ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်သို့ အနီးနားပတ်ဝန်းကျင်ကျေးရွာနှင့် ရပ်ဝေးမှလာရောက်သည့် ခရီးသွားပြည်သူများအား အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က မှတ်ပုံတင်၊ ရပ်ကျေးထောက်ခံစာ ပါ/မပါ တင်းကြပ်စွာ စစ်ဆေးမှုများပြုလုပ်နေကြောင်း မတူပီဒေသခံများထံမှ သိရသည်။
“အခု မြို့ပေါ်တက်မယ်ဆိုရင် မှတ်ပုံတင်ပါရမယ်။ ကျေးရွာရဲ့ထောက်ခံစာပါရမယ်။ ဒီနှစ်ခုပါမှပဲ သွားလို့ရတယ်ဆိုပြီးတော့ အဲ့လိုမျိုးလုပ်ထားတယ်။ ပြီးတော့ ဂိတ်မှာဆိုလို့ရှိရင် ဖုန်းလည်းအစစ်ခံရမယ် အဲ့တာ အဓိကပေါ့နော်။ ပလက်ဝဂိတ်ဖက်ကြတော့လေ တော်တော်လေးအခြေအနေဆိုးနေတယ်လို့ပြောတယ်။ တချို့ဝန်ထမ်းတွေဆိုရင် ဝင်ထန်းကတ်ပါရင် ဝင်/ထွက်လို့ရတယ်တဲ့။ ဥပမာ - အပြင်လူဆိုရင်တော့ ပိုက်ဆံနည်းနည်းပေးရင်တော့ သွားခိုင်းတယ်တဲ့ မပေးလို့ရှိရင် မသွားခိုင်းဘူးတဲ့ အဲ့လိုမျိုးဖြစ်နေတာ” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတူပီမြို့မှ ပလက်ဝ၊ မင်းတပ်နှင့် ဟားခါးဘက်သို့ဆက်သွယ်သည့် လမ်းကြောင်းသုံးကြောင်းစလုံးတွင် လုံခြုံရေးဂိတ်များထားရှိကာ မတူပီမြို့သို့တက်လာသည့် ရွာသားများကိုပါ ထောက်ခံစာပါမှ ဖြတ်သန်းသွားလာခွင့်ပြုသည်ဟု သိရသည်။
ထို့ပြင် အနီးနားပတ်ဝန်းကျင်ကျေးရွာများမှ မတူပီမြို့ပေါ်သို့ စျေးရောင်းလာသော ရွာသားများထံတွင်လည်း ၎င်းတို့ရောင်းဝယ်သည့် ဟင်းသီးဟင်းရွက်၊ အိမ်မွေးတိရစ္ဆာန်များလည်း သိမ်းယူလေ့ရှိသည်ဟု မတူပီမြို့ခံက ပြောသည်။
မတူပီမြို့ပေါ်ကို မည်သည့်ကိစ္စများကြောင့်ဖြစ်စေ ကျေးရွာများမှ လာရောက်မည့်သူများကို ထောက်ခံချက်များပါရှိရမည်ဟု စစ်ကောင်စီဖက်မှ တရားဝင်ထုတ်ပြန်ချက်မရှိသော်လည်း မတူပီမြို့တွင်ရှိသော စစ်ဆေးရေးဂိတ်သုံးခုတွင် ရပ်ကျေးထောက်ခံစာပါ/မပါ တင်းတင်းကြပ်ကြပ် စစ်ဆေးနေခြင်းဖြစ်သည်။
မတူပီမြို့အနီးရှိ ငလိုင်၊ ဖနိုင်၊ ထီစောင်းနှင့် ဝေတူးကျေးရွာများသားများသည် နေ့စဉ် စားဝတ်နေရေးအတွက် မတူပီမြို့ပေါ်သို့ စျေးရောင်းခြင်း၊ အလုပ်လုပ်ကိုင်ခြင်းများ ပြုလုပ်လျက်ရှိကြသည်။
Published
Monday, May 10, 2021
မတူပီမြို့တွင် ခရီးသွားပြည်သူများအား စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်