသည်။

ဆန္ဒပြမှုများအတွင်း အရပ်သား ၈၀၀ ဝန်းကျင်သေဆုံးပြီး အနည်းဆုံး ၅၂ ဦးမှာ ကလေးများဖြစ်သည်ဟု ဒေါက်တာဆာဆာ ပြောဆိုချက်အရ သိရသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...
စစ်ကောင်စီဖမ်းဆီးထားသည့် ဆရာတော်ဦးပညာဇောတ
November 19, 2024
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ  ဦးဆောင်ဆရာတော်တပါးဖြစ်သည့်...
၂၀၂၂ခုနှစ် ဩဂုတ်လက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးစဥ် ( ဓာတ်ပုံ- ပုံဟောင်း)
November 18, 2024
အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်ရှိ အကျဥ်းထောင်အတွင်း ထိန်းသိမ်းခံနေရသည့် မြန်မာများအတွက်...
November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...