မိုးကောင်းမြို့ ပြည်သူများကို ခြိမ်းခြောက်သည့်အနေဖြင့် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်ခတ်မှုနှင့် ဗုံးဖောက်ခွဲမှုများပြုလုပ်

မိုးကောင်းမြို့ ပြည်သူများကို ခြိမ်းခြောက်သည့်အနေဖြင့် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်ခတ်မှုနှင့် ဗုံးဖောက်ခွဲမှုများပြုလုပ်
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်တပ်က ပြည်သူများကို ခြိမ်းခြောက်သည့်အနေဖြင့် မြို့တွင်းသေနတ်ပစ်ခတ်မှုနှင့် မိုင်းဖောက်ခွဲမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောသည်။

 

မေ ၉ ရက် ည ၈ နာရီနှင့် ၉ နာရီကြားတွင် မြို့တော်ခန်းမနှင့် ပြည်ထောင်စုလမ်းမတစ်လျှာက်တွင် သေနတ်ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသူ မိုးကောင်းဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

 

“မြို့တော်ခန်းမနားက စရဖရုံးရှေ့မှာ သုံးချက်လောက်ပစ်သွားတယ်။ ပြီတော့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အပြင်ကလာတဲ့ ဆိုင်ကယ်တစ်စီးကိုလည်း လိုက်ပစ်တယ်။ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဖားကန့်ဘက်ကိုသွားတဲ့ တံတားဘက်လည်း ပစ်ခတ်သံတွ တော်တော်လေးကြားရတယ်။ အဲ့နေရာမှာက မိုင်းခွဲသံပါ ကြားလိုက်ရတယ်။ အဲဒါပြီးတော့ မြို့တွင်း ကျွန်းတောဘက်ကို ပြန်လာပစ်ခဲ့တယ်” ဟု ၎င်းကပြောသည်။

 

ကျွန်းတောရပ်ကွက် ကျောင်းရှေ့တွင်လည်း ဆိုင်ကယ်မောင်းနင်းလာသည့် ပြည်သူတစ်ဦးကို ရိုက်နက်စစ်ဆေးခဲ့ပြီးနောက် မကြာခင် ထိုနေရာအနီးတွင် မိုင်းဖောက်သံကြားခံရသည်ဟု ဆိုသည်။

 

“သူတို့ ဆိုင်ကယ်သမားကို ရိုက်နက်စစ်ဆေးနေတာ မကြာဘူး။ အဲ့နားလေးမှာ မိုင်းထပ်မံဆွဲခံရတယ်။ ပြီးတော့ စစ်သားတွေက ၁၁ နာရီထိ သေနတ်ပစ်ခြောက်နေတယ်” ဟု ၎င်းကပြောသည်။

 

မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်ခတ်ခြိမ်းခြောက်မှု မကြာခဏပြုလုပ်နေသောကြောင့် ပြီးခဲ့သောလတွင်လည်း ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

စစ်တပ်က သေနတ်ပစ်ခြိမ်းခြောက်နေသော်လည်း မိုးကောင်းဒေသခံများသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်မှုများ ပုံမှန်ပြုလုပ်လျက်ရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...