မော်လမြိုင်မြို့ပေါ်ရှိ ATM စက်များတွင် ငွေအလုံအလောက်မထည့်နိုင်သောကြောင့် ပြည်သူများ ငွေထူတ်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။
သင်္ကြန်ကာလပြီးနောက် ATM စက်များတွင် ငွေမထည့်နိုင်သောကြောင့် ငွေသားထုတ်ရန် အခက်အခဲဖြစ်ရကြောင်း KBZ bank ATM အသုံးပြုသူ တစ်ဦးက ပြောသည်။
"ဘဏ်မှာ တန်းစီဖို့ကလည်း အဆင်မပြေဘူး။ အဲတော့ ATM ကို အားကိုးတယ်။ မရဘူး။ တစ်မြိုလုံး ရှိသမျှစက်တွေ လိုက်ထုတ်တယ်။ မရဘူး။ ပိုက်ဆံကို မရှိနေတာ။ ငွေသားထုတ်ဖို့တော့ တကယ်ခက်ခဲတဲ့ အခြေအနေတစ်ခုကို ရောက်နေပြီ" ဟု ၎င်းကပြောသည်။
ATM စက်များတွင် ငွေသားမရှိသောကြောင့် တစ်သိန်းကျပ်ကို ငွေကျပ်သုံးထောင်ပေးကာ ဆိုင်များတွင် ထုတ်ယူနေရကြောင်း ကိုယ်တိုင်ထုတ်ယူခဲ့သူ ဦးမင်းမင်းဦးက ပြောသည်။
"ATM က ဘယ်လိုမှ အဆင်မပြေဘူး။ ပိုက်ဆံမရှိဘူးဖြစ်နေတယ်။ အဲတော့ အပြင်ကဆိုင်တွေမှ လိုက်ထုတ်ကြည့်တယ်။ တစ်သိန်းကို သုံးထောင်ပေးရတယ်။ ဘယ်လိုမှ မရတော့တဲ့အခြေအနေဆိုတော့လည်း ပေးရတာပေါ့" ဟု ၎င်းကပြောသည်။
ပြည်သူများအနေဖြင့် ငွေလွှဲ/ငွေထုတ်ရာတွင် အခက်အခဲများဖြစ်နေပြီး ဘဏ်များ ပုံမှန်လည်ပတ်နိုင်မည့်အခြေအနေကိုသာ မျှော်လင့်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
မော်လမြိုင်မြို့ပေါ်ရှိ Ocean Center ရှိ KBZ ATM နှင့် ဈေးကြိုဘဏ်ခွဲရှိ KBZ ATM စက်တို့တွင် မော်လမြိုင်မြို့ပေါ်ရှိ လူများသာမက ချောင်းဆုံ၊ မုဒုံမြို့နယ်မှ လာရောက်ထုတ်ယူသူများရှိကြောင်း သိရသည်။