ရခိုင် NLD မှ ထိပ်ပိုင်းခေါင်းဆောင် အနည်းဆုံး ၁၀ ဦး ဖမ်းဆီးခံထားရ

ရခိုင် NLD မှ ထိပ်ပိုင်းခေါင်းဆောင် အနည်းဆုံး ၁၀ ဦး ဖမ်းဆီးခံထားရ
by -
ထွန်းခိုင် (နိရဥ္စရာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရခိုင်ပြည်နယ်က အနည်းဆုံး ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးအထိ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသည်ဟု အမည်မဖော်လိုသူ ပါတီခေါင်းဆောင်တစ်ဦးက ပြောသည်။



၎င်းတို့ (၁၀) ဦးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲခေါင်ညွှန့်၊ ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ NLD ရခိုင်ပြည်နယ် ဒု-ဥက္ကဌ ဦးစိုးလေး၊ တောင်ကုတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်၊ တောင်ကုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဟောင်း ဒေါ်ချစ်ချစ်ချော၊ ဦးညီပု၏သမီး ဒေါ်မိုးဆန်းစုကြည်နှင့် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ေလာင်းဟောင်း ဦးထွန်းလှိုင်တို့ ဖြစ်ကြသည်။



၎င်းပြင် ဒေါ်နီနီမေမြင့်၏ မောင်ဖြစ်သူ မောင်ဟိန်းမြင့်ထက်နှင့် တောင်မြို့နယ် NLD မှ ကိုသန့်ဇင်ဖြိုး၊ ဂွမြို့မှ ဦးညီပု၏ ကိုယ်ရေးအရာရှိ ဦးကြည်စိုးထွန်းတို့လည်း ဖမ်းဆီးခံထားရသည်။



ရခိုင်ပြည်နယ် NLD ပါတီ ဒု-ဥက္ကဌ ဦးစိုးလေးကို ပြီးခဲ့သည့် မေလ ၈ ရက်နေ့ညက စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်းရှိ NLD ဗဟိုဌာနချုပ်မှာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီတာဝန်ရှိသူတစ်ဦးက နိရဉ္စရာကို ပြောဆိုထားသည်။



ဖမ်းဆီးခံထားသည့် ဦးစိုးလေး၊ ဒေါ်မိုးဆန်းစုကြည်နှင့် မောင်ဟိန်းမြင့်ထက်တို့မှလွဲ၍ ကျန်သူများသည် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်တရားရုံးများတွင် တရားစွဲဆိုခံထားရသည်။



ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်တပ်က အာဏာသိမ်းပြီး ၉ ရက်အကြာတွင် ၎င်း၏နေအိမ်ကနေ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ညအချိန် လာရောက်ဖမ်းဆီးခြင်းကို ဒုတိယအကြိမ် ခံလိုက်ရကာ နောက်တစ်ရက်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညတွင် ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွှန့်လည်း ထပ်မံဖမ်းဆီးခြင်းကို ခံလိုက်ရသည်။



ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း ဖေဖော်ဝါရီလ ၉ ရက်နေ့၌ တောင်ကုတ်မြို့တွင် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြရာမှ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး နောက်ပိုင်းမှာ တရားစွဲဆိုခံရကာ လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရကြောင်း သိရသည်။



ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် တောင်ကုတ်တရားရုံးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ (၂၅)၊ ငြိမ်းစုစီ ပုဒ်မ ၁၉ တို့ဖြင့် အမှုရင်ဆိုင်နေရပြီး သူ့ကို တောင်ကုတ်အခြေစိုက်တပ်ရင်း ခလ၇ (၅၄၄) မှာ ထိန်းသိမ်းထားကြောင်း မိသားစုဝင်များထံက သိရသည်။



လက်ရှိမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအား စစ်တွေတရားရုံးမှာ စစ်တွေမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှုက တရားလိုလုပ်တရားစွဲဆိုထားခြင်းကြောင့် အမှုရင်ဆိုင်နေရသည်မှာ (၃) လနီးပါးကြာမြင့်လာပြီး အမှုက သက်သေများကို စစ်ဆေးလျှက်ရှိကြောင်း သိရသည်။



ဦးညီပု၏သမီးကြီး မကြည်ကြည်ဦးက “ကိုယ်ကတော့ စိတ်သောကရောက်ပြီးတော့ဘဲ နေရာတာပေါ့။ အဖေအတွက်လည်း ပူရတယ်။ ရှေ့နေကတော့ ပြောပြပါတယ်။ ဖေဖေ့ ကျန်းမာရေးအခြေအနေက ကောင်းတဲ့အနေအထားမှာရှိတယ်ပေါ့။ အဲလောက်ပဲသိရပါတယ်။ လူချင်းလည်းမတွေ့ရတော့ ဘာမှလည်းမသိရဘူးပေါ့” ဟု ပြောသည်။



ဦးရဲခေါင်ညွှန့်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ အားပေးကူညီမှု ပုဒ်မ (၁၁၄) တို့နှင့် ဂွမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရပြီး သူ့ကို မြို့မရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ထားနွယ်က ပြောသည်။



“သူ့ရဲ့အမှု အခြေအနေကတော့ တရားလိုဖက်က သက်သေတွေကို စစ်ဆေးနေတယ်။ ဖမ်းဆီးတရားစွဲဆိုခံရတဲ့အပေါ်မှာတော့ စိုးရိမ်တယ်။ အခုအချိန်ထိ သူ့ရဲ့အမှုအခြေအနေတွေကို ဘာမှ တိတိကျကျမသိရသေးဘူး။ သူ့ကိုလည်း စစ်ဆေးတာတွေ မလုပ်ရသေးဘူးဆိုတော့ သူ့ကို ဘယ်အတိုင်းအတာထိ တရားရုံးက ဆုံးဖြတ်ချက်ချမလဲဆိုတာ စိုးရိမ်မိပါတယ်” ဟု ဆိုသည်။



စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှ တောင်ကုတ်၊ ဂွ၊ သံတွဲ၊ မာန်အောင်၊ အမ်း စသည့်မြို့နယ်များတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ဆယ်ဂဏန်းအထိရှိခဲ့ပြီး နောက်ပိုင်းတွင် ခံဝန်ဖြင့် တချို့ကို ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။



စစ်တွေမြို့တွင်လည်း NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ ကားဒရိုင်ဘာလည်းဖြစ်သူ ဦးထွန်းလှိုင်ကို ဧပြီလ ၂၈ ရက်နေ့၌ စစ်တွေတွင် အရပ်ဝတ်ရဲများ၏ ဖမ်းဆီးခြင်းကိုခံရပြီး လက်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွင် ဖမ်းဆီးထားကြောင်း မိသားစုဝင်များက ပြောဆိုသည်။



ထို့ပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ သမီးဖြစ်သူ NLD ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်အပါအဝင် လူငယ် (၃) ဦးကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့ညပိုင်းက ရန်ကုန်တိုင်း၊ လှည်းတန်းမြို့နယ်အတွင်း၌ စစ်တပ်နှင့်ရဲတို့၏ ဖမ်းဆီးခြင်းကိုခံလိုက်ရကာ လက်ရှိအချိန်ထိ သူတို့နှင့်ပတ်သက်ပြီး သတင်းအစအနမရသေးကြောင်း အစ်မဖြစ်သူက ပြောသည်။



ဦးစိုးလေးနှင့်အတူ ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်၏ မောင်ဖြစ်သူ မောင်ဟိန်းမြင့်ထက်နှင့် ဦးဘမျိုးသိန်းတို့ဖြစ်ပြီး မေလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ NLD ဗဟိုဌာနချုပ်ရုံးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ပါတီဝင်တစ်ဦးက ပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...